စပါး vs လီဗာပူး?? ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ အတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်များ

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ မှာတော့ မန်ယူနိုက်တက် vs ဘရိုက်တန် ၊ ဆောက်သမ်တန် vs ဘရန်ဖို့ဒ် ၊ ဝက်ဖို့ဒ် vs ခရစ်စတယ်ပဲလေ့စ် ၊ ဝက်ဟမ်း vs နော့ရစ်ချ် နဲ့ အဲဗာတန် vs လက်စတာ စတဲ့ ပွဲတွေကို ကိုဗစ် outbreak ကြောင့် ရွေ့ဆိုင်းထားခဲ့ပြီး ငါးပွဲသာ ကစားသွားရဖို့ ရှိနေပါတယ်။

မိုက်ကယ်အိုဝင်က ဒီတစ်ပတ် စနေ တနင်္ဂနွေမှာ ကစားသွားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ကို ခန့်မှန်းပေးလိုက်ပါတယ်။

၁~အက်စတွန်ဗီလာ vs ဘန်လေ

၆ ပွဲ ကိုင်တွယ်ခဲ့ရမှာ ၄ ပွဲ အနိုင်ရခဲ့ပြီး စတီဗင်ဂျာရတ်ဟာ ဗီလာမှာ အကောင်းဆုံး လုပ်ပြထားခဲ့ပါတယ်။ စတီဗီဟာ ဗီလာမှာ အကောင်းဆုံး လုပ်နိုင်မယ်ဆိုတာ ကျွန်တော် ကြိုသိနေပေမယ့် ဒီလောက်ကောင်းတဲ့ တာထွက်မှုကိုတော့ ကျွန်တော် ထင်မထားခဲ့ပါဘူး။

ဗီလာဟာ ဇယားထိပ်ပိုင်းကို တက်လာခဲ့ကာ ဥရောပဝင်ခွင့်ကိုတောင် စိန်ခေါ်နိုင်မယ့် အခြေအနေ ရှိနေပြီ ဖြစ်ပါတယ်။

ဘန်လေဟာ ပြသနာတွေနဲ့ ဖြစ်ပြီး လုံလောက်တဲ့ ဂိုးတွေ မသွင်းထားနိုင်ခဲ့ပါဘူး။ ဒ့ါကြောင့်လည်း သူတို့ဟာ နိုင်ပွဲတွေ နည်းပါးနေတာပါ။

ဒီရာသီမှာ နိုင်ပွဲတစ်ပွဲသာ ရထားခဲ့ပြီး ရှောင်ဒိုက်ရဲ့ အသင်းဟာ သရေပွဲတစ်ချို့ကို နိုင်ပွဲအဖြစ် ပြောင်းလဲသွားရန် အထူး လိုအပ်နေပါပြီ။ ဒါပေမယ့်လည်း ဒါဟာ ဗီလာအတွက် နောက်ထပ် နိုင်ပွဲတစ်ပွဲလို့ မြင်မိပါတယ်။

ခန့်မှန်းချက် : အက်စတွန်ဗီလာ ၂-၀ ဘန်လေ

၂~လိဒ် vs အာဆင်နယ်

အီတီဟတ်မှာ ဖြစ်ခဲ့တာကို ဘီယယ်ဆာ အနေနဲ့ မယုံနိုင်လောက်အောင် ဖြစ်နေမှာပါ။ ဒါဟာ အာဂျင်တီးနား နည်းပြရဲ့ career မှာ အဆိုးဆုံး ရလဒ်တွေထဲက တစ်ခု ဖြစ်ပြီး ခြေစွမ်း အတော်ဆိုးခဲ့ပါတယ်။

လိဒ်အနေနဲ့ အိမ်ကွင်းမှာ သူတို့ရဲ့ အကောင်းဆုံး ပုံစံကို ပြသဖို့ အသဲအသန် လိုနေပါတယ်။ ဝက်ဟမ်းကို နိုင်ခဲ့တာကြောင့် အာဆင်နယ်ဟာ အဆင့် ၄ နေရာကို တက်လာခဲ့ပါတယ်။ ရာသီအစမှာ တာထွက်ဆိုးခဲ့တာကြောင့် သူတို့ ဒီနေရာကို တက်လာမယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ ဒါဟာ အတော်ကောင်းတဲ့ စွမ်းဆောင်ရည်ပါ။

Elland Road ရဲ့ atmosphere ဟာ ဒီပွဲမှာ တကယ့်ကို ကောင်းနေပါလိမ့်မယ်။ လိဒ်ဟာ ဒီရာသီမှာ တန်းဆင်းဇုန် တိုက်ပွဲ ဆင်နွှဲသွားရမယ့် အသင်း ဖြစ်ပါတယ်။ သူတို့ အနေနဲ့ ဒီရာသီကို ကောင်းစွာ ပြန်လည် စတင်ဖို့ အတွက် big win ကို လိုအပ်နေပါတယ်။ ကျွန်တော်ကတော့ သူတို့ ဒီပွဲမှာ လုပ်နိုင်မယ်လို့ မြင်မိပါတယ်။ လိဒ်တို့ အနိုင်ရသွားမယ်လို့ ကျွန်တော် ရွေးပါတယ်။

ခန့်မှန်းချက် : လိဒ် ၂-၁ အာဆင်နယ်

၃~ဝုဖ် vs ချဲလ်ဆီး

ဝုဖ်ဟာ ဒီရာသီမှာ သူတို့ရဲ့ မာကျောတဲ့ ကစားဟန်ကို ဆက်လက် ပြသနေဆဲ ဖြစ်ပါတယ်။ ခံစစ်ပိုင်းမှာ သူတို့ဟာ တအားကို ကောင်းလှပြီး top 3 ပြင်ပ အကောင်းဆုံး ခံစစ်ပဲ ဖြစ်ပါတယ်။ အကယ်၍ သူတို့ တိုက်စစ်ပိုင်းမှာ အခွင့်အရေးတွေ ပိုမို ဖန်တီးနိုင်ခဲ့မယ်ဆိုရင် ဝုဖ်ဟာ ဒီရာသီ top 6 အတွင်းကို ဝင်ရောက်နိုင်မှာ သေချာပါတယ်။

အဲဗာတန်နဲ့ပွဲမှာ စိတ်ပျက်ဖွယ်ရာ သရေရလဒ်ကို ကြုံခဲ့ရပြီးနောက် ဒါဟာ ချဲလ်ဆီး အတွက် အရေးကြီးပွဲပါ။

နောက်ပိုင်းပွဲတွေမှာ ရမှတ်တွေ ဆုံးရှုံးလာခဲ့ပြီးနောက် ချဲလ်ဆီးတို့ ဖိအားတွေ ဝင်နေပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ ဂိုးတွေကို သိပ်ပြီး မြင်ရမယ်လို့ မထင်မိပါဘူး။

ဒီနှစ်သင်းဟာ လိဂ်ပြိုင်ပွဲရဲ့ ခံစစ် အကောင်းဆုံး အသင်းတွေထဲမှာ ပါဝင်နေပြီး သွင်းဂိုးအနည်းငယ်နဲ့ ပွဲဟာ အဆုံးအဖြတ် ဖြစ်သွားမှာပါ။ ကျွန်တော်ကတော့ ချဲလ်ဆီးတို့ ကပ်ပြီး နိုင်သွားမယ်လို့ ရွေးပါတယ်။

ခန့်မှန်းချက် : ဝုဖ် ဝ-၁ ချဲလ်ဆီး

၄~နယူးကာဆယ် vs မန်စီးတီး

နယူးကာဆယ်ဟာ အန်ဖီးမှာ ဆိုးရွားစွာ ကစားခဲ့တယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် ဒါဟာ သူတို့အတွက် ပုံပြင်ဟောင်းလို ဖြစ်ခဲ့ပါတယ်။ ဂိုးသွင်းတဲ့ အပိုင်းမှာ စိုးရိမ်စရာ မရှိပေမယ့် နယူးကာဆယ်ဟာ ခံစစ်မှာ ပေးဂိုးတွေ များလွန်းနေပါတယ်။

ဇန်နဝါရီမှာ အက်ဒီဟောင်းရဲ့ ဦးစားပေးဟာ ခံစစ်ကစားသမားတွေ အားဖြည့်ဖို့ ဆိုတာ သေချာပါတယ်။ စီးတီးဟာ လိဒ်နဲ့ပွဲမှာ တအားကို ကောင်းလွန်းခဲ့ပါတယ်။ သူတို့ ဒီလိုမျိုး ကစားတဲ့အခါ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းပါပဲ။

ဒီဘရိုင်းနားရဲ့ ပုံစံကောင်းကို ပြန်မြင်ရတာ ကောင်းပါတယ်။ သူဟာ ဒီရာသီမှာ ပုံစံကောင်း မပြသနိုင်ဘဲ ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် ဒီ performance ဟာ သူလိုအပ်တဲ့ အရာ ဖြစ်နိုင်ပါတယ်။

နယူးကာဆယ်ဟာ ဒီပွဲမှာ ဂိုးသွင်းနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် စီးတီးဟာ သူတို့အတွက် တအားကို ကောင်းလွန်းနေမှာပါ။ ကျွန်တော်ကတော့ စီးတီးတို့ပဲ နိုင်သွားမယ်လို့ ခန့်မှန်းပါတယ်။

ခန့်မှန်းချက် : နယူးကာဆယ် ၁-၃ မန်စီးတီး

 

၅~တော့တင်ဟမ် vs လီဗာပူး
စပါးဟာ အခုဆိုရင် ပွဲမကစားတာ ၂ ပတ်နီးပါး ရှိနေပါပြီ။ ဒီ့အတွက် အကောင်း အဆိုးတွေ ရှိမှာပါ။ ကွန်တီအနေနဲ့ လေ့ကျင့်ရေးကွင်းမှာ အချိန်ပိုရလာတာဟာ ကောင်းတဲ့အရာပါ။ စိတ်ပူစရာကတော့ သူတို့ဟာ match sharpness တစ်ချို့ ပျောက်ဆုံးနေမှာ ဖြစ်ပါတယ်။

လီဗာပူးကတော့ နိုင်ပွဲတွေကော ဂိုးတွေကော ဆက်တိုက်ရနေပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာ သူတို့ဟာ ခြေစွမ်း အကောင်းကြီး မဟုတ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ နိုင်ပွဲ ရယူနိုင်ဆဲ ဖြစ်ပါတယ်။

ထရန့်ရဲ့ အဝေးကစ်ကလည်း တကယ့်ကို စူပါပါပဲ။ ဒီလိုမျိုး အရည်အသွေး နဲ့ နည်းစနစ်မျိုး ရှိနေတဲ့ ညာနောက်ခံလူမျိုးဟာ ရှားပါးလှပြီး သူဟာ စပယ်ရှယ် ကစားသမားပါ။ ဒီအချိန်မှာ လီဗာပူးဟာ ပွဲတိုင်းမှာ အနိုင်ရဖို့ အတွက် ရေပန်းစားနေပါတယ်။ သူတို့ဟာ ယုံကြည်မှု အပြည့်နဲ့ ကစားနေပြီး လွန်ခဲ့တဲ့ ၂ နှစ်က အသင်း ပုံစံမျိုးပါ။ စပါးတို့ ဒီပွဲမှာ ဂိုးသွင်းနိုင်မှာ ဖြစ်ပေမယ့် နောက်ဆုံးမှာတော့ လီဗာပူးတို့ပဲ နိုင်သွားမှာပါ။

ခန့်မှန်းချက် : စပါး ၁-၃ လီဗာပူး

SM