စပါး ရဲ့ နိုင်ပွဲအတွက် နည်းပြ ကွန်တီ ကို ချီးကျုးဂုဏ်ပြု လိုက်တဲ့ ဆွန်ဟောင်မင်

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ တောင်ပံ ကစားသမား ဆွန်ဟောင်မင် က သူဟာ နည်းပြသစ် အန်တိုနီယို ကွန်တီ ရဲ့ ကွင်းဘေး စည်းပေါ်က နိုင်လိုစိတ် ပြင်းပြတဲ့ အမူအရာ တွေကို နှစ်သက်ကြောင်း နဲ့ ကွန်တီ ဆီက ခွန်အားတွေ ဟာ ကွင်းထဲက စပါး အသင်းသားတွေ အပေါ် များစွာ အကူအညီ ဖြစ်စေ ခဲ့တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ဟာ မနေ့ ညက ဘရန့်ဖိုဒ့် အသင်းကို အိမ်ကွင်းမှာ ၂ – ၀ နဲ့ အနိုင် ကစားပြီး အဆင့် ၄ နဲ့ ၅ နေရာက ဝက်စ်ဟမ်း ၊ အာဆင်နယ် တို့ကို ဖိအားပေး နိုင်ခဲ့ပါတယ် ။

စပါး ဟာ ပွဲအစ ၁၂ မိနစ် မှာပဲ ဘရန့်ဖိုဒ့် ကစားသမား ဆာဂျီ ကာနော့စ် ရဲ့ Own Goal ကနေ ဦးဆောင်ဂိုးကို ရရှိခဲ့ ပါတယ် ။

အဲ့ဒိနောက် မှာတော့ ဆွန်ဟောင်မင် က စပါး အတွက် အနိုင် သေချာစေမယ့် ဒုတိယဂိုး ကို သွင်းယူပေးကာ ဒီဇင်ဘာကို အဖွင့်လှစေ ခဲ့ပါတယ် ။

ပွဲ အပြီးမှာတော့ ဆွန် က စပါးနည်းပြ ကွန်တီ ရဲ့ လွှမ်းမိုးမှု အကြောင်းကို အခုလို ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

“ပွဲမစခင် စီစဉ်ထားတာက လူတိုင်း ဘောလုံး ရှိရင်ပဲ ဖြစ်ဖြစ် ဘောလုံး မရှိရင်ဘဲ ဖြစ်ဖြစ် ကွင်းထဲမှာ အဖွဲ့လိုက် ရွေ့လျား ကစားကြဖို့ ပါ ။

ဘယ်သူက ဘယ်နေရာကို သွားရမယ် ၊ ဘယ်သူက သူ ( နည်းပြ ) ပြောတဲ့ နေရာမှာ ရှိရမယ် ဆိုတာကို သေချာ မှာကြားခဲ့ တာပါ”

“ဒီ အစီအစဉ်က ကျွန်တော်တို့ ကို တကယ် အထောက်အကူ ဖြစ်စေခဲ့ ပါတယ် ။

ကျွန်တော် ကတော့ သူ့ရဲ့ နိုင်လိုစိတ် ပြင်းပြမှုကို သဘောကျ ပါတယ် ။ ဒီလို စိတ်ဓါတ်မျိုး ကို ကွင်းထဲမှာရော ကွင်းပြင်မှာပါ ကျွန်တော် ရချင် ပါတယ် ။

သူ့ရဲ့ စိတ်ဓါတ် ခွန်အားတွေဟာ ကွင်းဘေးကနေ ကွင်းထဲက ကစားသမားတွေဆီ စီးမြော နေခဲ့တာပါ ။ ဒါက အသင်းအတွက် အများကြီး အကူအညီ ဖြစ်စေခဲ့ ပါတယ်”

“နည်းပြသစ် နဲ့ ကစားတဲ့ ၃ ပွဲ ( ပရီးမီးယားလိဂ် ) မှာ ကျွန်တော်တို့ တိုးတက် လာပါတယ် ၊ ဒါပေမယ့် ဘောလုံး ရာသီက ပြီးဖို့ အဝေးကြီး လိုပါသေးတယ် ။ ဆက်ပြီး ကြိုးစား ရဦး မှာပါ ။

အနာဂါတ် နဲ့ ပတ်သက်လို့တော့ ဘာမှ မပြောချင်သေး ပါဘူး ။

လာမယ့် တနင်္ဂနွေမှာ ကစားမယ့် ပွဲအတွက်ပဲ ပြင်ဆင် သွားချင် ပါတယ်” လို့ ဆွန်ဟောင်မင် က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး တောင်ကိုရီးယားသား က သူ့ရဲ့ စပါး အသင်းဖော်တွေဟာ သူ့ကို ကစားရ လွယ်ကူအောင် ကူညီပေး ခဲ့ကြပြီး သူ့ရဲ့ ဂိုးမှာလည်း အသင်းဖော်တွေရဲ့ အခန်းကဏ္ဍ ကို အသိအမှတ်ပြု ပြောဆို သွားခဲ့ ပါတယ် ။

“တကယ်ကောင်းတဲ့ ကစားပုံ ပါပဲ ။ ကျွန်တော့ဂိုးက လှတယ်ဆိုပေမယ့် တကယ်တော့ အသင်းဖော်တွေ ရဲ့ အားထုတ်မှုက အဓိက ပိုကျခဲ့ တာပါ ။ ကျွန်တော် က ဒီဂိုးမှာ အသက်သာဆုံး အလွယ်ကူဆုံး အလုပ်ကို လုပ်ခဲ့ ရတာပါပဲ” လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

စပါး ဟာ လက်ရှိ အမှတ်ပေး ဇယားရဲ့ အဆင့် ၆ နေရာမှာ ၂၂ မှတ် နဲ့ ရပ်တည် နေပြီး သူ့အထက် မှာတော့ အာဆင်နယ် က ၂၃ မှတ် ၊ ဝက်စ်ဟမ်း က ၂၄ မှတ် နဲ့ ရှိနေကြပါတယ် ။

စပါး ဟာ လာမယ့် တနင်္ဂနွေ မှာတော့ နောဝှစ်ချ် စီးတီး အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး နောက်တပတ် ကြားရက် မှာတော့ ယူရိုပါ ကွန်းဖရန့်လိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် ရင်းနစ် အသင်းနဲ့ ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR