စပါးနဲ့တွေ့ဖို့ ဆင်းသွားတဲ့ လက်စတာ ၊ ဇာဗီ နဲ့ အဆင်မပြေတဲ့ ဘာဆာ ကစားသမား ၊ ဇန်နဝါရီအကြို အပြောင်းအရွှေ့ အသံတွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မနေ့ညက ကစား ခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် အပြီးမှာတော့ လက်စတာ စီးတီး ဟာ ယူရိုပါလိဂ် ကနေ ကွန်းဖရန့် လိဂ် ကို ဆင်းသက် သွားခဲ့ရ ပါတယ် ။

လက်စတာ ဟာ နာပိုလီ ကို ၃-၂ နဲ့ ရှုံးနိမ့် ခဲ့ပြီး စပါးတပ် မော်စကို က လီဂီယာ ဝါဆော ကို ၁-၀ နဲ့ နိုင်သွားခဲ့ တာကြောင့် အုပ်စု တတိယသာ ရပြီး ကွန်းဖရန့်လိဂ် အုပ်စု ဒုတိယ ရ အသင်းတွေထဲက တသင်းနဲ့ ဖေဖော်ဝါရီ လ ထဲမှာ ရှုံးထွက် ပွဲစဉ် ကစားရ တော့မှာ ဖြစ်ပါတယ် ။

အုပ်စု ပွဲစဉ်တွေ အပြီးမှာတော့ လိုင်ယွန် ၊ မိုနာကို ၊ စပါးတပ် မော်စကို ၊ ဖရန့်ဖွတ် ၊ ဂါလာတာစာရေး ၊ ရက်စတား ၊ လေဗာကူဆင် နဲ့ ဝက်စ်ဟမ်း တို့ဟာ အုပ်စု ပထမ တွေ အဖြစ် နဲ့ နောက်တဆင့်ကို တက်ရောက် နိုင်ခဲ့ကြ ပါတယ် ။

ရိန်းဂျားစ် ၊ ရီးရဲ ဆိုဆီဒက် ၊ နာပိုလီ ၊ အိုလံပီယာကော့စ် ၊ လာဇီယို ၊ စပို့တင်း ဘရာဂါ ၊ ရီးရဲ ဘက်တစ် နဲ့ ဒိုင်နမို ဇာဂရက် တို့ကတော့ အုပ်စု ဒုတိယ တွေ အဖြစ် နဲ့ ချန်ပီယံလိဂ် ကနေ အုပ်စုတတိယ ရရှိပြီး ဆင်းသက် လာမယ့် အသင်းတွေနဲ့ ရှုံးထွက် ပွဲစဉ်တွေကို ဖေဖော်ဝါရီ လထဲမှာ ကစား ရမှာပဲ ဖြစ် ပါတယ် ။

ကွန်းဖရန့် လိဂ် မှာတော့ ရိုးမား ဟာ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အနိုင် ရလဒ် ရယူ နိုင်ခဲ့ပြီး အုပ်စု ပထမ အဖြစ် နဲ့ နောက်တဆင့် တက်နိုင်ခဲ့ ပါတယ် ။

စပါး အသင်းရဲ့ ကွန်းဖရန့်လိဂ် ပွဲစဉ် ကတော့ ရွှေ့ဆိုင်း ထားရပြီး အဆိုပါပွဲ ကို အနိုင် ကစားနိုင်မှသာ စပါး တို့ ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်မှာ ဖြစ်ပါတယ် ။

စပါး အသင်းမှာ ကိုဗစ် ကူးစက်ခံရမှု မြင့်မား နေတာကြောင့် ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ကိုလည်း ရွှေ့ဆိုင်း လိုက်ပြီလို့ သိရ ပါတယ် ။

ဘိုင်ယန်မြုးနစ် အသင်းရဲ့ ကွင်းလယ် ကစားသမား ဂျိုရှုအာ ကင်မစ်ချ် ဟာ ကိုဗစ် ကူးစက်မှုကနေ ရရှိလာတဲ့ အဆုတ်ပြဿနာကြောင့် ၂၀၂၂ ဇန်နဝါရီလ လောက်ထိ ဘောလုံး မကစားဘဲ နားနေရဦးမယ်လို့ သတင်း ကြားသိရ ပါတယ် ။

ရီးရဲမက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် ကတော့ တိုနီ ကရူးစ် ဟာ ရီးရဲ အသင်းအတွက် ရာစုနှစ် ရဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်တယ်လို့ ညွှန်းဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ နောက်ခံလူ ဆာဂျီယို ဒက်စ် ဟာ နည်းပြသစ် ဇာဗီ ရဲ့ လက်အောက်မှာ နေရာ မရ ဖြစ်နိုင်တာကို သတိပြုမိ တာကြောင့် ဇန်နဝါရီ မှာ အသင်းပြောင်းရွှေ့ ဖို့ စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ အသင်းကြီး က ချန်ပီယံလိဂ် ကနေ ထွက်ခဲ့ရ ပေမယ့် ဘာဆာ အမျိုးသမီး အသင်းကတော့ မနေ့ညက အာဆင်နယ် အသင်းကို ၄-၀ နဲ့ အနိုင် ကစားပြီး အမျိုးသမီး ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက် သွားနိုင်ခဲ့ ပါတယ် ။

ချဲလ်ဆီး နဲ့ စာချုပ် သစ် မချုပ်ဆို ရသေးတဲ့ နောက်ခံလူ ရူဒီဂါ ဟာ နွေရာသီ မှာ အသင်းပြောင်းရွှေ့ ခဲ့ပါက ကမ္ဘာ့ လုပ်ခ အများဆုံး နောက်ခံလူ တယောက် ဖြစ်လာ နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိလာခဲ့ ပါတယ် ။

လီဗာပူး အသင်းကတော့ ဝက်စ်ဟမ်း ရှေ့တန်းလူ ဘိုဝင် ၊ လိဒ် ယူနိုက်တက် ရဲ့ ရာဖင်ဟာ တို့ကို အနာဂါတ် ပစ်မှတ်တွေ အဖြစ် သတ်မှတ် ထားတယ်လို့ ကြားသိရ ပါတယ် ။

ပရီးမီးယားလိဂ် ကလပ် အသင်းတွေ ဟာ လာမယ့် အသင်းသားတွေရဲ့ ခရစ္စမတ် ပါတီပွဲတွေမှာ မိုဘိုင်းဖုန်းတွေ ယူဆောင် အသုံးပြုခွင့် ( မလိုလားအပ်တဲ့ ပြဿနာတွေ မပေါ်ပေါက် စေဖို့ ) ကို ပိတ်ပင် တားမြစ် သွားမယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR