စတီဗီ G ရဲ့ အန်ဖီး return ကို မလှပစေခဲ့တဲ့ ဆာလား…လီဗာပူး ၁-၀ ဗီလာ ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ စတီဗင်ဂျာရတ် ကိုင်တွယ်တဲ့ အက်စတွန်ဗီလာရဲ့ မာကျောတဲ့ ကစားပုံ အပြင် အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့မှုကြောင့် ပွဲချိန် ၁ နာရီကျော် အထိ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် ဆာလားဟာ တိုင်ရွန်မင့်ရဲ့ အမှားကနေ ပင်နယ်တီ ရယူပေးခဲ့ပြီး ဒီရာသီ လီဗာပူးအတွက် ၂၁ ဂိုးမြောက်ကို သွင်းယူပေးခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ ဗီလာဟာ ချေပဂိုး ပြန်ရဖို့ အတွက် တိုက်ကစားလာခဲ့တာကြောင့် လီဗာပူး တို့ တန်ပြန်တိုက်စစ်တွေကနေ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဒါတွေကို အသုံးမချနိုင်ခဲ့ဘဲ နောက်ဆုံးမှာတော့ ၁-၀ နဲ့ ကပ်ပြီး နိုင်ခဲ့ကာ ထိပ်ဆုံးက မန်စီးတီးနဲ့ တစ်မှတ်အကွာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

၁~ကလပ်စံချိန်ကို လိုက်မှီစေခဲ့တဲ့ ဆာလား

လီဗာပူးဟာ ဒီပွဲမှာ ဂိုးသွင်းနိုင်မယ့်ပုံ မရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဆာလားဟာ တစ်ကိုယ်တော် အစွမ်းနဲ့အတူ တိုင်ရွန်မင့်ရဲ့ အမှားကနေ ပင်နယ်တီ ရယူပေးခဲ့ပြီး နိုင်ပွဲ ရှာပေးခဲ့ပြီး ဒီရာသီ ၂၁ ဂိုးမြောက် သွင်းဂိုးကို ရရှိခဲ့ပါတယ်။ ဆာလားရဲ့ သွင်းဂိုးကြောင့် လီဗာပူးဟာ title race မှာ အရှိန်ကောင်းကောင်းနဲ့ ဆက်ပြေးနေနိုင်ရုံသာမကဘဲ ပြိုင်ပွဲစုံ နောက်ဆုံး ၃၁ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ကလပ်ရဲ့ စံချိန်ကို လိုက်မှီသွားခဲ့ပါတယ်။

 

၂~မအောင်မြင်ခဲ့တဲ့ ချိန်ဘာလိန်ကို စမ်းသပ်မှု

ကြံ့ခိုင်မှု မပြည့်ဝတဲ့ ဂျိုတာ ၊ ဒဏ်ရာရသွားခဲ့တဲ့ အိုရီဂီ နဲ့ ပြန်လာခါစပဲ ရှိသေးတဲ့ ဖာမီနိုတို့ကြောင့် ကလော့ဟာ ဗီလာနဲ့ပွဲမှာ အောက်စလိတ်ချိန်ဘာလိန်ကို false 9 မှာ စမ်းသပ်အသုံးပြုခဲ့ရပါတယ်။

ချိန်ဘာလိန်ဟာ လီဗာပူးကွင်းလယ်ကစားသမားတွေ ဒဏ်ရာပြသနာ ကြုံတွေ့နေရချိန်မှာ ကလော့ပေးခဲ့တဲ့ အခွင့်အရေးကို အသုံးချနိုင်ခဲ့တယ်လို့ ဆိုနိုင်ပြီး ပြီးခဲ့တဲ့ အပတ်တွေမှာ ခြေစွမ်းကောင်းတွေ ပြသထားခဲ့တဲ့ အပြင် မီလန်ကို နိုင်ခဲ့တဲ့ ပွဲစဉ်မှာလည်း ကွင်းလယ်ကနေ အကောင်းဆုံး ပုံစံပြသခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ပွဲအစပိုင်းမှာ ကန်သွင်းခွင့် တစ်ချို့ ရခဲ့ပေမယ့်လည်း ဒီနေရာမှာ ကစားနေရတာ သက်တောင့်သက်သာ ဖြစ်နေဟန် မရှိဘဲ အခြား လီဗာပူး တိုက်စစ်ကစားသမားတွေနဲ့ အတူ ဂိုးပေါက်တွေ့ဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။

ချိန်ဘာလိန်ရဲ့ ပုံစံကောင်းဟာ ကွင်းလယ်မှာ ကစားနိုင်မှသာ မြင်တွေ့ရဖို့ ရှိနေပြီး မာနေး နဲ့ ဆာလား တို့ အာဖရိကဖလား သွားရောက် ကစားချိန်မှာ ဒါဟာ ဖြေရှင်းချက် ဖြစ်လာဖို့ အခြေအနေ မရှိပါဘူး။ အာဆင်နယ် ကစားသမားဟောင်း အတွက် စိတ်ပျက်စရာည ဖြစ်ခဲ့ပြီး မိနစ် ၆၀ မပြည့်မီမှာပဲ ဂျိုတာနဲ့ လူစားလဲခံခဲ့ရပါတယ်

၃~တောက်ပခဲ့တဲ့ ဂျာရတ်ရဲ့ နည်းစနစ်အမြင်များ

စတီဗင်ဂျာရတ် ရောက်ရှိလာခဲ့ပြီးနောက် အက်စတွန်ဗီလာရဲ့ ကစားဟန်ဟာ မာကျောကျစ်လစ်လာခဲ့ပြီး ဒီပွဲမတိုင်မီ ကိုင်တွယ်ခဲ့တဲ့ ၄ပွဲမှာ ၃ ပွဲထိ နိုင်ထားခဲ့ပါတယ်။ ဗီလာကစားသမားတွေဟာ ဂျာရတ်ရဲ့ နည်းဗျူဟာတွေကို လျှင်လျှင်မြန်မြန် သင်ယူနိုင်ခဲ့ပြီး လက်ရှိ ဗီလာနဲ့ ဒင်းစမစ်ရဲ့ နောက်ဆုံးနေ့ရက်တွေက ဗီလာဟာ အတော်ကြီး ကွားခြားနေပါတယ်။

ဂျာရတ်ဟာ သူ့အသင်းကို ပြင်းထန်တဲ့ pressing တွေ ၊ ခံစစ်ကို စုစည်းမှုကောင်းကောင်း ကစားမှုတွေ အပြင် ပြိုင်ဘက်ကွင်းလယ်နဲ့ ယှဉ်ကစားနိုင်အောင် လုပ်ပေးထားခဲ့ပါတယ်။

ဒါ့ကြောင့်လည်း အန်ဖီးမှာ ဖျော်ဖြေမှု အပြည့်ပေးစွမ်းနိုင်ခဲ့တဲ့ တမ်ပိုမြင့်မားတဲ့ ပွဲကောင်းတစ်ပွဲကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒ့ါအပြင် ပွဲအတွင်းမှာ ဂျာရတ်ရဲ့ နည်းဗျူဟာ အပြောင်းအလဲတွေ လူစားလဲထိုးမှုတွေဟာ တကယ့်ကို ကောင်းမွန်ခဲ့ပြီး အိမ်ရှင်အသင်းကို စိတ်ပျက်စရာတွေ ပေးခဲ့ပါတယ်။

ဗီလာဟာ အင်္ဂါနေ့မှာ တန်းဆင်းဇုန်က နော့ရစ်ချ်နဲ့ ကစားသွားရမှာ ဖြစ်ပြီး လက်ရှိ အနေအထားအရ ဗီလာဟာ သိပ်မကြာမီမှာပဲ အဆင့် ၁၀ အတွင်းကို ဝင်ရောက်လာဖို့ ရှိနေပါတယ်။

၄~ခံစစ်အမှားများခဲ့ပေမယ့် ကံကောင်းခဲ့တဲ့ လီဗာပူး

လီဗာပူးဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ clean sheet ၄ ပွဲ ရယူနိုင်ခဲ့ပေမယ့်လည်း ကလော့ဟာ ဒီပွဲမှာ ကိုယ့်ကိုကိုယ် ပြန်လည် ဒုက္ခပေးခဲ့တဲ့ အသင်းရဲ့ ခံစစ်ပိုင်းကို ကျေနပ်နေမှာ မဟုတ်ပါဘူး။ ပွဲအစ ၁၃ မိနစ်မှာ ဗန်ဒိုက် အမှားကျူးလွန်ခဲ့ပြီး အိုလီဝက်ကင်းကို ဆွဲချခဲ့တာကြောင့် အဝါကတ်ထိခဲ့ပါတယ်။

ဒါဟာ ဗန်ဒိုက်နဲ့ မတူလှတဲ့ ခံစစ် ကစားပုံ ဖြစ်ပြီး နယ်သာလန် ခံစစ်မှုးဟာ လက်ရှိအချိန်ထိ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်ရဖို့ ကြိုးစားနေရဟန် ရှိပါတယ်။

ဒ့ါအပြင် ပထမပိုင်းမှာပဲ အလီဆွန်ဟာ သူ့ line ကနေ ဘောလုံးထွက်ဆွဲရင်းနဲ့ ခြေချော်ကာ အက်ရှ်လေယန်းကို foul လုပ်မိလုနီးပါး ဖြစ်ခဲ့ပြီး ယန်းရဲ့ ဖြတ်တင်ဘောကို မာတစ် ရှင်းထုတ်ခဲ့လို့သာ သက်သာရာ ရခဲ့တာပါ။

ဒါအပြင် ဒုတိယပိုင်းမှာလည်း ဘောလုံးကို အပြင်ထွက်ရှင်းရင်းနဲ့ မာတစ်ကို ကန်မိခဲ့ကာ ဝက်ကင်းရသွားခဲ့တဲ့ ဘောလုံးကို ရှင်းထုတ်ဖို့ ကြိုးစားရင်းနဲ့ ပင်နယ်တီ ပေးရလုနီးပါး ဖြစ်ခဲ့ပြီး ကံကောင်းခဲ့ပါတယ်။
၅~တောက်ပခဲ့ပြန်တဲ့ ကွင်းလယ် ၃ ဦး

လီဗာပူးဟာ ဒီပွဲမှာ ခံစစ်ကစားပုံ ပေါ့လျော့မှု ရှိခဲ့တဲ့ အပြင် တိုက်စစ်ပိုင်းကလည်း အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း လီဗာပူး ကွင်းလယ် ကစားသမား ၃ ဦးကတော့ အကောင်းဆုံး ကစားပြသွားခဲ့ပြီး တီယာဂို ဟန်ဒါဆန်နဲ့ ဖာဘင်ညို တို့ဟာ လက်ရှိမှာ ကလော့ရဲ့ နံပါတ် ၁ ဦးစားပေး ကွင်းလယ် ဖြစ်နေပါတယ်။ ဒီ ၃ ဦးဟာ intensity ကြံ့ခိုင်မှု နဲ့ နည်းစနစ် ကျွမ်းကျင်မှုတွေ အချိုးညီညီ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

ဖာဘင်ညိုဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ်မှုးတွေထဲက တစ်ဦး ဖြစ်ပြီး back four ရှေ့မှာ အကောင်းဆုံး ကာကစားပေးနိုင်ကာ ဟန်ဒါဆန်ကတော့ လီဗာပူးရဲ့ pressing မှာ အဓိကကျသူ ဖြစ်ပါတယ်။ တီယာဂို ကလည်း လီဗာပူး ကွင်းလယ်မှာ တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာခဲ့ပြီး လက်ရှိမှာ လီဗာပူး ကွင်းလယ်ဟာ တစ်ကယ့်ကို အပြစ်ပြောစရာ မရှိလောက်အောင် ပါပဲ။

SM