ဂျာရတ်ရဲ့ အန်ဖီး return နဲ့အတူ..ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ အတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်များ

မန်စီးတီး vs ဝုဖ်

မန်စီးတီးဟာ ဝက်ဖို့ဒ်နဲ့ပွဲမှာ တကယ့်ကို ကောင်းခဲ့ပြီး လုံးဝကို အပြတ်အသတ် လွှမ်းမိုးခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းကို ပြသနေခဲ့ပြီး လိဂ်ပြိုင်ပွဲမှာ သူ့ထက် ကောင်းမွန်တဲ့ ကစားသမား သိပ်ပြီး များများစားစား မရှိပါဘူး။
ဝုဖ်ဟာ နောက်ဆုံးမိနစ်မှာ လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ စိတ်ပျက်နေမှာ ဖြစ်ပေမယ့်လည်း အဲဒီပွဲမှာ ဝုဖ်ဟာ တစ်စုံတစ်ရာ ရယူနိုင်ရန် ထိုက်တန်တဲ့ ခြေစွမ်း မရှိခဲ့ပါဘူး။

ဝုဖ်ဟာ တိုက်စစ်ပိုင်း အားနည်းတဲ့ အသင်းဖြစ်ပြီး လုံလောက်တဲ့ သွင်းဂိုးတွေ မရယူနိုင်ခဲ့ပါဘူး။ အခုဆိုရင် သူတို့ဟာ နောက်ဆုံး ၅ ပွဲမှာ သွင်းဂိုး တစ်ဂိုးသာ ရထားတဲ့ အထိ တိုက်စစ်ပိုင်း အားနည်းနေပါတယ်။

ဝုဖ်ရဲ့ ခံစစ်ကစားပုံဟာ မာကျောမှု ရှိပြီး ဒီပွဲမှာ စီးတီး တိုက်စစ်ကို အချိန်တစ်ခုထိ တောင်ခံထားနိုင်မှာပါ။ ဒါပေမယ့် စီးတီးဟာ ဝုဖ်အတွက် အရမ်းကို အားကောင်းလွန်းနေပါတယ်။

ခန့်မှန်းချက် : ၂-၀

အာဆင်နယ် vs ဆောက်သမ်တန်

တနင်္လာနေ့က ဂွတ်ဒီဆင်ပက်မှာ အာဆင်နယ်ဟာ စိတ်ပျက်စရာ ရလဒ်နဲ့ ကြုံခဲ့ရပါတယ်။ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့်လည်း ဂန်းနားတို့ဟာ ဒီပွဲမှာ တစ်မှတ်ရဖို့တောင် မထိုက်တန်ပါဘူး။ ဒါ့အပြင် top 4 နဲ့ ကွာဟမှု လျှော့ချမယ့် အခွင့်အရေးလည်း လွဲချော်ခဲ့ပါတယ်။

ဟတ်ဆန်ဟူတယ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဘရိုက်တန်ကို ၉၈ မိနစ်ကျမှ ချေပဂိုး ပေးခဲ့ရတဲ့အပေါ် ဒေါသထွက်နေမှာပါ။ ဒါဟာ ၂ ပွဲဆက် အိမ်ကွင်းသရေပွဲ ဖြစ်ပြီး နှစ်ပွဲစလုံး သူတို့ပဲ ဦးဆောင်ဂိုး ရခဲ့တာကြောင့် ဒါဟာ စိတ်ပျက်စရာပါ။

အဝေးကွင်း ပွဲစဉ် ၂ ပွဲမှာ စိတ်ပျက်စရာ ရလဒ်တွေ ကြုံတွေ့ခဲ့ရပြီးနောက် အာဆင်နယ်ဟာ အိမ်ကွင်းမှာ ပြန်ကစားရမယ့် အပေါ် ဝမ်းမြောက်နေမှာပါ။

လက်ရှိမှာ အာဆင်နယ်ဟာ ကစားပုံ ကောင်းမွန်ခြင်း မရှိတာကြောင့် ဒီပွဲမှာ ဂိုးပြတ်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် သူတို့ ကပ်ပြီး နိုင်သွားမှာပါ။

ခန့်မှန်းချက် : အာဆင်နယ် ၂-၁ ဆောက်သမ်တန်

ချဲလ်ဆီး vs လိဒ်

ချဲလ်ဆီးတို့ ဝက်ဟမ်းကို ရှုံးလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။ နှစ်ကြိမ် ဦးဆောင်နိုင်ခဲ့ပြီး တစ်ဦးချင်း အမှားတွေနဲ့ အတူ လက်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာဟာ ချဲလ်ဆီး မဟုတ်တဲ့အတိုင်းပါပဲ။ လိဒ်ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ နောက်ကျချေပဂိုး ရခဲ့ပါတယ်။

ဒါပေမယ့် သူတို့ သရေရလဒ်နဲ့ ထိုက်တန်တယ်လို့ ကျွန်တော် မထင်ပါဘူး။ သူတို့ဟာ ရှေ့မှာ ပွဲကျပ်တွေ ဆက်တိုက် ကစားသွားရဖို့ ရှိနေတာကြောင့် ဒီရမှတ်ဟာ အဖိုးတန်ပါတယ်။

ကျွန်တော်ကတော့ ချဲလ်ဆီးရဲ့ တုန့်ပြန်မှုကို ဒီပွဲမှာ မြင်ရမယ်လို့ ထင်ပါတယ်။ ဒီပွဲဟာ ကြည့်ကောင်းမယ့် ပွဲစဉ်ဖြစ်ပြီး ချဲလ်ဆီးတို့ နိုင်သွားပါလိမ့်မယ်။

ခန့်မှန်းချက် : ချဲလ်ဆီး ၂-၀ လိဒ်

လီဗာပူး vs အက်စတွန်ဗီလာ
ဝုဖ်နဲ့ပွဲစဉ်မှာ အိုရီဂီဟာ နောက်ကျအနိုင်ဂိုးနဲ့ အတူ ကြီးကြယ်တဲ့ အခိုက်အတန့် ပိုင်ဆိုင်ခဲ့ပြီး ချီးကျူးမှုတွေနဲ့ ထိုက်တန်ပါတယ်။ ဒီအချိန် လီဗာပူးမှာ တကယ့်ကို ကောင်းမွန်တဲ့ atmosphere ရှိနေဟန်ပါပဲ။

ဗီလာနဲ့ပက်သက်ပြီး စပြောရမယ့် အရာကတော့ ဒါဟာ စတီဗင်ဂျာရတ်ရဲ့ အန်ဖီး return ပါပဲ။ စတီဗီဟာ ဗီလာနည်းပြဘဝကို ရလဒ်ကောင်းတွေနဲ့ စတင်ထားနိုင်ခဲ့ပြီး ဒီပွဲစဉ်မှာ ရလဒ်ကောင်း အတွက် အားခဲနေမှာပါ။

သူဟာ အန်ဖီးရဲ့ အရမ်းကောင်းတဲ့ ကြိုဆိုမှုကို ရမှာ သေချာပေမယ့် ပွဲအပြီးမှာတော့ ပျော်ရွှင်ရလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ လီဗာပူးဟာ ဒီအချိန်မှာ အရှိန်အဟုန်ကောင်းနေပြီး သူတို့ရဲ့ အကောင်းဆုံး ပုံစံကို ရနေသလိုပါပဲ။ ကျွန်တော်ကတော့ အိမ်ရှင်ပဲ နိုင်မယ်လို့ ခန့်မှန်းပါတယ်။

ခန့်မှန်းချက် : လီဗာပူး ၃-၁ အက်စတွန်ဗီလာ

နော့ရစ်ချ် vs မန်ယူနိုက်တက်

နော့ရစ်ချ်ဟာ စပါးနဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အများအပြားရခဲ့ပေမယ့်လည်း ပြိုင်ဘက်ကို ဂိုးသွင်းနိုင်မယ့်ပုံ မရှိခဲ့တာကတော့ ထူးခြားပါတယ်။ သူတို့ဟာ ဒင်းစမစ်ရဲ့ လက်အောက်မှာ တိုးတက်လာခဲ့ပေမယ့်လည်း လိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးအနည်းဆုံး အသင်း ဖြစ်ပါတယ်။

ရပ်ဖ်ရန်းနစ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က သူ့ရဲ့ ယာယီနည်းပြဘ၀ အစကို ကောင်းစွာ တာထွက်နိုင်ခဲ့ပေမယ့်လည်း ခြေစွမ်းက တအားကောင်းခဲ့တာ မဟုတ်ပါဘူး။ ယူနိုက်တက်ဟာ ပိုမို စုစည်းမှုကောင်းလာတာကိုတော့ မြင်တွေ့ရပြီး ဒီပွဲမှာလည်း တိုးတက်မှုတွေ မြင်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ယူနိုက်တက်တို့ သက်တောင့်သက်သာ နိုင်သွားမှာပါ။

ခန့်မှန်းချက် : နော့ရစ်ချ် ဝ-၂ မန်ယူနိုက်တက်

အခြားပွဲစဉ်တွေအတွက် ခန့်မှန်းချက်
ဘန်လေ ၁-၂ ဝက်ဟမ်း
လက်စတာ ၁-၁ နယူးကာဆယ်
ခရစ်စတယ်ပဲလေ့စ် ၁-၁ အဲဗာတန်

SM