ဂျာရတ်ရဲ့ ဗီလာကို နိုင်ခဲ့ပေမယ့် အပြည့်အ၀ မပျော်ရွှင်နိုင်တဲ့ အကြောင်းရင်းနဲ့ clean sheet တွေ ရနေတဲ့အပေါ် ရှင်းပြလိုက်တဲ့ ယာဂန်ကလော့ 

ယာဂန်ကလော့က လီဗာပူး အနေနဲ့ မနေ့ညက အက်စတွန်ဗီလာ အသင်းကို အန်ဖီးမှာ ထိုက်တန်စွာ အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးဟာ မိုဟာမက်ဆာလားရဲ့ ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ အတူ အန်ဖီးကို ပြိုင်ဘက် မန်နေဂျာ အဖြစ် ပထမဦးဆုံး ရောက်ရှိလာခဲ့တဲ့ စတီဗင်ဂျာရတ်ရဲ့ မာကျောတဲ့ အက်စတွန်ဗီလာကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အဆိုပါ ပွဲစဉ် အပြီးမှာ ကလော့က သူ့အနေနဲ့ အသင်းရဲ့ ပွဲချိန် ၇၅ မိနစ်ထိ စွမ်းဆောင်ရည် အပေါ် အပြည့်အ၀ ကျေနပ်မိတယ်လို့ ဆိုလိုက်ပြီး လီဗာပူးတို့ နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲထိ ရယူနိုင်ခဲ့တဲ့ အကြောင်းရင်းကိုလည်း ရှင်းပြသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ ပြိုင်ပွဲစုံမှာ ၇ ပွဲဆက်တိုက် အနိုင်ရထားခဲ့ပြီး ထိပ်ဆုံးနေရာက မန်စီးတီးကို တစ်မှတ်အကွာနဲ့ ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။

ကလော့က “ကျွန်တော်တို့ဟာ ပွဲချိန် ၇၅ မိနစ်ထိ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ နောက်ဆုံး ၁၅ မိနစ်မှာ ပြိုင်ဘက်ကို တံခါးဖွင့်ပေးခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ကျွန်တော်တို့ တိုက်စစ်ပိုင်း အပြောင်းအလဲတွေနဲ့ အတူ ရစ်သမ် အနည်းငယ် ပျက်သွားခဲ့ပါတယ်။ ရုတ်တရက် ဆိုသလိုပဲ ဗီလာဟာ အခွင့်အရေးကောင်း တစ်ချို့ ရသွားခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၇၅ မိနစ်ထိ ကျွန်တော်တို့ဟာ အများကြီး ပိုကောင်းတဲ့ အသင်းဆိုတာ ရှင်းပါတယ်။ 

ဗီလာနဲ့ ပက်သက်ပြီး ဒီအချိန်မှာ ဘာပြောရမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့အကြောင်းဟာ ကျွန်တော့် ခေါင်းထဲမှာ သိပ်မရှိလို့ပါ။ ဒီနေ့ ကျွန်တော့်ရဲ့ အလုပ်က ဗီလာကို ကျွန်တော်တို့ ပြသနာတွေ အများအပြား ပေးနိုင်အောင် လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ၇၅ မိနစ်ထိ ဒါကို လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး ပေးပို့မှုတွေ ၊ ပင်နယ်တီ ဧရိယာက ဆုံးဖြတ်ချက်တွေမှာ ဒီထက် ပိုကောင်းခဲ့သင့်ပါတယ်။ တစ်ချို့ အခြေအနေ ၁ ခု ၂ ခုလောက်မှာ ပင်နယ်တီ ဧရိယာထဲ လူ ၁ ယောက် ၂ ယောက် ပိုရှိခဲ့မယ်ဆိုရင် အကူအညီ ဖြစ်မှာပါ။” လို့ ပြောလိုက်ပါတယ်။

ရာသီအစပိုင်းမှာ ပေးဂိုးတွေ များခဲ့ပေမယ့်လည်း နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ clean sheet ၄ ပွဲထိ ရယူထားနိုင်ခဲ့တဲ့ အပေါ် ကလော့က “ဒါနဲ့ပက်သက်ပြီး အလုပ်လုပ်သွားရတာဟာ ကျွန်တော်တို့ အတွက် ခက်ခဲပါတယ်။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ၃ ရက်တစ်ပွဲနှုန်း ကစားနေရလို့ပါ။ အမှန်ပါပဲ။ တစ်ချို့ အခိုက်အတန့်တွေမှာ ကျွန်တော်တို့ အနေနဲ့ အသင်းလိုက် ခံစစ်ကစားပုံ ဒီထက် ပိုကောင်းခဲ့သင့်ပါတယ်။ ခံစစ်ကို အသင်းလိုက် ကစားတာ ကျွန်တော်တို့ရဲ့ အိုင်ဒီယာပါပဲ။

ဒီလူစာရင်းနဲ့ ခံစစ်ပိုင်းကို အမြင့်ဆုံး အဆင့်နဲ့ ကစားနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဟာ တိုက်စစ်မှာ ဂိုးတစ်ဂိုး ရဖို့အတွက် အမြဲတမ်း အခွင့်အရေး ရှိပါတယ်။ အကယ်၍ ကျွန်တော်တို့ဒီလို မလုပ်ခဲ့ဘူးဆိုရင် ပွဲတိုင်းကို ၂ ဂိုး ၃ ဂိုး ၄ ဂိုးလောက် သွင်းနေဖို့ လိုအပ်မှာပါ။

ဒါဟာ လုံး၀ အဓိပ္ပာယ် မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီလို ဂိုးတွေ သွင်းနိုင်ဖို့ဟာ အမြဲ မဖြစ်နိုင်လို့ပါ။ ကျွန်တော်တို့ အသင်းလိုက် ခံစစ် ကစားပုံအတွက် အလုပ်လုပ်ခဲ့ပါတယ်။ အရေးကြီးတာက ဟန်ချက်ညီနေဖို့ပါ။ တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းမှာ တအားကို ဟာကွက်တွေ ဖြစ်မနေဖို့ အရေးကြီးပါတယ်။

စဉ်းစားသွားရမယ့် အရာတွေ အများကြီး ရှိနေပေမယ့် အရေးကြီးဆုံး အရာကတော့ ကိုယ့်ရဲ့အသင်းဟာ ကောင်းစွာ ကာကွယ်ထားပြီး ဖြစ်နေဖို့ပါ။ ဒါမှသာ တိုက်စစ်ပိုင်းမှာ လွတ်လပ်စွာ ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒီလို clean sheets တွေ ရယူနိုင်ခဲ့တဲ့ အပေါ် ကျွန်တော် တကယ် ပျော်ရွှင်ပါတယ်။

ဒါပေမယ့် နောက်ဆုံး ၁၅ မိနစ်ကိုတော့ ကျွန်တော် မပျော်နိုင်ပါဘူး။ ပြိုင်ဘက်ကို ကောင်းကောင်း တံခါးဖွင့်ပေးခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမယ့် ၇၅ မိနစ် ကစားပုံက တကယ့်ကို ကောင်းလှပါတယ်။ ဒီအတွက် တကယ် ပျော်ရွှင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM