“ဂိုး ၃၀ လောက် ဆုံးရှုံးသွားပါတယ်” – ရိုနယ်ဒို ရဲ့ ကွက်လပ် ဘယ်လောက်ကြီးမားကြောင်း ဖွင့်ပြောလာတဲ့ နက်ဗက်

ဂျူဗင်တပ် အသင်းမှာ ဒုဥက္ကဌ အဖြစ် လုပ်ကိုင် နေတဲ့ ကွင်းလယ်လူဟောင်း ပေဗယ် နက်ဗက် က ခရစ္စတီယာနို ရိုနယ်ဒို ကို ရောင်းထုတ် လိုက်တာဟာ အသင်းရဲ့ တိုက်စစ်မှာ ကြီးမားတဲ့ လစ်ဟာမှု ဖြစ်သွား စေခဲ့တယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ မှာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ထံ ပေါင် ၁၂.၈၅ သန်း နဲ့ ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်ပြီး ယူနိုက်တက် အတွက် ဂိုးတွေ သွင်းယူ ပေးနေခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ယူဗင်တပ် မှာ ကစားခဲ့တဲ့ ၃ ရာသီ အတွင်း ဂိုး ၁၀၀ ကျော် သွင်းယူ ပေးခဲ့သလို မနှစ်က စီးရီးအေ မှာလည်း ဂိုးသွင်း ဘုရင် ဆုကို ရရှိခဲ့ ပါတယ် ။

ဒါပေမယ့် ယူဗင်တပ် ကတော့ ၁၀ နှစ်ကြာ စိုးမိုး ထားတဲ့ အမှတ်ပေး ချန်ပီယံ ဆုကို လက်လွှတ် ခဲ့ရပြီး အင်တာမီလန် က ဗိုလ်စွဲ သွားခဲ့ ပါတယ် ။

ယူဗင်တပ် ဟာ ဒီရာသီမှာ ရိုနယ်ဒို မရှိတဲ့ အကျိုးဆက်ကြောင့် သွင်းဂိုး ရရှိမှု နည်းပါး ခဲ့ပြီး ချန်ပီယံလိဂ် မှာ အုပ်စု ပထမ ရရှိခဲ့လင့်ကစား ပြည်တွင်း စီးရီးအေ မှာတော့ အဆင့် ၆ အထိ ရောက်ရှိတဲ့ အထိ ယိမ်းယိုင် နေခဲ့ ပါတယ် ။

ဒါ့အပြင် ယူဗင်တပ် ဟာ ဒီရာသီ စီးရီးအေ ထိပ်ဆုံး ၁၁ သင်း ထဲမှာ သွင်းဂိုး အရ အနည်းဆုံး အသင်း အဖြစ်လည်း တည်ရှိ နေခဲ့ ပါတယ် ။

ယူဗင်တပ် ဟာ ရိုနယ်ဒို ထွက်ခွာမှု ကို ဖာထေးဖို့ အတွက် အဲဗာတန် ကနေ တိုက်စစ်မှူးဟောင်း မွိုက်စ်ကင်း ကို အပြီးသတ် ဝယ်ယူခဲ့ ပါတယ် ။

လက်ရှိ အသင်းရဲ့ တိုက်စစ်ကိုတော့ ပေါ်လို ဒိုင်ဘားလား နဲ့ အယ်ဗာရို မိုရာတာ တို့က ဦးဆောင် ကစားနေပြီး နက်ဗက် ကတော့ ရိုနယ်ဒို ရဲ့ သွင်းဂိုးတွေ ကို လက်ရှိ အသင်းသားတွေက ဖြည့်ဆည်း ပေးနိုင်စွမ်း မရှိ သေးဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“အချက်အလက်ပိုင်း အရ ပြောရရင်တော့ ကျွန်တော်တို့တွေ ( မျှော်မှန်းထားတာထက် ) နောက်ရောက် နေပါတယ် ။ ဒါပေမယ့် ချီယေဆာ ၊ ဘာနာဒက်စ်ချီ တို့လို တိုက်စစ် သမားတွေ ဆီက တရာသီ ၁၅ ဂိုး ၊ ၁၀ ဂိုးလောက် ရမယ် ဆိုရင်တော့ ဒါတွေက အဆင်ပြေ သွားမှာပါ ။

တရာသီ ဂိုး ၃၀ လောက် သွင်းပေးမယ့်သူ ( ရိုနယ်ဒို ) ကို ကျွန်တော်တို့ ဆုံးရှုံး ခဲ့ ပါတယ် ။

ဒါကို အသင်းက ကစားသမားတွေ ဝိုင်းပြီး ဖြည့်ဆည်း နိုင်ဖို့ ကြိုးစား ရမှာပါ”

“မကြာခင် မှာပဲ ထိပ်ပိုင်းက အသင်းတွေ နဲ့ ပြန်ပြီး ယှဉ်ပြိုင် နိုင်မယ်လို့ ယုံကြည် ပါတယ်” လို့ နက်ဗက် က ပြောဆို သွားခဲ့ ပါတယ် ။

ယူဗင်တပ် ဟာ မျိုးဆက်သစ် တခုဆီ ကူးပြောင်းနေတဲ့ အချိန်ကာလ ဖြစ်ပြီး အသင်းမှာ ဝက်စတန် မက်ကိန်း ၊ ချီယေဆာ ၊ ဘန်တန်ကာ ၊ ဒီလစ် တို့လို ငယ်ရွယ်တဲ့ ကြယ်ပွင့် ကစားသမားလေးတွေကို နေရာပေး သင်ယူ နေစေတာကြောင့် ရလဒ်တွေ မတည်ငြိမ်မှုတွေ ရှိလာခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ၃ ရာသီ အတွင်း ၁၃၄ ပွဲ မှာ ၁၀၁ ဂိုး သွင်းယူ နိုင်ခဲ့ပေမယ့် ဒီနှစ် နွေရာသီမှာတော့ နည်းပြ အယ်လီဂရီ ရဲ့ ဒိုင်ဘားလား ကို ပိုမို ဦးစားပေးပြီး ရိုနယ်ဒို ရဲ့ အခန်းကဏ္ဍ ကို ( ဂိုးသွင်းဖို့ ထက် ) ပြောင်းလဲ မယ်လို့ ထုတ်ဖော် ပြောဆို ခဲ့မှုဟာ ပေါ်တူဂီသားကြီး ကို အသင်းပြောင်းဖို့ ဖြစ်လာစေတဲ့ အဓိက အရာ ဖြစ်စေခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် မှာ ပွဲတိုင်းနီးပါး ပါဝင် ကစားခွင့် ရရှိ နေပြီး အဓိက ဂိုးသွင်းရှင် အဖြစ် ရပ်တည်နေ ပါတယ် ။

 

SPORTS MYANMAR