ဂိုးမက်ဇ်ကို အငှားချသွားဖို့ ရှိနေတယ်ဆိုတဲ့ သတင်းနဲ့ ဖာမီနို ကာတစ်ဂျုံး တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို ပြောပြလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က နောက်ခံလူ ဂျိုးဂိုးမက်ဇ်ဟာ ဒီရာသီရဲ့ လာမည့်လပိုင်းတွေမှာ လီဗာပူး အတွက် အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါ၀င်လိမ့်မယ်လို့ ဆိုလိုက်ပြီး ၎င်းကို အငှားချသွားဖို့ ရှိနေတယ် ဆိုတဲ့ သတင်းတွေကို ငြင်းပယ်လိုက်ပါတယ်။ ဂိုးမက်ဇ်ဟာ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် နို၀င်ဘာ တစ်လလုံး နားခဲ့ရသူ ဖြစ်ပြီး မကြာသေးမီကမှ ဒဏ်ရာကနေ ပြန်လာခဲ့သူ ဖြစ်ကာ အေစီမီလန်နဲ့ ပွဲရဲ့ ဒုတိယပိုင်းမှာ လူစား၀င် ကစားခွင့် ရရှိခဲ့ပါတယ်။

ဂိုးမက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ၉ လလောက် အနားယူခဲ့ရသူ ဖြစ်ပြီး လက်ရှိအချိန်မှာ အင်္ဂလန် နောက်ခံလူဟာ ကလော့ရဲ့ လူရွေးချယ်မှုမှာ မာတစ် ကိုနာတေး တို့ရဲ့ နောက်မှာ ရှိနေပါတယ်။ ဒါ့ကြောင့်လည်း ဂိုးမက်ဇ် အနေနဲ့ ပုံမှန် ကစားခွင့် ရဖို့ အတွက် ဇန်နဝါရီမှာ အသင်း တစ်သင်းကို အငှား ထွက်ခွာဖို့ ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ကလော့ကတော့ ဂိုးမက်ဇ်ဟာ လက်ကျန်ရာသီမှာ လီဗာပူး အတွက် ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါ၀င်ပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ကလော့က “ဒဏ်ရာ ပြသနာတွေကြောင့် ဒါဟာ ဂျိုးအတွက် အကောင်းဆုံး နှစ်တစ်ခု မဟုတ်ခဲ့ပါဘူး။ ဒဏ်ရာကနေ ပြန်လာခဲ့ပြီးနောက် သူဟာ နောက်ထပ် ဒဏ်ရာ ထပ်ရသွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး ဖြစ်တက်လို့ပါ။ ပြီးခဲ့တဲ့ရာသီက ရခဲ့တဲ့ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ကျွန်တော်တို့ သူ့ကို အမြန် ပြန်ကစားနိုင်ဖို့ အတွက် မလောခဲ့ပါဘူး။ ဒါပေမယ့် လေ့ကျင့်မှုတွေ လုပ်ပြီး ပြန်ကစားချိန်မှာ ဒါမျိုးတွေ ဖြစ်တက်ပါတယ်။

အဲဒီနောက် ကျွန်တော်တို့ဟာ ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ ဗဟိုနောက်ခံလူ ၄ ဦး ရှိနေပါတယ်။ ဒါ့ကြောင့် သူ့ကို ပွဲကစားချိန် ပေးဖို့အတွက် မလွယ်ကူဘူး ဖြစ်နေတာပါ။ ပွဲကစားခွင့် ပေးခဲ့တဲ့ အချိန်မှာ ခန္တာကိုယ်က အဆင်သင့် ဖြစ်မနေတဲ့အခါမှာ ဒီလိုမျိုး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ စိတ်ရှည်ပါတယ်။ အခုဆိုရင် ဂျိုးဘက်ကလည်း စိတ်ရှည်နေပါတယ်။ ကျွန်တော့် အနေနဲ့ လာမည့် ဇန်နဝါရီမှာ ဘယ်သူ့ကိုမှ အငှားချသွားဖို့ အစီအစဉ် မရှိပါဘူး။ ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်က driving force မဟုတ်ဘူးဆိုတာ ပြောချင်ပါတယ်။ ဒီကစားသမား ကတော့ အငှားထွက်လို့ ရနိုင်လားဆိုပြီး ဘယ်သူ့မှ ကျွန်တော့်ကို လာမမေးပါဘူး။

ဂျိုးဟာ အခုဆိုရင် ကောင်းကောင်း ပြင်ဆင်နိုင်တဲ့ ရက်သတ္တပတ် ရခဲ့ပါတယ်။ ဒ့ါကြောင့် သူ အသင်းရဲ့ လူစာရင်းမှာ ပါ၀င်လာမှာပါ။ ဒါပေမယ့် သူ့အနေနဲ့ အချိန် လိုအပ်နေပါသေးတယ်။ အရင်တုန်းက သူ ပြသခဲ့တဲ့ level ကို ပြန်ရဖို့ အတွက် လေ့ကျင့်ဖို့ အချိန် လိုနေပါသေးတယ်။” လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ကလော့ဟာ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ် မတိုင်မီ ဖာမီနို နဲ့ ကာတစ်ဂျုံး တို့ရဲ့ နောက်ဆုံးရ ကြံ့ခိုင်မှု အခြေအနေကို ပြောပြသွားခဲ့ပါတယ်။ ဒူးကောက်ကြော ဒဏ်ရာ ရရှိခဲ့တဲ့ ဖာမီနိုဟာ လီဗာပူးရဲ့ AXA Training Centre မှာ လေ့ကျင့်ခန်း အပြည့်အ၀ ပြန်ဆင်းနေပြီ ဖြစ်ပြီး အောက်တိုဘာလ ကတည်းက မျက်လုံးဒဏ်ရာပြသနာကြောင့် နားနေခဲ့ရတဲ့ ကာတစ်ဂျုံး ကလည်း အင်္ဂါနေ့က အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပါတယ်။

ကလော့က “ဘော်ဘီ (ဖာမီနို) ဟာ လေ့ကျင့်ခန်း အပြည့်အ၀ ပြန်ဆင်းနေပါပြီ။ ကာတစ်ကလည်း မနေ့တုန်းက လေ့ကျင့်ရေးအစီအစဉ်ရဲ့ အပိုင်းတော်တော်များများမှာ ပါ၀င်ခဲ့ပါတယ်။ ဒါ့ကြောင့် ကာလရှည်ဆိုလို့ ဟာဗေးပဲ ရှိပါတော့တယ်။ ဒီဗော့အိုရီဂီ ကတော့ ပြသနာ အနည်းငယ် ရှိနေခဲ့ပါတယ်။ ပြီးတော့ အက်ဒရီယန်ပေါ့။ ကျန်တဲ့ သူတွေ အားလုံးကတော့ အိုကေပါတယ်။”

ဂျိုရယ်မာတစ်ဟာ လာမည့် အာဖရိကဖလား ပြိုင်ပွဲမှာ ကင်မရွမ်း အတွက် ပြန်လည် ကိုယ်စားပြုသွားဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း တစ်နေ့က ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကလော့က သူဟာ မာတစ်နဲ့ စကားပြောဆိုခဲ့ပြီး ဖြစ်တယ်လို့ ဆိုလိုက်ပြီး ၎င်းဟာ ကင်မရွမ်း အတွက် ပြန်လည် ကစားပေးရန် လုံး၀ စဉ်းစားနေခြင်း မရှိဘူးလို့ ပြောလိုက်ပါတယ်။

SM