ဂိုးပြတ် နိုင်ပွဲအတွက် ဂွာဒီယိုလာ ချီးကျူးခဲ့သူတွေက ဘယ်သူတွေလဲ ?

မန်ချက်စတာ စီးတီး အသင်းရဲ့ နည်းပြကြီး ပက် ဂွာဒီယိုလာ ဟာ မနေ့ညက လိဒ် အသင်းကို ဂိုးပြတ် အနိုင် ရရှိမှု မှာ ကွင်းထဲက စီးတီး ကစားသမားတွေ အပြင် ပွဲကြည့်စင် ပေါ်က ပရိသတ်တွေ ရဲ့ အားပေးမှုတွေ ကိုပါ ချီးကျူး ပြောဆို သွားခဲ့ ပါတယ် ။

စီးတီး ဟာ အစ်တီဟတ် မှာ လိဒ် ကို လက်ခံ ကစား ခဲ့ပြီး ၇ – ၀ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ကစား ခဲ့ ပါတယ် ။

စီးတီး အတွက် ဖီးလ် ဖိုဒန် က ပွဲအစ ၈ မိနစ် မှာတင် ဂိုးစ သွင်းခဲ့ပြီး ဂရီလစ်ရှ် ၊ မာရက်ဇ် ၊ စတုန်း နဲ့ အကီ တို့က ၁ ဂိုးစီ သွင်းခဲ့ကာ ကယ်ဗင် ဒီဘရိုင်းနား ကတော့ အကောင်းဆုံး ကစားပြီး ၂ ဂိုး သွင်းပေးခဲ့ ပါတယ် ။

ဒီနိုင်ပွဲ ဟာ မန်စီးတီး ကို ၂ နှစ် အတွင်း အကြီးမားဆုံး နိုင်ပွဲ ဖြစ်စေခဲ့ပြီး လိဒ် အတွက်တော့ သမိုင်း တလျောက် အဆိုးရွားဆုံး ရှုံးနိမ့်မှု စံချိန်ဟောင်း ကို ပြန်လိုက်မီ သွားစေခဲ့ ပါတယ် ။

မန်စီးတီး ဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက လိဒ် ကို ၂ ကျော့လုံး အနိုင် မရခဲ့ဘဲ ၁ ပွဲသရေ ၁ ပွဲ ရှုံးနိမ့် ခဲ့ ပါတယ် ။

 

ဒါကြောင့် ဝုဗ် နဲ့ ပွဲအပြီးမှာ ဂွာဒီယိုလာ ဟာ လိဒ် နဲ့ ပွဲ အတွက် ချက်ချင်း ပြင်ဆင်မှု စတင် ခဲ့ပြီး ကွင်းထဲက ပရိသတ်တွေ ရဲ့ အရေးပါမှု ကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

ဒီပွဲ မှာတော့ အစ်တီဟတ် ကွင်းထဲက ပရိသတ်တွေ ဟာ စီးတီး ကစားသမားတွေ ကို အပြည့်အ၀ အားပေး ခဲ့ကြပြီး ဂွာဒီယိုလာ ကလည်း ပရိသတ်တွေ ဟာ ဒီဂိုးပြတ် နိုင်ပွဲ ရဲ့ အဓိက ကျသူတွေ ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

“တကယ် ကောင်းတဲ့ ပွဲတပွဲကို ကစားခဲ့တာပါ ။ မနှစ်တုန်းက လိဒ် နဲ့ အတွေ့မှာ ကျွန်တော်တို့ စုစုပေါင်း ၅ မှတ်ထိ ဆုံးရှုံး ခဲ့ရ ပါတယ် ။ အဲ့ဒိ တုန်းက လူနဲ့ အခု လူတွေနဲ့ ဘာမှ မကွာသွားပါဘူး ၊ ဂျက် ဂရီလစ်ရှ် တယောက်ပိုလာတာပဲ ရှိပါတယ် ။

ဒါပေမယ့် အနေအထား ကတော့ အများကြီး ကွာသွားခဲ့ ပါပြီ”

“ဒီနေ့ ကွင်းထဲက အငွေ့အသက်တွေ က တကယ်ကို ကောင်းလှ ပါတယ် ။ ပရိသတ်တွေရဲ့ အားပေးမှု ကလည်း စံပြုလောက် စရာပါပဲ ။ ကစားသမားတွေ ဘက်ကလည်း ဒါကို ခံစားမိပြီး လိုက်ကစား နိုင်ခဲ့ ပါတယ် ။

သူတို့ တွေရဲ့ ပေါင်းစပ် နိုင်မှုဟာ အခုလို ဂိုးပြတ် နိုင်ပွဲ ဖြစ်လာ စေခဲ့တာပါပဲ ။ ဒီအတွက် ပရိသတ်တွေ ကိုရော ကစား သမားတွေ ကိုပါ ကျေးဇူးတင်တယ်လို့ ပြောရမှာပါ” လို့ ဂွာဒီယိုလာ က ပြောဆိုခဲ့ ပါတယ် ။

လိဒ် ယူနိုက်တက် နည်းပြကြီး မာဆယ်လို ဘီယေဆာ ကတော့ မန်စီးတီး ကစားပုံ ကောင်းတာထက် သူတို့ အသင်း ကစားပုံ ဆိုးရွား ခဲ့တာက အခုလောက်ထိ ဂိုးပြတ် ရှုံးနိမ့် သွားရစေတဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“စီးတီး က ဒီအတိုင်းပဲ ကစားနေကျပါ ၊ သူတို့ ဒီနေ့ အရမ်း ကောင်းတယ်ဆိုတာထက် ကျွန်တော်တို့ ကိုယ်က အရမ်း ညံ့ခဲ့ တာပါ ။ နောက်ဆုံး ၄ နှစ် အတွင်းမှာ ဒီနေ့လောက် ညံ့အောင် တခါမှ မကစားခဲ့ ဖူးပါဘူး ။

ဒီပွဲ ကနေ သိလိုက်ရတာက ကျွန်တော်တို့တွေ အများကြီး လိုအပ် နေသေးတယ် ဆိုတာပါပဲ” လို့ ဘီယေဆာ က ပြောဆို သွားခဲ့ ပါတယ် ။

မန်စီးတီး အတွက် နောက်ပိုင်း ပွဲတွေမှာ ပုံစံကောင်း ပြသ နေတဲ့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ဟာ ဒုတိယပိုင်းမှာ ဒဏ်ရာ ရရှိပြီး လူစားလဲ ခဲ့ရ ပါတယ် ။

ဒါပေမယ့် နည်းပြကြီး ဂွာဒီယိုလာ ကတော့ ဘာနာဒို ဟာ ကြွက်သား နာကျင် သွားခဲ့တာ ဖြစ်ပြီး ပိုမို ပြင်းထန်တဲ့ ဒဏ်ရာတွေ မဖြစ်လာ စေဖို့ စောစီးစွာ လူစားလဲ ခဲ့တာ ဖြစ်ပြီး အများကြီး စိုးရိမ်ရဖို့ မရှိဘူးလို့ ထင်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR