ဂန်းနားတို့ ၅ ဂိုးသွင်းပြီး ၅ ပွဲဆက်တိုက် နိုင်ပွဲ ရခဲ့တဲ့ နောဝှစ် ဝ-၅ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်

Boxing Day မှာ ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) မှာ အာဆင်နယ် အသင်းဟာ တန်းတက် နောဝှစ် စီးတီး အသင်းကို ၅ ဂိုး အထိ သွင်းယူပြီး သူတို့အတွက် ဒီရာသီ ပရီးမီးယားလိဂ် ဂိုးအပြတ်ဆုံး နိုင်ပွဲ ရယူ သွားခဲ့ပါတယ် ။

နောဝှစ် စီးတီး နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ အရင် ပွဲထွက် နေကြ လူစာရင်း ကို တစ်နေရာပဲ အပြောင်းအလဲ လုပ်ခဲ့ပြီး ကိုဗစ် ဖြစ်နေတဲ့ တိုမီယာစု နေရာမှာ ဟိုးလ်ဒင်း ကို ထည့်သွင်း ကစား ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာကတည်းက ဆာကာ ၊ တီယာနေး တို့ရဲ့ သွင်းဂိုးတွေ နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒုတိယပိုင်းမှာ ဆာကာ က နောက်ထပ်ဂိုး တစ်ဂိုး ထပ်သွင်းခဲ့ပြီး ပွဲပြီးခါနီးမှာ လာကာဇက် ၊ စမစ်ရို တို့က သွင်းဂိုးတွေ ထပ်မံ သွင်းယူ ပေးခဲ့ပါတယ် ။

ဒီနေ့ နိုင်ပွဲရခဲ့တဲ့ အာဆင်နယ် အသင်းဟာ ပြိုင်ပွဲစုံ ၅ ပွဲ ဆက်တိုက် နိုင်ပွဲ ရယူ နိုင်ခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ၄ ပွဲဆက် နိုင်ပွဲ ရယူ နိုင်ခဲ့တာ ဖြစ်ကာ အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည် နေပါတယ် ။

နောဝှစ် ဝ-၅ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်ကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ ဥရောပဝင်ခွင့် အတွက် လမ်းကြောင်းမှန်ပေါ် ရှိနေတဲ့ အာဆင်နယ်

ရာသီအစမှာ တုန်းက ရလဒ်တွေ ဆက်တိုက် ဆိုးပြီး တန်းဆင်းဇုန် ရောက်ခဲ့ ရတဲ့ အာဆင်နယ် အသင်းဟာ မန်စီးတီး အသင်းကို ရှုံးနိမ့် ခဲ့တဲ့ ပွဲနောက်ပိုင်း ပြိုင်ပွဲစုံ ၁၄ ပွဲ အနိုင် ၊ ၂ ပွဲသရေ နဲ့ ၃ ပွဲသာ ရှုံးနိမ့် ထားပါတယ် ။

နောဝှစ်စီးတီး ကို အနိုင် ရတဲ့ ပွဲအပြီးမှာတော့ အာဆင်နယ် အသင်းဟာ အဆင့် ၅ နေရာက စပါး အသင်းကို ၆ မှတ် ဖြတ်ထား နိုင်ခဲ့ပြီ ဖြစ်ပြီး အဆင့် ၃ နေရာက ချဲလ်ဆီး အသင်း နဲ့ ၃ မှတ် အကွာ အနေအထားကို ရောက်ရှိ လာခဲ့ပါပြီ ။ ( အက်စတွန်ဗီလာ နဲ့ ချဲလ်ဆီး ပွဲမကန်မှီ )

အာဆင်နယ် အသင်းဟာ ဒီရာသီ ဇယား အောက်ပိုင်းက အသင်းတွေနဲ့ ကစားရတိုင်း ရလဒ်ကောင်းလေ့ ရှိတဲ့ အသင်း ဖြစ်ပြီး ၊ ဥရောပ ဝင်ခွင့် သေချာချင်ရင်တော့ အသင်းကြီး အချင်းချင်း တွေ့တဲ့ ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ လိုအပ် နေပါတယ် ။

၂ ။ မနှစ်ကထက် သွင်းဂိုးကော ဂိုးဖန်တီးမှုကော တက်လာကြတဲ့ စမစ်ရို နဲ့ ဆာကာ

အာဆင်နယ် အသင်းရဲ့Hale End အကယ်ဒမီထွက် နှစ်ဦး ဖြစ်ကြတဲ့ ဆာကာ နဲ့ စမစ်ရို တို့ဟာ ရာသီဝက်အပြီးမှာတင် မနှစ်က သူတို့ရဲ့ တစ်ရာသီလုံး သွင်းဂိုး နဲ့ ဂိုးဖန်တီးမှုကို ကျော်ဖြတ် နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဆာကာ ဟာ မနှစ်က ပရီးမီးယားလိဂ်မှာ ၂၅၆၀ မိနစ် ကစား ၅ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီး ပေးခဲ့ကာ ဒီရာသီမှာတော့ ၁၄၀၂ မိနစ် ကစား ၅ ဂိုးသွင်း ၄ ဂိုး ဖန်တီး ပေးထား နိုင်ပါပြီ ။

စမစ်ရို ကတော့ မနှစ်ကထက် တစ်ဟုန်ထိုး ဂိုးသွင်းနှုန်း တက်လာခဲ့ပါတယ် ။ စမစ်ရို ဟာ မနှစ်က ပရီးမီးယားလိဂ်မှာ ၁၄၄၈ မိနစ် ကစား ၂ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီး ပေးခဲ့ကာ ဒီရာသီမှာတော့ ၁၁၈၆ မိနစ် ကစား ၈ ဂိုးသွင်း ၂ ဂိုး ဖန်တီး ပေးထား နိုင်ပါပြီ ။ဒါ့အပြင် ဒီနေ့မှာ စမစ်ရို ဟာ လူစားဝင် ကစားပြီး လေးပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အာဆင်နယ် ကစားသမား ဖြစ်လာခဲ့ပါတယ် ။

၃ ။ ဒီဇင်ဘာလမှာ ကြမ်းပြနေတဲ့ အိုဒီဂတ်

နောဝှစ်စီးတီး နဲ့ ပွဲမှာ ဆာကာ ၊ တီယာနေးတို့ရဲ့ သွင်းဂိုးတွေကို ဖန်တီး ပေးခဲ့တဲ့ မာတင် အိုဒီဂတ် ဟာ ဒီဇင်ဘာလ အတွင်း ၃ ဂိုးသွင်း ၊ ၃ ဂိုးသွင်း ဖန်တီး ပေးနိုင်ထားပြီး သူ့ထက် သွင်းဂိုး ပါဝင် ပတ်သက်မှု များတဲ့ ပရီးမီးယားလိဂ် ကစားသမား မရှိသေးပါဘူး ။ ( အက်စတွန်ဗီလာ နဲ့ ချဲလ်ဆီး ပွဲမကန်မှီ )

အိုဒီဂတ် ဟာ နောဝှစ် နဲ့ ပွဲမှာ ဘောလုံး ပေးပို့မှု ၈၇% တိကျ ခဲ့ပြီး ပြိုင်ဘက် ဂိုးဧရိယာ တစ်ဝိုက်မှာ ပေးပို့မှု ၂၃ ကြိမ် အထိ လုပ်နိုင် ခဲ့ပါတယ် ။ ဒါ့အပြင် အိုဒီဂတ် ဟာ ဂိုးပေါက် ကန်သွင်းချက် ၃ ကြိမ် နဲ့ အများဆုံး ဖြစ်ခဲ့ပြီး ပြစ်ဒဏ်ဘော ရရှိမှုလည်း ၂ ကြိမ် အထိ ရှိခဲ့ပါတယ် ။

 

၄ ။ No Auba again , but no problem

အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပြီးကတည်းက အူဘာမီယန်း ဟာ အာဆင်နယ် အတွက် ကစားခွင့် မရတော့တာ ဖြစ်ပါတယ် ။ အူဘာမီယန်း မပါတဲ့ ပွဲတွေမှာ အာဆင်နယ် အသင်းဟာ ၁၉ ဂိုး အထိ သွင်းယူ ထားနိုင်ပြီး တိုက်စစ် စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတာကြောင့် No Auba , no problem လို့ ဆိုနိုင်ပါတယ် ။

ဒီလို ပုံစံ အတိုင်းသာဆိုရင် အူဘာမီယန်း ဟာ အသင်း လူစာရင်းမှာ ပြန်လည် ပါဝင်ခွင့် ရရင်တောင် ပွဲထွက် ကစားခွင့် ရဖို့ အတော်လေး ကြိုးစား ရမှာ ဖြစ်ပါတယ် ။

၅ ။ မာတီနယ်လီ ၊ လာကာဇက် ၊ ဘန်ဝှိုက် ၊ ရမ်စ်ဒဲလ်

မာတီနယ်လီ ဟာ ဒီနေ့ ပွဲမှာ သွင်းဂိုးမရခဲ့ပေမယ့် သူ့ရဲ့ လုပ်အားနှုန်းကတော့ တကယ့်ကို အံ့မခန်းပါပဲ ၊ လာကာဇက် ဟာလည်း အသင်းဖော်တွေ နဲ့ အကောင်းဆုံး ချိတ်ဆက်ပြီး အာဆင်နယ် အသင်းရဲ့ ပင်နယ်တီ လွဲချော်မှု မှတ်တမ်းဆိုးကို ချေဖျက် ပေးနိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းရဲ့ညာနောက်ခံလူတွေ ဖြစ်ကြတဲ့ တိုမီယာစု ၊ ချန်ဘာ ၊ ဆယ်ဒရစ် ၊ နိုင်းလ်စ် တို့ အားလုံး ကိုဗစ် ဖြစ်နေကြတာကြောင့် ညာနောက်ခံလူ အဖြစ် ကစား ခဲ့ရတဲ့ ဘန်ဝှိုက် ကလည်း နောဝှစ် နဲ့ ပွဲမှာ အဆင်ပြေပြေ ကစားနိုင်ခဲ့တာကို တွေ့ရပါတယ် ။

ဂိုးသမား ရမ်စ်ဒဲလ် ဟာလည်း ဒီရာသီ ပရီးမီးယားလိဂ် ၉ ပွဲမြောက် Clean-Sheet ရယူ နိုင်ခဲ့ပြီး မန်စီးတီး ဂိုးသမား အီဒါဆန် ပြီးရင် Clean-Sheet အများဆုံး ဂိုးသမား ဖြစ်လာခဲ့ပါတယ် ။

SM