ဂန်းနားတို့ အဆင့် ၄ နေရာ ရောက်လာခဲ့တဲ့ အာဆင်နယ် ၂-၀ ဝက်စ်ဟမ်း ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်

ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) မှာ အာဆင်နယ် အသင်းဟာ မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်း အသင်းကို နှစ်ဂိုးပြတ် အနိုင်ရသွားခဲ့ပြီး အဆင့် ၄ နေရာကို တက်လှမ်း လာနိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဆောက်သမ်တန် အသင်းကို အနိုင် ရခဲ့တဲ့ ပွဲက လူစာရင်း အတိုင်း အပြောင်းအလဲ မရှိ ဝက်စ်ဟမ်း နဲ့ ပွဲကို ထပ်မံ ပွဲထွက် လာခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာ ကစားပုံ ကောင်းခဲ့ပေမယ့် ဂိုးကံခေနေတာကြောင့် ဂိုးမရှိ သရေရလဒ်ပဲ ထွက်ပေါ် နေခဲ့ပါတယ် ။

ဒုတိယပိုင်း စပြီး သိပ်မကြာခင် အချိန်မှာတော့ အာဆင်နယ် အသင်းဟာ ဦးဆောင်ဂိုး စတင် ရရှိ သွားခဲ့ပြီး လူငယ် တိုက်စစ် ကစားသမား မာတီနယ်လီ က သေသေသပ်သပ် ကန်သွင်း ယူသွားခဲ့တာပါ ။ အဲ့ဒီနောက်မှာ ဝက်စ်ဟမ်း အသင်း နောက်ခံလူ ကူဖယ် ရဲ့ ဖျက်ထုတ်မှုကြောင့် အာဆင်နယ် အသင်း ပင်နယ်တီ ရရှိ ခဲ့ပြီး လာကာဇက် ရဲ့ ကန်ချက်ကို ဖေဘီယန်စကီး ကာကွယ် သွားနိုင်ခဲ့ပါတယ် ။

ပွဲပြီးခါနီးမှာတော့ အာဆင်နယ် အသင်း အတွက် အနိုင်သေချာစေမယ့် ဂိုးကို လူစားဝင် ကစားသမား စမစ်ရို က သွင်းယူ ပေးခဲ့တာကြောင့် ဂန်းနားတို့ အိမ်ကွင်း မှတ်တမ်းကောင်းကို ဆက်လက် ပိုင်ဆိုင် သွားနိုင်ခဲ့ပါတယ် ။

အာဆင်နယ် ၂-၀ ဝက်စ်ဟမ်း ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်ကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ အွန်နရီ ကို အမှတ်ရစေတဲ့ မာတီနယ်လီ ရဲ့ သွင်းဂိုး

ဝက်စ်ဟမ်း နဲ့ ပွဲဟာ မာတီနယ်လီ ရဲ့ ဒီရာသီ အကောင်းဆုံး ပွဲတစ်ပွဲလို့ ဆိုနိုင်ပါတယ် ။ လာကာဇက် ရဲ့ ပေးပို့မှုက​နေ အာဆင်နယ် အတွက် ဦးဆောင်ဂိုးကို သွင်းပေးနိုင်ခဲ့ပြီး သူ့ရဲ့ကန်ချက်ဟာ တစ်ချိန် ​က အွန်နရီ ရဲ့ ဂိုးသွင်းကန်ချက်ကို ပြန်အမှတ်ရ မြင်ယောင်စေခဲ့ပါတယ် ။

မာတီနယ်လီ ဟာ ဝက်စ်ဟမ်း နဲ့ ပွဲမှာ ၈၂ မိနစ် ကစား ၊ ဘောလုံး ထိချက် ၄၄ ကြိမ် ၊ သွင်းဂိုး ၁ ဂိုး ၊ ဘောလုံး ပေးပို့မှု ၁၇ ကြိမ်(၇၇.၄ % တိကျ) ၊ key pass ၁ ကြိမ် ၊ အဝေးဘော ပေးပို့မှု ၂ ကြိမ်(ရာနှုန်းပြည့် အောင်မြင်) ၊ လိမ်ခေါက် ကျော်ဖြတ်နိုင်မှု ၁ ကြိမ် (ရာနှုန်းပြည့် အောင်မြင်) ၊ ဘောလုံး ဖျက်ထုတ်မှု ၄ ကြိမ် လုပ်နိုင်ခဲ့ပြီး ဆာကာ နဲ့ အပြိုင် MOTM ခြေစွမ်းပြသခဲ့ပါတယ် ။

၂ ။ ဒီရာသီ ပထမဆုံးအကြိမ် အဆင့် ၄လည်းရောက် ၊ ပထမဆုံး ဂိုးကွာခြားချက် အပေါင်း လက္ခဏာလည်း ရခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ တောက်လျှောက် ခြေစွာနေတဲ့ မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်း အသင်းကို အနိုင်ယူပြီးနောက် အမှတ်ပေး ဇယား အဆင့် ၄ နေရာကို ရောက်ရှိ လာခဲ့ပါတယ် ။အာဆင်နယ် အသင်းရဲ့ နိုင်ပွဲကြောင့် ဒီရာသီ အဆင့်လေး နေရာအတွက် အသင်းလေးသင်းရဲ့ အားပြိုင်မှု ဟာ ပိုမို စိတ်ဝင်စားဖွယ် ကောင်းလာခဲ့ပါပြီ ။

ဝက်စ်ဟမ်း နဲ့ ပွဲအပြီးမှာ အာဆင်နယ် ပရိသတ်တွေ အတွက် နောက်ထပ် စိတ်ကျေနပ်စရာ တစ်ခုက ဂိုးကွာခြားချက် အပေါင်း လက္ခဏာ ဆောင်သွားခဲ့တာပါ ။ အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံး အကြိမ် အဖြစ် သွင်းဂိုး က ပေးဂိုးထက် ပိုများသွားခဲ့ပါပြီ ။

၃ ။ အိမ်ကွင်းမှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ အာဆင်နယ်

ဒီရာသီ အိမ်ကွင်း ရလဒ်အကောင်းဆုံး အသင်း ဖြစ်တဲ့ အာဆင်နယ် အသင်းဟာ ဝက်စ်ဟမ်း အသင်းကိုလည်း အခက်အခဲ မရှိ အနိုင် ကစားပြီး သူတို့ရဲ့ မှတမ်းကောင်းကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အိမ်ကွင်း ၉ ပွဲ ကစားထားရာမှာ ၇ ပွဲ နိုင် ၊ ၁ ပွဲ သရေ ၊ ၁ ပွဲ ရှုံး ၊ သွင်းဂိုး ၁၇ ဂိုး ၊ ပေးဂိုး ၆ ဂိုး ၊ ရမှတ် ၂၂ မှတ် ရယူ ထားနိုင်ပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး ၄ ပွဲဆက်တိုက် ဂိုးပေးထားရခြင်း မရှိပါဘူး။

၄ ။ ဂိုးသွင်းကောင်းဆဲ စမစ်ရို နဲ့ ဂန်းနား လူငယ်တွေရဲ့ အားရဖွယ် သွင်းဂိုး ပါဝင် ပတ်သက်မှု

ဒီရာသီမှာ စမစ်ရို ရဲ့ ဂိုးလာဘ်ကတော့ အံ့မခန်းပါပဲ ၊စမစ်ရို ဟာ ကြံ့ခိုင်မှု ပြဿနာကြောင့် ပွဲထွက် ကစားနိုင်ခြင်း မရှိသေးပေမယ့် လူစားဝင် ကစားတဲ့ အချိန်လေးမှာ အာဆင်နယ် အတွက် အနိုင် သေချာစေမယ့် သွင်းဂိုးကို သွင်းယူ ပေးခဲ့ပြန်ပါတယ် ။ ဝက်စ်ဟမ်း နဲ့ ပွဲက သွင်းဂိုးဟာ စမစ်ရို အတွက် ဒီရာသီ ၆ ဂိုးမြောက် လိဂ်သွင်းဂိုး ဖြစ်ပြီး သူ့ထက် ဂိုးပိုသွင်းထားနိုင်တဲ့ အင်္ဂလန်သားဆိုလို့ ဗာဒီ တစ်ဦးတည်းသာ ရှိပါတယ် ။

ဒါ့အပြင် ထူးထူးခြားခြား အနေနဲ့ အာဆင်နယ် အသင်းရဲ့ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၂၃ ဂိုးမှာ ၁၆ ဂိုးဟာ အသက် ၂၃ နှစ်နဲ့အောက် ကစားသမားတွေ သွင်းယူ ပေးထားတာ ဖြစ်နေပါတယ် ။ ( စမစ်ရို ၆ ဂိုး ၊ အိုဒီဂတ် ၄ ဂိုး ၊ ဂါဘရီယဲလ် ၂ ဂိုး ၊ မာတီနယ်လီ ၂ ဂိုး ၊ ဆာကာ ၂ ဂိုး )

၅ ။ ပင်နယ်တီ လွဲပေမယ့် တာဝန်ကျေခဲ့တဲ့ အသင်းခေါင်းဆောင် လာကာဇက်

နောက်ပိုင်း ပွဲစဉ်တွေမှာ အာဆင်နယ် အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ခွင့် ရနေတဲ့ လာကာဇက် ဟာ ဒီနေ့မှာ မာတီနယ်လီ ရဲ့ သွင်းဂိုးကို ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။ သူ့ကြောင့် ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင် ကန်သွင်း ခဲ့ပေမယ့် ဖေဘီယန်စကီး ကာကွယ် သွားခဲ့တာကြောင့် အာဆင်နယ် ကစားသမားဘဝ ပထမဆုံး အကြိမ် ပင်နယ်တီ လွဲချော်မှု ဖြစ်ခဲ့ရပါတယ် ။

ဒါပေမယ့်လည်း လာကာဇက် ဟာ ဝက်စ်ဟမ်း နဲ့ ပွဲမှာ ဘောလုံး ဖျက်ထုတ်မှု ၄ ကြိမ် ၊ ဘောလုံး ယှဉ်လှမှု ၂၂ ကြိမ် မှာ ၁၀ ကြိမ် အထိ အောင်မြင် ခဲ့ပြီး အာဆင်နယ် ကစားသမားတွေထဲမှာ အများဆုံး ဖြစ်ခဲ့ပါတယ် ။

SM