ဂန်းနားတို့ သက်သောင့်သက်သာ နိုင်ပွဲရခဲ့တဲ့ အာဆင်နယ် ၃-၀ ဆောက်သမ်တန် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်

ဒီတစ်ပတ် ပိတ်ရက်မှာတော့ အာဆင်နယ် အသင်းဟာ ဒီဇင်ဘာလ အတွက် ပထမဆုံး နိုင်ပွဲ အဖြစ် အိမ်ကွင်း အမ်းမရိတ်မှာ ဆောက်သမ်တန် အသင်းကို ၃ ဂိုးပြတ် အနိုင် ရသွားခဲ့ပြီး နှစ်ပွဲဆက် ရှုံးပွဲ ကြုံတွေ့ ခဲ့ရမှုကို ရပ်တန့် နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဆောက်သမ်တန် နဲ့ ပွဲမှာ အဲဗာတန် နဲ့ ပွဲက ပွဲထွက် လူစာရင်း အတိုင်း အပြောင်းအလဲ မရှိ ပွဲထွက် လာခဲ့ပြီး အူဘာမီယန်း ကတော့ စည်းကမ်း ဖောက်ဖျက်မှု တစ်ခုကြောင့် အသင်း လူစာရင်းကနေ ချန်လှပ် ခံခဲ့ရပါတယ် ။

အာဆင်နယ် အသင်းဟာ ဆောက်သမ်တန် နဲ့ ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသ နိုင်ခဲ့ပြီး ၃ ဂိုးထက် ပိုရနိုင်တဲ့ အခွင့်အရေးတွေလည်း ပိုင်ဆိုင် ခဲ့ပေမယ့် ဂိုးတိုင်ထိထွက် ခဲ့တာတွေကြောင့် ၃ ဂိုးနဲ့ပဲ ကျေနပ် ခဲ့ရပါတယ် ။ အာဆင်နယ် အတွက် ဂိုးတွေကိုတော့ ပထမပိုင်းမှာ လာကာဇက် နဲ့ အိုဒီဂတ် ၊ ဒုတိယပိုင်းမှာ ဂါဘရီယဲလ် တို့က သွင်းယူ ပေးခဲ့တာပါ ။

အာဆင်နယ် ၃-၀ ဆောက်သမ်တန် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်ကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ ဒီရာသီ အိမ်ကွင်း ရလဒ် အကောင်းဆုံး အသင်းဖြစ်လာတဲ့ အာဆင်နယ်

အာဆင်နယ် အသင်း ရဲ့ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း နဲ့ အဝေးကွင်း ရလဒ်တွေက လုံးဝ ဆန့်ကျင်ဘက်ပါပဲ ။ အိမ်ကွင်းမှာ ကစားရတဲ့ ဆောက်သမ်တန် နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာသွင်းဂိုး ၃ ဂိုး ၊ ရမှတ် ၃ မှတ် အပြင် Clean-sheet ပါ အရယူနိုင်ခဲ့ပါတယ် ။

ဆောက်သမ်တန် ကို အနိုင်ရလိုက်တာကြောင့် အာဆင်နယ် အသင်းဟာ ဒီရာသီ အိမ်ကွင်းမှာ ရမှတ် အများဆုံး ရယူနိုင်တဲ့ ကလပ် အသင်းလည်း ဖြစ်လာခဲ့ပါတယ် ။ ( မန်စီးတီးနဲ့ ပူးတွဲ) အာဆင်နယ် အသင်းဟာ အိမ်ကွင်း ၈ ပွဲ ကစားထားရာမှာ ၆ ပွဲ နိုင် ၊ ၁ ပွဲ သရေ ၊ ၁ ပွဲ ရှုံး ၊ သွင်းဂိုး ၁၅ ဂိုး ၊ ပေးဂိုး ၆ ဂိုး ၊ ရမှတ် ၁၉ မှတ် ရယူ ထားနိုင်ပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး ၃ ပွဲဆက် ဂိုးပေးထားရခြင်း မရှိပါဘူး။

၂ ။ Clean-sheet ထပ်ရတဲ့ ရမ်စ်ဒဲလ်

ဆောက်သမ်တန် နဲ့ ပွဲက Clean-Sheet ဟာ အာရွန် ရမ်စ်ဒဲလ် အတွက် ဒီရာသီ ၈ ပွဲမြောက် Clean-sheet ဖြစ်ပါတယ် ။ ရမ်စ်ဒဲလ် ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ Clean-sheet ၇ ပွဲ ၊ ခါရာဘောင်းမှာ ၁ ပွဲ ရယူ ထားနိုင်ပါတယ် ။

ဒါ့အပြင် ရမ်စ်ဒဲလ် ဟာ ဒီရာသီမှာ ဂိုးပေါက် ကာကွယ်မှု ၅၁ ကြိမ် အထိ လုပ်ထားပြီး သူ့ထက် ဂိုးပေါက် ကာကွယ်မှု ပိုလုပ်ထားသူဆိုလို့ ဟိုဆေးစ(၅၄ ကြိမ်) နဲ့ ရှမိုက်ကယ်(၅၃ကြိမ်) သာ ရှိပါတယ် ။ ရမ်စ်ဒဲလ် ဟာ ဂိုးပေါက် ကာကွယ်တာ ကောင်းရုံတင် မက ၊ ဘောလုံး ပေးပို့မှုလည်း ကောင်းသူပါ ။ ဆောက်သမ်တန် နဲ့ ပွဲမှာ သူ့ရဲ့ မာတီနယ်လီ ဆီ ဘောလုံး ပေးပို့မှုဟာ တိကျပြီး ဂိုးရလုနီးပါး အထိ ဖြစ်ခဲ့ပါတယ် ။

၃ ။ သုံးပွဲဆက် ဂိုးသွင်းတဲ့ အိုဒီဂတ်

ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ အာဆင်နယ် အသင်းရဲ့အဓိက ပြဿနာ တစ်ရပ်က ကွင်းလယ်လူတွေဆီက သွင်းဂိုးရရှိမှု နည်းပါးခြင်းပါ ။ ဒီရာသီမှာတော့ ဒီပြဿနာကို အာဆင်နယ် အသင်း အတော်အတန် ဖြေရှင်း နိုင်ခဲ့ပါပြီ ။

စမစ်ရို ဟာ သွင်းဂိုး ၆ ဂိုးနဲ့ ဒီရာသီ အာဆင်နယ် အသင်းရဲ့ သွင်းဂိုး အများဆုံး ကစားသမားစာရင်းမှာ ပါဝင်နေပြီး စမစ်ရို မပါဝင်နိုင်ချိန်မှာ အိုဒီဂတ် က သူ့ရဲ့သွင်းဂိုးတာဝန်ကို လွှဲပြောင်း ရယူ ထားနိုင်ပါတယ် ။ အိုဒီဂတ် ဟာ မန်ယူနိုက်တက် ၊ အဲဗာတန် ၊ ဆောက်သမ်တန် နဲ့ သုံးပွဲဆက် အာဆင်နယ် အတွက် ဂိုးသွင်း နိုင်ခဲ့ပါတယ် ။

အိုဒီဂတ် ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ၄ ဂိုး သွင်းထားပြီး အဲ့ဒီလေးဂိုး ကို မတူညီတဲ့ ပုံစံ လေးမျိုးနဲ့ သွင်းယူ ထားတာပါ ။ ဘန်လေ နဲ့ ပွဲမှာ ဖရီးကစ်ကနေ တစ်ဂိုး ၊ မန်ယူနိုက်တက် နဲ့ ပွဲမှာ ညာခြေနဲ့ တစ်ဂိုး ၊ အဲဗာတန် နဲ့ ပွဲမှာ ဘယ်ခြေနဲ့ တစ်ဂိုး ၊ ဆောက်သမ်တန် နဲ့ ပွဲမှာ ခေါင်းတိုက်ဂိုး တစ်ဂိုး သွင်းထားတာ ဖြစ်ပါတယ် ။

၄ ။ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ အူဘာမီယန်း

အဲဗာတန် နဲ့ ပွဲမှာ ပွဲထွက် လူစာရင်းကနေ ချန်လှပ် ခံခဲ့ရတဲ့ အူဘာမီယန်း ဟာ ဒီတစ်ပတ် ဆောက်သမ်တန် နဲ့ ပွဲမှာတော့ အယောက် ၂၀ လူစာရင်းကနေပါ ချန်လှပ် ခံခဲ့ရပါတယ် ။ အကြောင်းအရင်းကတော့ ပုဂ္ဂိုလ်ရေး ကိစ္စကြောင့် ခရီးထွက်ခဲ့ရာကနေ အသင်းနဲ့ ပြန်လည် ပူးပေါင်းဖို့ နောက်ကျ ခဲ့တာကြောင့် ဖြစ်ပါတယ် ။

အာတီတာ ကတော့ ပွဲမတိုင်မှီ အင်တာဗျူးမှာတိုက်စစ်မှူး အူဘာမီယန်း ဟာ အသင်းမှာ ချမှတ်ထားတဲ့ စည်းကမ်းကို မလိုက်နာတာကြောင့် ချန်လှပ်ခဲ့တာ ဖြစ်ကြောင်း ဖြေကြား ခဲ့ပြီး ပွဲအပြီး အင်တာဗျူးမှာတော့ အူဘာကို လာမယ့်ပွဲတွေမှာ ပြန်လည် ပါဝင်ခွင့်ပေးမှာ ဖြစ်တယ်လို့ အတည်ပြု ပေးခဲ့ပါတယ် ။

၅ ။ ဆောက်သမ်တန် နဲ့ ပွဲအပြီး အာဆင်နယ် အသင်း ရရှိခဲ့တဲ့ ထူးခြားမှတ်တမ်းများ

– အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၈ ပွဲ နိုင်ထားရာမှာ ၇ ပွဲက အမှတ်ပေး ဇယား အောက်ပိုင်းက အသင်းတွေကို အနိုင် ရခဲ့တာ ဖြစ်ပြီး အဲ့ဒီ အထဲမှာမှ ငါးသင်းဟာ အမှတ်ပေး ဇယား အောက်ဆုံးက အသင်း ၅ သင်းပါ ။

– အာဆင်နယ် အသင်းဟာ ဒီရာသီ ဂိုးတိုင်ထိတဲ့ အကြိမ် ၁၀ ကြိမ် အထိ ရှိထားပြီး တခြား ပရီးမီးယားလိဂ် အသင်း အားလုံးထက် ဂိုးတိုင် ပိုထိထားပါတယ် ။

– အာဆင်နယ် အသင်း ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ထောင့်ကန်ဘောကနေ ဂိုးအများဆုံး သွင်းထားနိုင်တဲ့ အသင်း( ၆ ဂိုး) အဖြစ် ပူးတွဲ ရပ်တည် နေပါတယ် ။

SM