ဂန်းနားတို့ ညှာတာမှု ကင်းမဲ့ခဲ့တဲ့ လိဒ်ယူနိုက်တက် ၁-၄ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်

ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် အတော်များများကို ရွှေ့ဆိုင်း ခဲ့ရပေမယ့် လိဒ်ယူနိုက်တက် နဲ့ အာဆင်နယ် ပွဲကတော့ ကန်ဖြစ် ခဲ့ပါတယ် ။ အိမ်ရှင် လိဒ်ယူနိုက်တက် အသင်းဟာ ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် လူငယ် အသင်းက ကစားသမားတွေကို အရန်စာရင်းမှာ ထည့်သွင်းခဲ့ရပါတယ် ။

ဧည့်သည် အာဆင်နယ် အသင်းကတော့ ဝက်စ်ဟမ်း အသင်း နဲ့ ပွဲက လူစာရင်းပဲ အတိုင်း ပွဲထွက် လာခဲ့ပြီး ကွင်းလယ်လူ လိုကွန်ဂါ ကတော့ ကိုဗစ် positive ဖြစ်နေတာကြောင့် အရန်လူစာရင်းမှာ မပါဝင် လာခဲ့ပါဘူး ။

အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာကတည်းက လိဒ်ယူနိုက်တက် အသင်းကို မာတီနယ်လီ ၊ ဆာကာ တို့ရဲ့ သွင်းဂိုးတွေ နဲ့ ၃ ဂိုးပြတ် ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ပထမပိုင်း အတွင်းမှာ အာဆင်နယ် အသင်းဟာ စံချိန်တင် ဂိုးပေါက်တည့် ကန်ချက် အဖြစ် ၁၁ ကြိမ် တိတိ ဂိုးပေါက်တည့်အောင် ကန်နိုင်ခဲ့ပါတယ် ။

ဒုတိယပိုင်းမှာတော့ အာဆင်နယ် အသင်းဟာ ပထမပိုင်းကလောက် ကစားပုံ မကောင်းတော့ဘဲ လိဒ်ယူနိုက်တက် က ပြန်လည် ဖိအားပေးခဲ့ပါတယ် ။ ပွဲပြီးခါနီး ၁၇ မိနစ် အလိုလောက်မှာ ဘန်ဝှိုက်ကြောင့် အာဆင်နယ် အသင်း ပင်နယ်တီ ပေးလိုက်ရပီး ရာဖင်ဟာ က အမှားအယွင်း မရှိ ကန်သွင်း နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အတွက် အနိုင်သေချာစေမယ့် ဂိုးကိုတော့ အိုဒီဂတ် ရဲ့ ဖန်တီး ပေးပို့မှုကနေ လူစားဝင် ကစားသမား စမစ်ရို က ကန်သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ် ။လိဒ်ယူနိုက်တက် ၁-၄ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်ကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ အဝေးကွင်းမှာ ဂိုးပြတ် နိုင်ပွဲ ရတဲ့ အာဆင်နယ်

အာဆင်နယ် အသင်းရဲ့ ဒီရာသီ အိမ်ကွင်းမှတ်တမ်းက အကောင်းဆုံး စာရင်းဝင်ပါတယ် ၊ ဒါပေမယ့် အဝေးကွင်း မှတ်တမ်းကတော့ ဆန့်ကျင်ဘက်ပါပဲ ။ နောက်ဆုံး ကစားခဲ့တဲ့ အဲဗာတန် နဲ့ အဝေးကွင်းပွဲမှာလည်း အာဆင်နယ် အသင်းဟာ ဦးဆောင်ဂိုး စရပြီးမှ ဂိုးတွေ ပြန်ပေးလိုက်ရပြီး ရှုံးသွားခဲ့တာပါ ။

လိဒ်ယူနိုက်တက် နဲ့ ပွဲမှာတော့ အာဆင်နယ် အသင်းဟာ အဝေးကွင်း ရလဒ်မကောင်းမှုကို ချေဖျက်ပြဖို့အစွမ်းကုန် ကြိုးစား ကစားခဲ့ကြပီး ပထမပိုင်းမှာကတည်းက စံချိန်တင် ဂိုးပေါက်တည့် ကန်ချက် ၁၁ ကြိမ် အထိ ကန်ပီး ၃ ဂိုးပြတ် ဦးဆောင် နိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ ရာဖင်ဟာ ရဲ့ချေပဂိုးကြောင့် ပရိသတ်တွေ စိုးရိမ်မှု ရှိခဲ့ကြပေမယ့် စမစ်ရိုက အဲ့ဒီ စိုးရိမ်မှုတွေ ပပျောက် သွားအောင် လုပ်ပေး နိုင်ခဲ့ပါတယ် ။

၂ ။ အူဘာ နေရာကို မာတီနယ်လီ ဆက်ခံနိုင်ပြီလား ?

အူဘာ အာဆင်နယ် အတွက် ကစားခွင့် မရ ဖြစ်နေချိန်မှာ မာတီနယ်လီ ဟာ ဂိုးတွေ သွင်းပြီး သူ့ရဲ့အစွမ်းအစတွေကို ထုတ်ပြ နိုင်နေပါတယ် ။ မာတီနယ်လီ ဟာ အာဆင်နယ် အသင်းရဲ့ နောက်ဆုံး ၆ ပွဲမှာ သွင်းဂိုး ပါဝင် ပတ်သက်မှု ၆ ဂိုး ( သွင်းဂိုး ၄ ဂိုး ၊ ဂိုးဖန်တီးမှု ၂ ကြိမ် ) အထိ ရှိနေပါတယ် ။

မာတီနယ်လီ ဟာ လိဒ်ယူနိုက်တက် နဲ့ ပွဲမှာ ဂိုးပေါက်တည့် ကန်ချက် ၂ ကြိမ် ၊ သွင်းဂိုး ၂ ဂိုး ၊ ဂိုးကန်သွင်းချ​က် တိကျမှု ရာနှုန်းပြည့် ၊ ဘောလုံး ထိချက် ၅၅ ကြိမ် ၊ ဘောလုံး ပေးပို့မှု ၂၄ ကြိမ် ၊ ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံးထိချက် ၉ ကြိမ် ၊ ဘောလုံး ယှဉ်လှမှု ၇ ကြိမ် နဲ့ ဘောလုံး ပြန်လည် ရယူနိုင်မှု ၃ ကြိမ် နဲ့ Man of the Match ဖြစ်ခဲ့ပါတယ် ။

၃ ။ ဒီရာသီ ပထမဆုံး အကြိမ် ဂိုးဖန်တီးမှု ရသွားတဲ့ အိုဒီဂတ်

အာဆင်နယ် အသင်း ရဲ့နောက်ပိုင်းပွဲတွေမှာ အမြဲလိုလို ပုံမှန် ပွဲထွက် ကစားခွင့် ရနေတဲ့ အိုဒီဂတ် ဟာ သုံးပွဲဆက် ဂိုးသွင်း နိုင်ခဲ့ပေမယ့် လိဒ် နဲ့ ပွဲမတိုင်ခင် အထိ ဂိုးဖန်တီးမှု မရ ဖြစ်နေခဲ့ပါတယ် ။ လိဒ် နဲ့ ပွဲ ပထမပိုင်းမှာလည်း အိုဒီဂတ် ဟာ ဂိုးရနိုင်တဲ့ အခွင့်အရေး ၄ ကြိမ် ဖန်တီး ပေးခဲ့ပေမယ့် အသင်းဖော်တွေက ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ကြပါဘူး ။

ဒုတိယပိုင်း ပွဲပြီးခါနီးမှာတော့ အိုဒီဂတ် ဟာ သူ့ရဲ့ဒီရာသီ ပထမဆုံး ဂိုးဖန်တီးမှု ဖြစ်စေမယ့် အခွင့်အရေးကို စမစ်ရို အတွက် လှလှပပ ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။

၄ ။ အာဆင်နယ် အသင်းရဲ့ ဒီရာသီ လိဂ်သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာတဲ့ စမစ်ရို

အာဆင်နယ် အသင်းရဲ့ကျောနံပါတ် ၁၀ ပိုင်ရှင် စမစ်ရို ရဲ့ ဂိုးသွင်းစွမ်းရည်ဟာ ဒီနှစ်မှာ အံ့မခန်း တိုးတက် လာခဲ့ပါတယ် ။ စမစ်ရို ဟာ ဒဏ်ရာပြဿနာကြောင့် နောက်ပိုင်းပွဲတွေမှာ လူစားဝင် ကစား နေရပေမယ့် သူ့ရဲ့ ဂိုးလာဘ် က ရှိမြဲ ရှိနေဆဲပါ ။ စမစ်ရို ဟာ အာဆင်နယ် အသင်းရဲ့ နောက်ဆုံး ၂ ပွဲဆက် လူစားဝင် ကစားပြီး ဂိုးသွင်း ထားနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် စမစ်ရို ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ သွင်းဂိုး ၇ ဂိုး ၊ ဂိုးဖန်တီးမှု ၂ ကြိမ် အထိ ပြုလုပ် ထားနိုင်ပြီး သူ့ထက် ဂိုးပို သွင်းထားနိုင်တဲ့ ကစားသမားဆိုလို ဆာလာ ၊ ဗာဒီ ၊ ဂျိုတာ နဲ့ ရာဖင်ဟာ တို့သာ ရှိနေပါတယ် ။

၅ ။ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ လိဒ်ယူနိုက်တက်

အာဆင်နယ် နဲ့ ပွဲမတိုင်ခင်မှာ လိဒ်ယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမား ၉ ဦးဟာ ဒဏ်ရာ ပြဿနာ ရှိနေခဲ့ကြပြီး အရန်လူစာရင်း မှာ ကစားသမား အင်အား ပြည့်နေအောင် လူငယ် အသင်းက ကစားသမားတွေပါ ခေါ်ဆောင် ခဲ့ရပါတယ် ။

ဒါပေမယ့် လိဒ်ယူနိုက်တက် နည်းပြကြီး ဘီယဲလ်ဆာ ကတော့ ပွဲရွှေ့ဆိုင်းပေးခြင်း မရှိတဲ့ အပေါ် စောဒက တက်ခဲ့ခြင်း မရှိဘဲ ကစားသမားတွေ ဒဏ်ရာ အများကြီး ရနေလို့ ပွဲရွှေ့ဆိုင်းပေးရမယ် ဆိုတဲ့ စည်းမျဥ်း မရှိကြောင်း သတင်းထောက်တွေရဲ့အမေးကို တုန့်ပြန် ဖြေကြား ခဲ့ပါတယ် ။

SM