ခြင်္သေ့ပြာတို့ အတွက် ပိုပိုဆိုးလာတဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်နဲ့ ချဲလ်ဆီး ၁ – ၁ ဘရိုက်တန်ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် က ချဲလ်ဆီး – ဘရိုက်တန် ပွဲမှာ အိမ်ရှင်တို့ ပထမပိုင်း အတွင်း လူကာကူရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ၊ နာကျင် အချိန်ပိုမှာ ပြန်ပေးခဲ့ရတဲ့ ဝဲလ်ဘတ်ရဲ့ ချေပဂိုးကြောင့် အဖိုးတန် ၂မှတ် ထပ်မံ ဆုံးရှုံးခဲ့ရကာ ၊ ဇယားထိပ် က မန်စီးတီးနဲ့ ၈မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 7 )

ဝဲလ်ဘတ်ရဲ့ ခေါင်းတိုက် အဆုံးသတ်ကို ဒီအတိုင်း ရပ်ကြည့်ခဲ့ရပေမယ့် ၊ မန်ဒီ ဟာ ပထမပိုင်းမှာ အဒမ် လယ်လာနာရဲ့ ကန်ချက် ၊ ဒုတိယပိုင်းမှာ ဘစ်ဆူးမား ၊ မော်ပေးတို့ရဲ့ ကန်ချက်တွေကို အမှားအယွင်း မရှိ ကာကွယ်ခဲ့ပါတယ် ။

နောက်တန်း – ဆီဆာ အက်ဇ်ပီလီကွီတာ ( Rating – 7 ) ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ( Rating – 6 ) ၊ အန်တိုနီယို ရူဒီဂါ ( Rating – 7 )

ဒဏ်ရာရနေတဲ့ သီယာဂို ဆေးလ်ဗား မပါခဲ့ပေမယ့် ၊ မနေ့ည က ပွဲမှာ ချဲလ်ဆီးရဲ့ ၃ယောက်တန်း ခံစစ် ဟာ ထူးထူးခြားခြား အမှားလုပ်ခဲ့ခြင်းတော့ မရှိပါဘူး ။ သို့ပေမယ့် marking ကပ်ပုံ အချို့မှာ လိုအပ်ချက်တွေ ရှိခဲ့ပေမယ့် ၊ recovery လုပ်တဲ့ နေရာမှာတော့ အထူး ကောင်းမွန်ခဲ့ပါတယ် ။

ပွဲပေါင်း ၄၅၀မြောက် ကစားပေးခဲ့တဲ့ ကလပ် အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာ ဟာ ခံစစ် ရှုထောင့်အရ တည်ငြိမ်တဲ့ ကစားပုံမျိုး ပြသနိုင်ခဲ့သလို ၊ ပွဲချိန် ၁၇ မိနစ်မှာ ထောင့်ကန်ဘောက ရလာတဲ့ အခွင့်အရေးကနေ ၎င်းရဲ့ ကန်သွင်း အဆုံးသတ်မှု တိုင်ထိထွက်ခဲ့ပါတယ် ။

ပွဲပြန်ထွက်ခွင့် ရတဲ့ ခရစ်တန်ဆန် ဟာလည်း ပထမပိုင်း တဝက်လောက်မှာ ဒဏ်ရာခဲ့တာတောင် ၊ အနာခံပြီး ဆက်လက် ခုခံ ကစားပေးခဲ့ကာ ၊ အရေးပါတဲ့ ပိတ်ဆို့မှု အချို့ လုပ်ပေးနိုင်ခဲ့ပါတယ် ။

အလားတူ ရူဒီဂါ ဟာလည်း ဒဏ်ရာရသွားတဲ့ ရိစ်ဂျိမ်းစ် နေရာ မားကို့စ် အလွန်ဆို ဝင်လာပြီးနောက် ၊ ၂ယောက်စာ အလုပ်လုပ်ခဲ့ရသလို ၊ တာရစ် လမ်ပ်တီကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်ထုတ်မှုကြောင့် အဝါ အပြခံခဲ့ရပေမယ့် ၊ ဒုတိယပိုင်းမှာ မော်ပေးရဲ့ အပိုင်ကန်ချက် တကြိမ်ကို ခုခံ တားဆီးနိုင်ခဲ့ပါတယ် ။

ကွင်းလယ် – ခရစ်တီယန် ပူလီဆစ် ၊ ဂျော်ဂျင်ဟို ၊ မတ်တီယို ကိုဗာဆစ် ( Rating – 6 ) ၊ ရိစ်ဂျိမ်းစ် ( N/A )

ပထမပိုင်း ၂၅မိနစ်လောက်မှာ ရိစ်ဂျိမ်းစ် ဒဏ်ရာရခဲ့ပြီးနောက် ၊ ချဲလ်ဆီး ကွင်းလယ်အား သိသိသာသာ ကျဆင်းသွားခဲ့ပါတယ် ။ ဂျော်ဂျင်ဟို ဟာ ပွဲဆက်များနေလို့ ၊ အတော် ပင်ပန်းတဲ့ပုံ ပေါ်နေပြီး ၊ ပွဲပြီးခါနီးမှာဆို ပုံမှန် ၅ကိုက် ပေးပို့မှုတွေတောင် မှန်မှန် မလုပ်ပေးနိုင်တဲ့ အနေအထား အထိ ခြေစွမ်း ကျဆင်းခဲ့ပါတယ် ။

အလားတူ ပုံမှန်ဆိုရင် အလိမ်အခေါက် ဆွဲပြေးအားနဲ့ ကွင်းလယ် လုပ်အားနှုန်းကို မြှင့်တင်ပေးတတ်တဲ့ ကိုဗာဆစ် ဟာလည်း ကြံ့ခိုင်မှုရော ၊ ယုံကြည်မှုပါ ကျဆင်းနေခဲ့ကာ ၊ ၎င်းရဲ့ အမှား တချို့ကြောင့် ဘရိုက်တန်ကို တန်ပြန်တိုက်စစ် ဆင်ခွင့် မကြာခဏ ခွင့်ပြုခဲ့ရပါတယ် ။

ပုံမှန် ကစားနေကျ နေရာ မဟုတ်တဲ့ ညာ wing-back နေရာက ပူလီဆစ် ကတော့ အတော်လေး ရုန်းရှာပေမယ့် ၊ wing-back ကဏ္ဍနဲ့ ဘယ်လိုမှ အံမဝင်ခဲ့သလို ၊ ခံစစ် အရလည်း ထူးထူးခြားခြား မကူညီပေးနိုင်ခဲ့ပါဘူး ။ သို့ပေမယ့် တချို့ အခိုက်အတန့်တွေမှာ ဘရိုက်တန် ခံစစ်ကို တကိုယ်တော် အတိုးအလှုပ်တွေနဲ့ ဒုက္ခပေးနိုင်ခဲ့ပါတယ် ။

– မေဆင်မောင့် ၊ ရိုမီလူ လူကာကူ ( Rating – 8 ) ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 5 )

Boxing Day ပွဲမှာ ခြေစွမ်းပြခဲ့လို့ ၊ ပွဲထွက်ခွင့် ထပ်မံ ရရှိခဲ့ပေမယ့် ၊ အိုဒွိုင်းရဲ့ မနေ့ည က ခြေစွမ်း ဟာ အတော် နုံချာခဲ့ပါတယ် ။ ဗီလာနဲ့ ပွဲမှာတုန်းက မလိုအပ်ပဲ နောက်ပေါက်နဲ့ ပေးလို့ တူချယ်ဆီက အငေါက်ခံခဲ့ရတာကို သေသေချာချာ မမှတ်သားပဲ ၊ မနေ့ည က ပွဲမှာ ထပ်လုပ်ခဲ့သလို ၊ ၂ – ၀ နဲ့ ဦးဆောင်ရမယ့် ဂိုးသမားနဲ့ 2 vs 1 အနေအထားမှာ ၎င်းရဲ့ ဆုံးဖြတ်ချက် မပြတ်သားမှုက ချဲလ်ဆီးကို ၂မှတ် ဆုံးရှုံးစေခဲ့ပါတယ် ။

တသင်းလုံးနီးပါး ခြေကျနေချိန် ၊ ပုံစံကောင်း ဆက်ထိန်းထားတဲ့ မောင့် ကတော့ မနေ့ည က ပွဲမှာ ဘရိုက်တန် ဘယ်နောက်ခံလူ ကူကူရယ်လာကို ကောင်းကောင်း ဒုက္ခပေးခဲ့သလို ၊ work rate ကောင်းကောင်း တကွင်းလုံး ပြေးလွှား ကစားခဲ့ပြီး ၊ လူကာကူရဲ့ သွင်းဂိုးကို ထောင့်ကန်ဘောကနေ ဖန်တီးပေးခဲ့ပါတယ် ။

 

အလားတူ လူကာကူ ဟာလည်း ဂိုးသွင်းခြေ ပြန်တွေ့နေပြီး ၊ သူ့ထက် လူကောင် ပိုကြီးတဲ့ ဘရိုက်တန် ခံစစ်မှူး ဒန်ဘန်းနဲ့ သူတင်ကိုယ်တင် ယှဉ်ဖိုက်နိုင်ခဲ့ပါတယ် ။ Focal point စတိုင်လ် တည်ပြီး ဆော့တဲ့ နေရာမှာ အရမ်းကောင်းခဲ့ပြီး ၊ ၎င်းရဲ့ ပေးပို့မှု အချို့ ကောင်းခဲ့ပေမယ့် ၊ အသင်းဖော်တွေရဲ့ urgency မရှိမှုကြောင့် ၎င်းရဲ့ ကြိုးစားမှုတွေ အရာမရောက်ခဲ့ပါဘူး ။

လူစားဝင် ကစားသမားများ – မားကို့စ် အလွန်ဆို ( Rating – 5 ) ၊ ထရက်ဗာ ချာလိုဘာ ( Rating – 6 ) ၊ အန်ဂိုလို ကန်တေ ( Rating – 7 )

ရိစ်ဂျိမ်းစ် နာသွားလို့ လူစားဝင်ခဲ့တဲ့ အလွန်ဆို ဟာ မနေ့ည က ပွဲမှာ လူပို တယောက်လို ဖြစ်ခဲ့ပြီး ၊ တိုက်စစ် အတွက် ဘာမှ အကျိုးမထူးခဲ့သလို ၊ လမ်ပ်တီကို ဘယ်လိုမှ မထိန်းနိုင်ခဲ့ပါဘူး ။ ဒီအတွက်ကြောင့် ဇန်နဝါရီမှာ ချဲလ်ဆီးတို့ ဘယ်နောက်ခံလူ အသစ် ရှာဖွေမယ် ဆိုတာ အဆန်းတော့ မဟုတ်ပါဘူး ။

ဝဲလ်ဘတ်ကို free ခေါင်းတိုက်ခွင့် ပေးခဲ့တဲ့ အနေအထား တရပ်က လွဲရင် ၊ ဒဏ်ရာရသွားတဲ့ ခရစ်တန်ဆန် အစား လူစားဝင်ခဲ့တဲ့ ချာလိုဘာ ဟာ တည်ငြိမ်မှု အတော် ရှိခဲ့ပါတယ် ။ အရေးပါတဲ့ ဘောလုံး ရှင်းထုတ်မှု ၊ တားဆီး ၊ ဖြတ်ယူမှု အကြိမ်ရေ အချို့ လုပ်နိုင်ခဲ့သလို ၊ မော်ပေးကို တိတ်ဆိတ်အောင် ထိန်းနိုင်ခဲ့ပါတယ် ။

ဘရိုက်တန်မှ လမ်ပ်တီ အထွက် ၊ ချဲလ်ဆီးမှ ကန်တေ အဝင် ဟာ ဒုတိယပိုင်း ကွင်းလယ် အားပြိုင်မှုကို သိသိသာသာ ပြောင်းလဲစေခဲ့ပြီး ၊ ကန်တေ ကစားတဲ့ အချိန် အတွင်း ဘရိုက်တန်ဖက်မှ ဝဲလ်ဘတ်ရဲ့ ခေါင်းတိုက်ခွင့်က လွဲရင် ၊ ဘာမှ ထူးထူးခြားခြား မလုပ်ပြနိုင်ခဲ့ပါဘူး ။ ဒါ့အပြင် ကန်တေ ဟာ ဘရိုက်တန် ကွင်းဖက်ခြမ်းကနေ အိမ်ရှင် အတွက် recovery အများစုကို လုပ်ပေးနိုင်ခဲ့ပါတယ် ။

SPORTS MYANMAR