ချဲလ်ဆီး ကြယ်ပွင့် တဦးရဲ့ ပရိသတ် ဖြစ်ကြောင်း ဝန်ခံလာတဲ့ စတီဗင် ဂျရတ်

လာမယ့် တနင်္ဂနွေနေ့ ညဉ့်နက်ပိုင်းမှာ ပရီးမီးယားလိဂ် Boxing Day ပွဲတပွဲ အဖြစ် အက်စတွန် ဗီလာ အသင်းနဲ့ ချဲလ်ဆီး အသင်းတို့ ဗီလာပါ့ခ်မှာ ထိပ်တိုက် ရင်ဆိုင်ကြမှာ ဖြစ်ပါတယ် ။ နည်းပြ အပြောင်းအလဲ ဖြစ်ထားတဲ့ ဗီလာတို့ ဒီတကြိမ်မှာ လတ်တလော တည်ငြိမ်မှု ရရှိဖို့ ရုန်းကန်နေရတဲ့ ချဲလ်ဆီးကို ဘယ်လို တုန့်ပြန်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

နည်းပြဟောင်း ဒင်းစမစ် ကို ထုတ်ပယ်ခဲ့ပြီးနောက် ၊ ရိန်းဂျားစ် နည်းပြဟောင်းလည်းဖြစ် ၊ လီဗာပူး ဂန္တဝင် ကွင်းလယ်လူဟောင်းလည်း ဖြစ်တဲ့ စတီဗင် ဂျရတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ၊ ဗီလာ ဟာ ကစားရခက်တဲ့ ၊ ကျစ်လျစ် မာကျောတဲ့ အသင်း တသင်း အသွင်ကို ပြောင်းလာခဲ့ပါတယ် ။

ဇယား ထိပ်ဆုံး ၂သင်း ဖြစ်တဲ့ မန်စီးတီး ၊ လီဗာပူးတို့ကို ဂျရတ်ရဲ့ ဗီလာ အသင်း အခက်တွေ့အောင် လုပ်နိုင်ခဲ့တာကြောင့် ၊ ဒီတကြိမ် တတိယ နေရာ က ချဲလ်ဆီးကိုရော ၄င်းတို့ ဘယ်လို ဧည့်ခံမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ် ။

ဧည့်သည် ချဲလ်ဆီးဖက်မှာတော့ အဓိက ပွဲထွက် ကစားသမား အများအပြား ကိုဗစ် ၊ ဒဏ်ရာ ၊ ကြံ့ခိုင်မှု မပြည့်တဲ့ ပြဿနာတွေ ကြုံတွေ့နေရကာ ၊ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ဟာ ကစားပေးနိုင်တဲ့ အသင်းသားတွေကို အဆင်ပြေသလို ရောနှောပြီး အကောင်းဆုံး ပုံဖော်ပေးနေတာကိုတော့ တွေ့ရပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ဘရန်းဖို့ဒ် ကို အဝေးကွင်းမှာ ၀ – ၂ နဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင် ဖလား ကွာတားဖိုင်နယ်ပွဲမှာ တူချယ် ဟာ အရန် အများစုနဲ့ ဆယ်ကျော်သက် လူငယ် ၃ဦးကို ဝန်းရံကာ ပွဲထုက်ခဲ့ပြီး ၊ အဓိက ကစားသမား အများစုကို ဗီလာနဲ့ ပွဲအတွက် အနားပေးခဲ့ပါတယ် ။

ထိုအထဲမှာ နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲတွေမှာ အားထားရတဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ မောင့် ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ ဂိုးမရှိသရေပွဲ မတိုင်ခင် က ချဲလ်ဆီး အတွက် နောက်ဆုံး ပရီးမီးယားလိဂ် ၄ပွဲဆက် ဂိုးသွင်းပေးနိုင်ခဲ့ပါတယ် ။

အက်စတွန် ဗီလာ နည်းပြ စတီဗင် ဂျရတ် ကတော့ ယခု တပတ် Boxing Day မှာ ချဲလ်ဆီး နဲ့ မရင်ဆိုင်မီ ၊ မေဆင်မောင့်ရဲ့ အရည်အသွေးတွေကို ချီးမွမ်းခဲ့ကာ ၊ ၄င်းဟာ မောင့်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်တဲ့ အကြောင်း အခုလိုပဲ ဝန်ခံလာခဲ့ပါတယ် ။

ဂျရတ် က ” မေဆင်မောင့်ရဲ့ တိုးတက်မှု ဖြစ်စဉ်တွေကို ကျွန်တော် စောင့်ကြည့်ဖူးပါတယ် ။ သူဟာ အင်္ဂလန် အတွက် တကယ် ကြီးကျယ်တဲ့ အရည်အသွေးမြင့် ကြယ်ပွင့် တဦးပါ ။ ဟုတ်ပါတယ် ။ ကျွန်တော်ဟာ မေဆင်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်ပါတယ် ။ ”

” သူဟာ အမြဲတမ်း မျက်နှာ ပြုံးချိုချို နေတတ်ပြီး ၊ ဂိုးသွင်းနိုင်သလို ဖန်တီးမှုတွေလည်း လုပ်ပေးနိုင်ပါတယ် ။ အခုဆို သူဟာ ဥရောပ ချန်ပီယံ တဦး ဖြစ်နေတာကြောင့် ၊ သူ့အတွက် ထွေထွေထူးထူး ချီးမြှေုာက် ပြောနေဖို့ မလိုတော့ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော်ဟာ သူ့ရဲ့ ပရိသတ် တဦး ဖြစ်တယ် ဆိုတာကိုတော့ ပြောပါရစေ ။ ဒီတပတ် ပွဲမှာ ကျွန်တော်တို့ အသင်းနဲ့ ရင်ဆိုင်တဲ့အခါ အံ့သြဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်မျိုး သူ မပြနိုင်ဖို့ မျှော်လင့်ပါတယ် ။ သူဟာ ကစားခွင့် ပိုပိုများလာတာနဲ့ အမျှ ၊ အတွေ့အကြုံ ပိုရင့်ကျက်လာတာနဲ့ အမျှ ၊ ပိုကောင်းတဲ့ ကစားသမား တဦး အသွင်ကို ရောက်လာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR