ချဲဆီး နဲ့ လီဗာပူး တို့ အမှတ်လျှော့နိုင်တယ်လို့ ခန့်မှန်း လိုက်တဲ့ ဘာဘာတော့ဗ် နဲ့ လီဝတ် ဂျုံး

ကိုဗစ် ကူးစက်မှုတွေ လွန်ကဲလာတဲ့ အတွက် အင်္ဂလန် မှာ ဘောလုံးပွဲတွေ ဆက်တိုက် ရက်ရွှေ့ဆိုင်းရလျှက် ရှိနေပါတယ်။ သို့သော်လဲ ပွဲကျပ် ကာလ အချိန်မျိုး ဖြစ်နေတာကြောင့် ၊ ဖြစ်နိုင်တဲ့ နည်းလမ်းတွေ နဲ့ ရှေ့ဆက်နိုင်ဖို့လဲ ကြိုးစားနေကြပါတယ်။

ဒီညမှာတော့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင် အသင်းကြီးတွေ ဆက်လက် ယှဉ်ပြိုင် ကစားသွားမှာပါ။

မန်စီးတီး ဟာ နည်းပြသစ် လက်ထက်မှာလဲ ရလာဒ်တွေ ထူးခြားလာခြင်း မရှိတဲ့ နယူးကာဆယ် နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်လို့ ၊ ဘောလုံး ခန့်မှန်း သုံးသပ်သူ အားလုံးက အနိုင်ရလာဒ် ကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ပဲ ခန့်မှန်းထားပါတယ်။ သို့သော် ဝုဖ် – ချဲဆီး ၊ စပါး – လီဗာပူး ပွဲစဉ်တွေ မှာ အမြင်တွေက မတူကြပါဘူး။

စပါး ကစားသမားဟောင်း ဘာဘာတော့ဗ် က လက်ရှိမှာ နိုင်ပွဲ ဆက်နေတဲ့ လီဗာပူး ကို သူ့ရဲ့ အသင်းဟောင်းက မထင်မှတ်တာတွေ လုပ်ပြပြီး အနိုင်ယူပြလိမ့်မယ်လို့ ခန့်မှန်း သွားခဲ့ ပါတယ်။

“ ဒီပွဲက ပွဲကောင်း တစ်ပွဲပါ။ ကျနော်ကတော့ နောက်ထပ် အံ့အားသင့်စရာ ခန့်မှန်းချက်မျိုးကို ထပ်ပြီး လုပ်ဦးမှာပါပဲ။ ကျနော့် အမြင်မှာ စပါးကလဲ လီဗာပူးကို မှင်တက်မိသွားအောင် လုပ်ပြနိုင်တဲ့ စွမ်းဆောင်ရည်မျိုးတွေ ပိုင်ဆိုင်ထားပါတယ်။

လီဗာပူး ကလဲ ဂိုးပေးရလေ့ရှိတယ် ၊ ကွန်တီ လက်ထက်မှာ စပါးက စည်းကမ်းပိုင်းဆိုင်ရာ ကောင်းကောင်းမွန်မွန် နဲ့ ကစားတာလာ တွေ့ရပါတယ်။ ပြီးတော့ ကြားရက်မှာ လေ့ကျင့်ချိန်တွေ အများကြီး ရှိနေခဲ့တော့ ကစားသမားတွေဟာ ကွန်တီ လိုချင်တဲ့ ပုံစံမျိုးကို ပိုပြီး နားလည်လာကြမယ် ထင်ပါတယ်။ ကျနော် ကတော့ အနိုင် သုံးမှတ်ထိတောင် မျှော်လင့်ထားတယ်ဗျာ။

အဲဒီ အတွက် သူတို့ အသင်းဟာ ကစားပုံ စနစ်ကျဖို့ လိုသလို ၊ လီဗာပူး က တိုက်စစ်ကို ဖွင့်လာတဲ့ အချိန်မှာလဲ ဦးနှောက်ကို သေချာ ဖွင့်ထားမှ ဖြစ်မှာပါ။ လီဗာပူး ဟာ နေရာလွတ်တွေကို ဘယ်လို အသုံးချရမလဲ ဆိုတဲ့ အပိုင်းမှာ အရမ်းကို တိကျလွန်းပါတယ်။

စပါး ဘက်ကလဲ အမှားတွေသာ မလုပ်ခဲ့ပဲ ၊ စည်းကမ်း ရှိရှိနဲ့ ကစားမယ် ဆိုရင် တစ်ခုခုတော့ ရအောင် လုပ်ပြနိုင်မယ် ထင်ပါတယ်။ ဒါကြောင့် 2-1 ခန့်မှန်း ထားချင်တယ်ဗျာ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ဘာဘာတော့ဗ် ဟာ စပါး ကို အနိုင်ပေးရုံတင် မဟုတ်ပဲ ဝုဖ် ကလဲ ချဲဆီး ကို အနိုင် ကစားပြလိမ့်မယ်လို့ ဆိုပါတယ်။

“ ချဲဆီး ဟာ အဲဗာတန် နဲ့ ပွဲမှာ ထပ်ပြီး ခြေချော်ပြန်ပါပြီ။ သူတို့ရဲ့ မာကျောတဲ့ ကစားပုံကလဲ စပြီး ပြိုကွဲစ ပြုလာနေပြီ ထင်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ အံ့အားသင့်စရာ ရလာဒ်မျိုး ထွက်လာနိုင်ပါတယ်။ ဝုဖ်ဟာ မန်စီးတီး ၊ လီဗာပူး တို့ကို ရှုံးခဲ့တယ် ဆိုတာတောင် သူတို့ ခြေစွမ်းက ဆိုးဝါးလို့ မဟုတ်ပါဘူး။ ခံစစ်ကို သေချာပိတ်ထားရင်း ကိုယ့် Game Plan ကို သေချာ ဖော်ဆောင်နိုင်တဲ့ အသင်းမျိုးပါ။ ဒါကြောင့် တူချယ်ကို ဒုက္ခပေးလာမှာ ဖြစ်လို့ 1-0 ရလာဒ်မျိုး မျှော်လင့်ထားပါတယ်” လို့ ခန့်မှန်း သွားခဲ့ ပါတယ်။

Sky Sports မှာ ပုံမှန် ခန့်မှန်းချက်တွေ ရေးသားနေတဲ့ လီဝတ် ဂျုံးကလဲ ဒီညမှာ ချဲဆီး ရုန်းကန် ရမှာ ဖြစ်တဲ့ အကြောင်း အခုလို ခန့်မှန်းသွားခဲ့ ပါတယ်။

“ ပြီးခဲ့တဲ့ လပိုင်း အတွင်းမှာ ကတည်းက တူချယ် ရဲ့ အသင်းဟာ မန်စီးတီး ၊ လီဗာပူး တို့ထက် တစ်ဆင့် နိမ့်နေသေးတယ် ဆိုတဲ့ လက္ခဏာမျိုးတွေ မြင်ခဲ့ရပြီးပါပြီ။ ဒီကြားထဲကမှ အဆင့် 3 နေရာကိုတောင် ရပ်တည်နိုင်ခြင်း မရှိဘူး ဆိုရင်တော့ ကျနော်က တော်တော်လေး အံ့အားသင့်မိမှာပါ။

အဲဗာတန် ကို သရေကျတဲ့ ပွဲအပြီးမှာ ဆိုရင် တူချယ် ကိုယ်တိုင် ဘယ်လို ဖြေရှင်းချက် ပေးလို့ ပေးရမယ်မှန်း မသိခဲ့ပါဘူး။ ပစ်ဖို့ဒ် က အကောင်းဆုံး လက်စွမ်းတွေ ပြသွားတဲ့ အချက်လဲ ပါတာပေါ့လေ။ ဒါပေမယ့် ပွဲပြီးခါနီး မီးနစ် 20 လောက် ရောက်ရင် သူတို့ရဲ့ တိုက်စစ် ကစားပုံ ကျဆင်းသွားတတ်ပါတယ်။ လိဒ် ယူနိုက်တက် နဲ့ ပွဲမှာလဲ နောက်ကျ ပင်နယ်တီကြောင့် စိတ်သက်သာရာ ရခဲ့တာပါ။

ခံစစ်ကို ပိတ်ကစားတဲ့ အသင်းတွေ နဲ့ တွေ့ရင် လူကာကူ ဆီက သွင်းဂိုးတွေ မမြင်ရ မချင်း ချဲဆီးက အဖွင့်ဂိုး ရဖို့ ရုန်းကန်နေရသလိုပါပဲ။

ဒီပွဲမှာ ချဲဆီးထက် ဝုဖ် ရဲ့ ခံစစ် စုစည်း ကစားပုံက ပိုပြီး ကောင်းမွန်ပါတယ်။ ဘရူနို လာ့ချ် ရဲ့ အသင်းက ဒီရာသီမှာ ပေးဂိုးတွေ အများကြီးလဲ မရှိထားပါဘူး။ ဒါကြောင့် ဒီပွဲမှာ နှစ်ဖက် သွင်းဂိုးလဲ နည်းလိမ့်မယ် ထင်ပါတယ်။

ဝုဖ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ က ဆိုရင် ချဲဆီး ထံကနေ 4 မှတ် အထိ ရယူထားခဲ့တာပါ။ ဒါကြောင့် ဒီပွဲမှာ ကျနော်က အနိုင် နဲ့ သရေ ပဲ မှန်းထားပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။ (ခန့်မှန်းချက် 1-1)

SM