ချန်ပီယံလိဂ် 16 သင်း ရှုံးထွက် အဆင့်မှာ ယူနိုက်တက်တို့ ဘယ်အသင်းတွေနဲ့ တွေ့ဆုံနိုင်ခြေရှိနေသလဲ…?

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံး ပွဲစဉ် အဖြစ် ဆွစ်ဇာလန် အခြေစိုက် ယန်းဘွိုင်းစ် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ရယူသွားနိုင်ခဲ့ပါတယ် ။

ယူနိုက်တက်တို့ဟာ ဒီပွဲမှာ ဘယ်လိုရလဒ်ပဲ ထွက်ပေါ်နေပါစေ ၊ အုပ်စုဗိုလ်ဖြစ်ဖို့ သေချာနေခဲ့တဲ့အတွက် နည်းပြ ရန်းဂနစ် က အဓိက ကစားသမားတွေ အားလုံးနီးပါး အနားပေးခဲ့ပြီး ဒီရာသီ ပွဲထွက် ကစားခွင့် နည်းပါးခဲ့သူတွေကို ပွဲထုတ် ကစားစေခဲ့ပါတယ် ။

ဒါ့အပြင် တိုက်စစ်ပိုင်းမှာလည်း ဂရင်းဝုဒ် နဲ့ အတူ လူငယ်တွေ ဖြစ်ကြတဲ့ အာမတ် ဒီယာလို ၊ အန်သိုနီ အီလန်ဂါ တို့ကို ပွဲထွက် ကစားစေခဲ့ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 9 မိနစ်မှာပဲ လုခ်ရှောရဲ့ ပေးပို့မှုကတစ်ဆင့် ဂရင်းဝုဒ် ဟာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ပထမပိုင်း ပြီးဆုံးခါနီးမှာ ပြိုင်ဖက် ကွင်းလယ်လူ ရီးဒါးက ချေပဂိုး ပြန်လည် သွင်းယူ သွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်းမှာ ရန်းဂနစ်ဟာ အကယ်ဒမီထွက် လူငယ်တွေကို လူးစားဝင် ကစားစေခဲ့သလို ဝါရင့် ဂိုးသမား တွမ်ဟီတန် ကိုလည်း ပွဲကစားခွင့် ပေးခဲ့ပါတယ် ။

ဒါပေမဲ့ ရလဒ်က ထူးမလာခဲ့တဲ့ အတွက် တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် နဲ့သာ ကျေနပ် ခဲ့လိုက်ရ ပါတယ် ။ အခုတော့ နှင်းထူထပ်မှုကြောင့် ပွဲပျက်ခဲ့တဲ့ အတ္တလန္တာ Vs ဗီလာရီးယဲ ပွဲစဉ်က လွဲရင် ပွဲတွေ အားလုံး အဖြေထွက်ခဲ့ရပါပြီ ။

ယူနိုက်တက်ဟာ အဆိုပါ အသင်း နှစ်သင်းနဲ့ အုပ်စုတူတဲ့ အတွက် နောက်တစ်ဆင့်မှာ တွေ့ဆုံရမှာ မဟုတ်သေး ပါဘူး ။ ယူနိုက်တက်တို့ဟာ အုပ်စု အဆင့် 2 နေရာမှာ ရပ်တည်နေတဲ့ အသင်းတွေနဲ့သာ တွေ့ဆုံသွားရဖို့ ရှိနေပါတယ် ။

အဲ့ဒီထဲမှာတော့ Group H ရဲ့ အုပ်စု ဒုတိယ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီး အသင်းနဲ့လည်း ယူနိုက်တက်တို့ ရင်ဆိုင်ရဖို့ ရှိမနေပါဘူး ။ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ စည်းမျဉ်း အရ တစ်နိုင်ငံထဲ အသင်းတွေဟာ ဒီအဆင့်မှာ ထိပ်တိုက် တွေ့ဆုံရခြင်း မရှိလို့ပါပဲ ။

ချန်ပီယံလိဂ် အုပ်စု အဆင့် အောင်ခဲ့တဲ့ အသင်းတွေကို ဖော်ပြပေးလိုက်ပါတယ် ။

Group A

1. မန်စီးတီး
2. PSG

Group B

1. လီဗာပူး
2. အက်သလက်တီကို မက်ဒရစ်

Group C

1. အေဂျက်ဇ်
2. စပို့တင်း CP

Group D

1. ရီးယဲ မက်ဒရစ်
2. အင်တာမီလန်

Group E

1. ဘိုင်ယန် မြူးနစ်
2. ဘင်ဖီကာ

Group F

1. မန်ချက်စတာ ယူနိုက်တက်
2. ဗီလာ ရီးယဲ or အတ်တလန်တာ

Group G

1. လိုင်လီ
2. RB ဆဲလ်ဘတ်

Group H

1. ဂျူဗင်တပ်
2. ချဲလ်ဆီး

အခုလို အဆုံးသတ် ရလဒ်တွေ ထွက်ပေါ်သွားခဲ့ပြီ ဖြစ်တာကြောင့် ယူနိုက်တက်တို့ဟာ ပုံစံကောင်းတွေနဲ့ အတူ အုပ်စုဗိုလ် ဖြစ်ခဲ့ကြတဲ့ အသင်းတွေကို ရှောင်လွှဲနိုင်ခဲ့ပြီလို့ ပြောလို့ရပါတယ် ။ ဒါပေမဲ့ 16 သင်း အဆင့်က ထင်သလောက် လွယ်ကူသွားဖို့ ရှိမနေသေးပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက် နဲ့ တွေ့ဆုံကြမဲ့ အုပ်စု ဒုတိယ အသင်းတွေမှာ PSG ၊ အက်သလက်တီကို မက်ဒရစ် ၊ အင်တာ မီလန် တို့လို အသင်းတွေ ပါဝင်နေကြလို့ပဲ ဖြစ်ပါတယ် ။ သူတို့နဲ့သာ ထိပ်တိုက်တွေ့ခဲ့ရင် ယူနိုက်တက် ပရိသတ်တွေအတွက် ရင်ခုန်စရာ ဖြစ်သွားမှာ သေချာလှပါတယ် ။

အဆိုပါ သုံးသင်းအပြင် ယူနိုက်တက်နဲ့ တွေ့ဆုံနိုင်ခြေ ရှိတဲ့ အသင်းထဲ စပို့တင်း CP ၊ ဘင်ဖီကာ ၊ RB ဆဲလ်ဘတ် အသင်းတွေလည်း ပါဝင်နေကြပါတယ် ။

#Sports_Myanmar