ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ထူးကဲမှတ်တမ်းတွေ ကိုယ်စီ ရယူနိုင်ခဲ့ ကြတဲ့ အသင်းများ

၂၀၂၁ – ၂၀၂၂ ဘောလုံး ရာသီ ရဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေ ကတော့ ပြီးဆုံး သွားခဲ့ ပါပြီ ။ လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ၁၆ သင်းဆင့် ရှုံးထွက် ပွဲစဉ်တွေ ကို မဲခွဲ ကြမှာ ဖြစ်ပြီး ဘာစီလိုနာ ၊ ဒေါ့မွန် နဲ့ ဆီဗီးလား လို အသင်းကြီးတွေ ကတော့ ပါဝင် မလာနိုင် ကြတော့ ပါဘူး ။

ဒီနှစ် ချန်ပီယံလိဂ် အုပ်စု အဆင့် မှာ အိုင်ယက်စ် ၊ ဘိုင်ယန်မြူးနစ် နဲ့ လီဗာပူး တို့ ၁၀၀% နိုင်ပွဲတွေ နဲ့ အုပ်စု အဆင့်ကို အမှတ်ပြည့် ရယူ နိုင်ခဲ့ကြသလို အကျိတ်အနယ် နဲ့ နောက်ဆုံးအချိန်ထိ အပြောင်းအလဲ ဖြစ်ခဲ့တဲ့ အုပ်စုတွေ လည်း ရှိခဲ့ကြ ပါတယ် ။

အုပ်စု အဆင့်ပွဲတွေ ပြီးဆုံး သွားချိန်မှာတော့ အောက်ပါ အသင်း ၃ သင်းဟာ ထူးကဲလှတဲ့ မှတ်တမ်းကောင်းတွေကို ကိုယ်စီ ရယူ နိုင်ခဲ့ကြပါတယ် ။ အဲ့ဒိ အသင်းတွေ ကတော့ –

 

၁ ။ လီဗာပူး

အုပ်စု မဲခွဲပွဲ အပြီးမှာ လီဗာပူး ဟာ အက်သလက်တီကို မက်ဒရစ် ၊ အေစီမီလန် ၊ ပေါ်တို တို့နဲ့ အတူ တအုပ်စုတည်း ကျရောက်ခဲ့ ပါတယ် ။

အုပ်စုတွင်းမှာ မီလန် ၊ လီဗာပူး ၊ ပေါ်တို တို့ဟာ ချန်ပီယံလိဂ် ဖလား ပိုင်ရှင်ဟောင်းတွေ ဖြစ်ကြပြီး အက်သလက်တီကို မက်ဒရစ် ဟာလည်း ဥရောပ ရဲ့ အားကြီး အသင်း တသင်း ဖြစ်တာကြောင့် ဒီအုပ်စု ဟာ အကျိတ်အနယ် ပွဲတွေ နဲ့ ကြည့်ကောင်းမယ့် မရဏ အုပ်စုလို့ သတ်မှတ် ခဲ့ကြပါတယ် ။

ဒါပေမယ့် တကယ်တမ်း ကစားချိန် မှာတော့ လီဗာပူး ဟာ အုပ်စုတွင်းက အခြား အသင်းတွေဟာ သူ့ရဲ့ ပြိုင်ဘက်ကောင်းတွေ မဟုတ်ကြောင်း ကို တပွဲပြီး တပွဲ အနိုင် ကစားကာ သက်သေပြ လာခဲ့ ပါတယ် ။

အုပ်စု ပွဲစဉ်တွေ မပြီးဆုံးချိန် မှာဘဲ လီဗာပူး တို့ နောက်တဆင့် လက်မှတ်ကို ရယူထားနိုင်ခဲ့ ပေမယ့် နောက်ဆုံးပွဲ အထိ အားထုတ် ကစားသွားခဲ့ ပါတယ် ။

ဒါကြောင့် မရဏအုပ်စုလို့ သတ်မှတ် ထားတဲ့ အုပ်စု ဘီ က ပွဲစဉ် ၆ ပွဲစလုံးကို အနိုင်ကစားခဲ့ပြီး ဗြိတိန် ကလပ်တွေ ထဲမှာ ဒီလို ၁၀၀% နိုင်ပွဲ ရယူနိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ ပါတယ် ။

၂ ။ ရီးရဲ မက်ဒရစ်

ချန်ပီယံလိဂ် မှာ ရီးရဲ မက်ဒရစ်လောက် အောင်မြင်မှု များတဲ့ အသင်း မရှိသေး ပါဘူး ။

ဒီလိုမျိုး အောင်မြင်မှုတွေ အများဆုံး အသင်း ဖြစ်တာနဲ့ အညီ ကစားရတဲ့ ပွဲတွေ ၊ သွင်းရတဲ့ ဂိုးတွေ မှာလည်း ရီးရဲ မက်ဒရစ် က အများဆုံး အဖြစ် ရပ်တည် နေခဲ့ပါတယ် ။ ဒါက အဆန်းတော့ မဟုတ်ပါဘူး ။

ဒါပေမယ့် ဒီရာသီ မှာတော့ ရီးရဲမက်ဒရစ် ဟာ ချန်ပီယံလိဂ် ရဲ့ မှတ်တိုင်သစ် တခုကို ရေးထိုးလိုက် ပါတယ် ။

အဲ့ဒါကတော့ ချန်ပီယံလိဂ် သမိုင်းမှာ ပထမဆုံးသော သွင်းဂိုး ၁၀၀၀ ပြည့်တဲ့ အသင်း ဖြစ်လာခဲ့ တာပါပဲ ။

အုပ်စု နောက်ဆုံး ပွဲဖြစ်တဲ့ အင်တာမီလန် နဲ့ ပွဲမှာ ရီးရဲ တို့ ဒီမှတ်တမ်းကို ရရှိ ခဲ့တာပါ ။

မက်ဒရစ်မြေမှာ အင်တာ ကို ၂ – ၀ နဲ့ အနိုင်ရခဲ့ပြီး တိုနီ ကရူးစ် ရဲ့ အဖွင့်ဂိုးဟာ ချန်ပီယံလိဂ်သွင်းဂိုး ( ခြေစစ်ပွဲတွေ မပါ ) ၁၀၀၀ ပြည့်မြောက်တဲ့ဂိုး ဖြစ်လာစေခဲ့ ပါတယ် ။

၃ ။ ရက်ဘူး ဆဲလ်ဘတ်

ဆဲလ်ဘတ် ဟာ မာနေး ၊ ဟာလန်း တို့လို ကမ္ဘာ့ အဆင့် တိုက်စစ်မှူးတွေကို မွေးထုတ် မြေတောင်မြှောက်ပေးရာ အသင်း အဖြစ် လူသိများခဲ့ ပါတယ် ။

ဥရောပ အောင်မြင်မှု ကတော့ မရှိခဲ့ ပါဘူး ။ ဒါပေမယ့် ဒီနှစ် မှာတော့ သူတို့ စွမ်းဆောင် နိုင်ခဲ့ ပါပြီ ။

ဆဲလ်ဘတ် ဟာ ဆီဗီးလား ၊ လိုင်လီ နဲ့ ဝုဖ်ဘတ် တို့ ပါဝင်တဲ့ အုပ်စု G မှာ ကစားခဲ့ပြီး အုပ်စု ဒုတိယ နေရာ နဲ့ နောက်တဆင့်ကို တက်လှမ်း လာနိုင်ခဲ့ ပါတယ် ။

ဒါဟာ သူတို့ အတွက်ရော သြစတြီးယား နိုင်ငံ အတွက်ပါ ဂုဏ်ယူစရာ ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်တဲ့ ပထမဆုံး သြစတြီးယား ကလပ် ဖြစ်လာခဲ့ ပါတယ် ။

 

SPORTS MYANMAR