ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ မတွေ့ချင်ဆုံး အသင်းနဲ့မှ တွေ့နေရတယ်လို့ ဝန်ခံသွားတဲ့ အင်ဇာဂီ

အင်တာ မီလန် အသင်းရဲ့ နည်းပြ ဆီမိုနီ အင်ဇာဂီ က ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ မတွေ့ချင်ဆုံး အသင်းနဲ့ လာတွေ့နေရတယ်လို့ မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ အင်တာ မီလန် ဟာ စီးရီးအေ အမှတ် ပေးဇယား ကို ဦးဆောင်လျှက် ရှိနေပြီး ၊ ဒီရာသီ တစ်လျှောက်လုံးမှ လာဇီယို တစ်သင်းထဲကို ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ အဲဒီ အရှုံး ရလာဒ်ကြောင့် သူ့အသင်း စွမ်းဆောင်ရည်တွေ ပိုပြီး ကောင်းမွန်လာတယ်လို့ ဝန်ခံခဲ့သည့်တိုင်အောင် ၊ ဒုတိယ ရာသီဝက်မှာ ဂျူဗီ ရဲ့ ပုံစံကောင်းတွေ ပြန်ရလာနိုင်တဲ့ အချက်ကို လျှော့တွက်ထားလို့ မဖြစ်ဘူးလို့ သူက ဆိုပါတယ်။

“ ဒုတိယ ရာသီဝက်မှာ ဂျူဗီ ရဲ့ စွမ်းဆောင်ရည်တွေ က အများကြီး ပိုကောင်းလာနိုင်ပါတယ် ဘာလို့လဲ ဆိုတော့ သူတို့ဟာ ထိပ်တန်း အသင်းကြီး တစ်သင်း အဖြစ် ဆက်ရှိနေဆဲပဲလေ။ ရမှတ်တချို့ ဆုံးရှုံးရပြီး နောက်ပိုင်း သူတို့ရဲ့ ခြေစွမ်းတွေ ပိုကောင်းလာတာ ကျနော်တို့ သတိထားမိပါတယ်။

အခုဆို လမ်းကြောင်းမှန်ပေါ်တောင် ပြန်ရောက်နေပြီလို့ ပြောလို့ ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ 6 ပွဲ မှာ 5 ပွဲ အထိ အနိုင်ရထားတာကြောင့် ကျနော်တို့ကလဲ သူတို့ အခြေအနေကို အဆက်မပြတ် အကဲခတ်နေရပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

အင်တာ မီလန် ဟာ ပြည်တွင်း ချန်ပီယံဆု ကို ကာကွယ်နိုင်ဖို့ ပစ်မှတ် ထားနေသလို ၊ အရေးပါတဲ့ ကာလ တစ်ခု ဖြစ်လာမယ့် ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ကာလမျိုးတွေမှာ ပွဲကျပ်တွေ ဆက်တိုက် ကစားပေးရမယ့် အနေအထားမျိုးလဲ ရှိနေပါတယ်။ အဲဒီ အထဲမှာ စီးရီးအေ ပြိုင်ဘက်တွေ ဖြစ်တဲ့ ဘိုလော့နာ ၊ လာဇီယို ၊ အတ္တလန္တာ ၊ ဗီနီဇီယာ ၊ အေစီ မီလန် ၊ နာပိုလီ နဲ့ ဆတ်ဆူလို အသင်းတွေ ပါဝင်လျှက် ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ပွဲစဉ်တွေကိုပါ ပြင်ဆင်ရမယ့် အချိန် ဖြစ်တာကြောင့် ၊ သူ မတွေ့ချင်ဆုံး အသင်းနဲ့မှ ထိပ်တိုက်တွေ့နေရတယ်လို့ အင်ဇာဂီ က ညီးညူ သွားခဲ့ပါတယ်။

“ ဒုတိယ ရာသီဝက်မှာ ဘယ်လို အသင်းမျိုးတွေ က စောင့်ဆိုင်းနေလဲ ဆိုတာ ကျနော် ကောင်းကောင်းသိပါတယ်။ လီဗာပူး ဟာ ဥရောပ ရဲ့ ထိပ်တန်း အသင်းကြီးပါ။ မဲခွဲပွဲတွေ လုပ်တော့ သူတို့ နဲ့ ထိပ်တိုက် မတွေ့ဖို့ အမျှော်လင့်ကြီး မျှော်လင့်ခဲ့တာပေါ့။

အဲဒီ ကာလမျိုး ရောက်ရင် ကိုယ့်အသင်းက အကောင်းဆုံး ပုံစံမှာ ရှိနေဖို့ပဲ ဆုတောင်းရတော့မှာပါ။ ကျနော်တို့ဟာ ပွဲကျပ်တွေကို အမှန်အကန် ဖြတ်သန်းရမှာ ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မရဏ အုပ်စုအတွင်း ကျရောက်ခဲ့သည့်တိုင်အောင် ၊ အုပ်စု ပွဲစဉ် 6 ပွဲ စလုံးကို အနိုင်ကစားပြနိုင်တဲ့ ပထမဆုံး အင်္ဂလန် ဘောလုံး ကလပ် အဖြစ် စံချိန်သစ် ရေးထိုးထားခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်ကလဲ ကောင်းလွန်းခဲ့ပြီး တစ်ပွဲ ပျမ်းမျှ သွင်းဂိုး 3 ဂိုး ဝန်းကျင် အထိတောင် ရှိခဲ့ပါတယ်။

နည်းပြ ယာဂန် ကလော့ပ် ကတော့ အင်တာ မီလန် နဲ့ ထိပ်တိုက်တွေ့ ဆုံနေတဲ့ အပေါ် အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ဒီပွဲက ခက်ခဲတဲ့ ပွဲမျိုး ဖြစ်လာမှာပါ။ အင်တာ မီလန် ဟာ အသင်းကောင်း တစ်သင်း ဖြစ်သလို ၊ အကောင်းဆုံး ပုံစံတွေ နဲ့ စီးရီးအေ အမှတ်ပေးဇယား ကို ဦးဆောင်ပြထားပါတယ်။ အဲဒီတော့ ထိပ်တိုက်ရင်ဆိုင် ကစားတဲ့ အချိန်မှာ ဘယ်လို ရလာဒ်တွေ ထွက်ပေါ်လာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။

မနှစ်က ချန်ပီယံ ဖြစ်ထားတဲ့ အသင်းနဲ့ အတူ အင်ဇာဂီ ရဲ့ ပထမဆုံး ဘောလုံးရာသီကို အထင်သေးလို့ မရပါဘူး။ ဒါပေမယ့် ဘာမဆို ဖြစ်နိုင်ချေတွေ ရှိနေဆဲ ဖြစ်လို့ ကြိုးစားကြည့်ရမှာပေါ့” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR