ချန်ပီယံလိဂ် ရှုံးထွက် အဆင့် နဲ့ ပတ်သက်ပြီး သူ့ရဲ့ အယူအဆကို ဖွင့်ဟပြောဆို သွားတဲ့ အီဒင်ဆင် ကာဗာနီ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး အီဒင်ဆင် ကာဗာနီ ဟာ ဒီကနေ့ ညနေမှာ ပြုလုပ်မယ့် ချန်ပီယံလိဂ် ရှုံးထွက် မဲခွဲမှု နဲ့ ပတ်သက်ပြီး ဘယ်လို အသင်းမျိုးနဲ့ ဆုံတွေ့ ရပါစေ အကောင်းဆုံး ကစားသွားဖို့ ပြင်ဆင် ထားကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ အတ္တလန်တာ ၊ ဗီလာရီးရဲ ၊ ယန်းဘွိုင်းစ် တို့နဲ့ အတူ ကျရောက် ခဲ့ပြီး အုပ်စု ပထမ နေရာကနေ နောက်တဆင့်ကို တက်လှမ်း နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ရှုံးထွက် အဆင့်မှာတော့ ယူနိုက်တက် ဟာ နိုင်ငံတူ အသင်း ချဲလ်ဆီး ၊ အုပ်စုတူ အသင်း ဗီလာရီးရဲ တို့ နဲ့ ဆုံတွေ့မှာ မဟုတ်ဘဲ PSG ၊ အက်သလက်တီကို မက်ဒရစ် ၊ ဘင်ဖီကာ ၊ ရက်ဘူး ဆဲလ်ဘတ် ၊ စပို့တင်း ၊ အင်တာ မီလန် တို့အနက် က တသင်းသင်း နဲ့ လာမယ့် ဖေဖော်ဝါရီလ အတွင်းမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

 

ကာဗာနီ ကတော့ ဒီအဆင့်မှာ ဘယ်အသင်းနဲ့ ဆုံတွေ့သည် ဖြစ်စေ ခက်ခဲတဲ့ ပွဲတွေကို ရင်ဆိုင် ကစားရမှာ သေချာကြောင်း ယူနိုက်တက် ရုပ်သံ ကနေ ပြောဆို သွားခဲ့သလို ဒီပွဲတွေ အတွက်လည်း အကောင်းဆုံး ပြင်ဆင် ထားမှာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ချန်ပီယံလိဂ် ဟာ ခက်ခဲတဲ့ ပြိုင်ပွဲ တခုပါ ။ တခါတလေ ပိုခက်ခဲတဲ့ အခြေအနေတွေ ရှိပြီး အရမ်းကို ခက်ခဲတဲ့ အနေအထားတွေ လည်း ကြုံရ တတ်ပါတယ် ။

ဒီနှစ် မှာ ကျွန်တော်တို့တွေရဲ့ ကြိုးစား အားထုတ်မှုတွေ ၊ ပြင်းပြတဲ့ ခံယူချက်တွေ နဲ့ အတူ အုပ်စု အဆင့်ကို ကျော်ဖြတ် နိုင်ခဲ့ ပါပြီ ။ ဒါက ကျွန်တော်တို့ ရဲ့ အဓိက ရည်မှန်းချက် တခုပါပဲ”

“အုပ်စု ကနေ တက်အောင်လုပ်မယ် ၊ ဖြစ်နိုင်ရင် အုပ်စု ပထမ နေရာကို ရအောင် ယူမယ်ဆိုတဲ့ ရည်မှန်းချက်က ပြည့်မြောက် သွားခဲ့ ပါပြီ ။ အခု နောက်တဆင့် မှာတော့ အုပ်စု တုန်းကနဲ့ လုံး၀ မတူတော့တဲ့ ခြားနားမှု ကို ခံစားရမှာပါ”

 

“ကျွန်တော့ အမြင်ကတော့ အကောင်းဆုံး အသင်း တသင်း ဖြစ်လာဖို့ ဆိုရင် ၊ ဖြစ်ချင်တယ် ဆိုရင်တော့ အကောင်းဆုံး ဆိုတဲ့ အရာတွေနဲ့ ရင်ဆိုင်နိုင်ရမှာ ပါပဲ ။

မဲခွဲတဲ့ အခါမှာ တခါတလေ ကိုယ့်ထက် အားနည်းတယ်လို့ သတ်မှတ်တဲ့ အသင်းတွေ နဲ့ တွေ့တယ် ၊ တခါတလေ အင်အားကြီးတာတွေ နဲ့ တွေ့တယ် ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ချန်ပီယံလိဂ် မှာ အသင်းတိုင်းက အသင်းကောင်းတွေ ချည်းပါပဲ ။

ဒီညနေမှာ ဘယ်အသင်းနဲ့ တွေ့ချင်တယ်လို့ စိတ်ကူးထားတာမျိုး မရှိပါဘူး ။ ဘာတွေ ဖြစ်မလဲပဲ စောင့်ကြည့် ရတာပေါ့”

“အဓိက ကတော့ ဘယ်အသင်းနဲ့ ပဲတွေ့တွေ့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေဖို့က ပိုပြီး အရေးကြီး တာပါ ။

ဘယ်လောက် အင်အားကြီးတဲ့ အသင်းပဲ ဖြစ်ပါစေ ၊ ကွင်းထဲမှာ ကျွန်တော်တို့ ရင်ဆိုင် နိုင်တယ်ဆိုတာကို ပြသ ရမှာပါ ။

ကျွန်တော်တို့မှာ အရည်အသွေးတွေ ရှိပါတယ် ၊ ယုံကြည်မှုလည်း ရှိပါတယ် ။ ဒါကြောင့် ဒီညမဲခွဲပွဲ ကို အရမ်းကြီး စိတ်ဝင်စားတဲ့ အထဲမှာ ကျွန်တော် မပါပါဘူး” လို့ ကာဗာနီ က ပြောဆို သွားခဲ့ ပါတယ် ။

 

အုပ်စု ပထမ ရ အသင်းတွေဟာ ရှုံးထွက် အဆင့် ရဲ့ ပထမ အကျော့ကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပြီး အဝေးဂိုး စည်းမျဉ်း ကိုတော့ ဒီနှစ်ကစပြီး ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ် ။

 

SPORTS MYANMAR