ချန်ပီယံလိဂ် မဲခွဲရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် အသင်းဟောင်း ယူနိုက်တက် နဲ့ ပတ်သက်လို့ အံ့ဖွယ် မှတ်ချက်ပေးလိုက်တဲ့ ပေါလ် အင့်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ 6 ပွဲ ကစားပြီးနောက် 3 ပွဲနိုင် ၊ 2 ပွဲသရေ ၊ 1 ပွဲရှုံး ရလဒ် ၊ ရမှတ် 11 မှတ် နဲ့ အတူ အုပ်စုဗိုလ် အဖြစ် 16 သင်း ရှုံးထွက် အဆင့်ကို တက်လှမ်း သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ မနေ့ညက နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့တဲ့ မဲခွဲ ရလဒ်တွေ အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 16 သင်း ရှုံးထွက် အဆင့်မှာ စပိန် ထိပ်သီး အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ရင်ဆိုင် ကစားသွားရဖို့ ရှိနေပါတယ် ။

အခြားတစ်ဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ဘောလုံး ရာသီမှာ ရလဒ်တွေ တည်ငြိမ်မှု ကင်းမဲ့ခဲ့သလို လက်ရှိ နည်းပြ ရန်းဂနစ် လက်အောက်မှာလည်း ပရိသတ်တွေ လိုချင်နေတဲ့ ရလဒ်ကောင်းတွေကို မရယူနိုင်ခဲ့ပါဘူး ။

ယူနိုက်တက်တို့ဟာ ယာယီ နည်းပြသစ် ရဲ့လ်ဖ် ရန်းဂနစ် လက်အောက်မှာ 3 ပွဲ ကစားခဲ့ရာ 2 ပွဲနိုင်၊ 1 ပွဲ သရေ ရလဒ် ရယူထားနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ အဆိုပါ ပွဲစဉ် 3 ပွဲလုံးမှာ သူတို့တွေဟာ တစ်ပွဲ တစ်ဂိုးစီသာ သွင်းယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဒီရာသီ နည်းပြ ရန်းဂနစ် လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားပုံ တိုးတက်လာခဲ့ပေမဲ့ ရလဒ်တွေဟာ မျှော်မှန်းထားသလောက် မကောင်းသေးတဲ့အတွက် ယူနိုက်တက်တို့ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲဆိုတာ ခန့်မှန်းဖို့ ခက်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ပေါလ် အင့်စ် ကတော့ ယူနိုက်တက် အသင်းဟာ ပုံစံကောင်း ပြသနိုင်တဲ့ ရက်စွဲတွေမှာ အသင်းတိုင်းကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း ပြောလိုက်ပြီး လက်ရှိ အသင်းဟာ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်စွမ်း ရှိတယ်လို့ မှတ်ချက်ပေးခဲ့လိုက်ပါတယ် ။

” သူတို့ (မန်ချက်စတာ ယူနိုက်တက်) တွေ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ပါတယ် ။ ဒီလိုပြောဆိုလို့ လူတွေက ကျွန်တော် ရူးသွပ်နေပြီလို့ ပြောဆိုကောင်း ပြောဆိုကြပါလိမ့်မယ် ။ ဒါပေမဲ့ ယူနိုက်တက်ကတော့ တကယ်ပဲ ဒီဆုဖလားကို ဆွတ်ခူးနိုင်ပါတယ် ”

” ယူနိုက်တက် အသင်းဟာ ကောင်းကောင်း ကစားနိုင်တဲ့ ရက်စွဲတွေမှာ ဘယ်လို အသင်းမျိုးကိုမဆို အနိုင်ယူနိုင်စွမ်း ရှိပါတယ် ။ ဟုတ်ပါတယ် ၊ ဘယ်လို အသင်းမျိုးပဲ ဖြစ်နေပါစေ ၊ သူတို့တွေ အနိုင်ယူပြနိုင်စွမ်း ရှိကြပါတယ် ”

” ရှုံးထွက် အဆင့်မှာ ခင်ဗျားဟာ ကိုယ့်ရဲ့ ပွဲစဉ်တွေကို ကစားပြနိုင်မယ် ၊ ပုံစံကောင်းရနေမယ် ၊ ပြီးရင် အခုလို ကမ္ဘာ့ အဆင့် ကစားသမားတွေကို ပိုင်ဆိုင်နေမယ်ဆိုရင် သူတို့ ချန်ပီယံလိဂ် ဖိုင်နယ် တက်ရောက်ပြီး ဖလား မဆွတ်ခူးနိုင်စရာ အကြောင်းကို မရှိပါဘူး ” လို့ ပေါလ် အင့်စ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar