ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို ဘယ်အသင်းတွေ တက်ရောက်သွားမလဲ ဆိုတာ ခန့်မှန်းလိုက်တဲ့ ခရစ်ဆပ်တွန်

၂၀၂၁ – ၂၀၂၂ ဘောလုံး ရာသီ အတွက် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မဲခွဲမှု ကို ဆွစ်ဇာလန် နိုင်ငံ ၊ နီယွန်မြို့မှာ တမြန်နေ့ည က ကျင်းပပြုလုပ် ပြီးစီးခဲ့ပြီး ဖြစ်ပါတယ် ။ ဥရောပ အင်အားကြီး အသင်း ၂သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပီအက်စ်ဂျီ – ရီးရဲလ်မက်ဒရစ် ပွဲအပါအဝင် အခြားသော စိတ်လှုပ်ရှားဖွယ် ပွဲ၈ပွဲ အထိ ပရိသတ်တွေ ရင်ခုန်စွာနဲ့ စောင့်မျှော်ရမှာ ဖြစ်ပါတယ် ။

အင်္ဂလန် ပရီးမီးယားလိဂ် ၄သင်းရဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲတွေအပြင် ၊ အခြား ၄ပွဲကိုပါ Daily Mail သတင်းဌာနရဲ့ ဆောင်းပါးရှင် တဦးလည်းဖြစ် ၊ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း တဦးလည်းဖြစ်တဲ့ ခရစ်ဆပ်တွန် က အခုလိုပဲ ခန့်မှန်းမှုတွေ လုပ်သွားခဲ့ပါတယ် ။

အက်သလက်တီကို – မန်ယူနိုက်တက် ( ကွာတား တက်မယ့် အသင်း – မန်ယူနိုက်တက် )

” ယူနိုက်တက် ဟာ မက်ဆီ ၊ အမ်ဘတ်ပေ ၊ နေမာတို့ကနေ ၊ လူးဝစ် ဆွာရက်ဇ် ၊ အန်တွိုင် ဂရဇ်မန်း တို့နဲ့ ပြောင်းလဲ ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ ရပ်လ်ဖ်ရန်းနစ် ဟာ ယူနိုက်တက် ခံစစ် ကို ကျစ်လျစ်မှု ရှိအောင် အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ် ။ နောက်ပြီး သူဟာ ယူနိုက်တက် အသင်းသားတွေကို ကိုယ်ပိုင် ဖီလိုဆိုဖီ ရိုက်သွင်းနိုင်ဖို့လည်း ကြိုးစားနေပါတယ် ။ ”

” အသင်းလိုက် စွမ်းဆောင်ရည် တခုလုံး က အားရစရာ မကောင်းသေးသည့်တိုင် ၊ သူဟာ ယူနိုက်တက် ကို ရလဒ်ကောင်းတွေ ယူဆောင်ထားပေးပါတယ် ။ လာမယ့် ဖေဖော်ဝါရီမှာ ယူနိုက်တက် ဟာ ဘယ်လို ခြေစွမ်း အဆင့်ကို ရောက်နေမယ် ဆိုတာ ဘယ်သူ သိနိုင်ပါ့မလဲ ။ သူ့ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေက အရမ်း ပြင်းထန်မှု ရှိတာကြောင့် ၊ ကစားသမား တချို့ တံကောက်ကြော ဒဏ်ရာ ရတာမျိုးလည်း ကြုံကောင်းကြုံနိုင်ပါလိမ့်မယ် ။ ”

” ဒါပေမယ့် သူတို့ဟာ အက်သလက်တီကိုနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ တိုးတက်မှု အတော်အသင့် ရှိတဲ့ ယူနိုက်တက် အဖြစ် မြင်တွေ့ရဖို့ မျှော်လင့်ထားပါတယ် ။ အက်သလက်တီကို ဟာ အရင်လို ခံစစ်အား အရမ်း ကျစ်လျစ်တဲ့ အသင်း တသင်း အသွင်မှာ ရှိမနေတော့ပါဘူး ။ ”

စပိုးတင်း လစ္စဘွန်း – မန်စီးတီး ( ကွာတား တက်မယ့် အသင်း – မန်စီးတီး )

” စပိုးတင်း ဟာ လက်ရှိ ပေါ်တူဂီ ချန်ပီယံ ဖြစ်ပေမယ့် ၊ သူတို့ဟာ အိုင်းယက်ဇ် ၊ ဒေါ့မွန် တို့နဲ့ အတူ ကျရောက်ခဲ့တဲ့ အုပ်စု C မှာတော့ တတိယ နေရာနဲ့သာ ယူရိုပါလိဂ်ကို ပြန်ဆင်းမယ်လို့ အများက ထင်ခဲ့ကြတာပါ ။ ဒါပေမယ့် သူတို့ဟာ လူငယ် နည်းပြ ရူဘင် အမိုရင်ရဲ့ လမ်းပြမှုနဲ့ အတူ အမှန်တကယ် တိုက်ပွဲဝင်ပြီး ၁၆သင်း အဆင့်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ် ။ ”

” မန်စီးတီးနဲ့ ရင်ဆိုင်ရပြီ ဆိုရင်တော့ ခင်ဗျားရဲ့ တိုက်ခိုက်နိုင်စွမ်း က အကန့်အသတ်နဲ့သာ ကျန်ရစ်မှာပါ ။ ပက်ဂွာဒီယိုလာ ကတော့ ဒီ မဲခွဲမှုကို ကျေနပ်နေပါလိမ့်မယ် ။ ဒါပေမယ့် သူ့အနေနဲ့ အတွေးမလွန်ဖို့တော့ လိုပါလိမ့်မယ် ။ ဒါက သူ့ကို မနှစ် က ချန်ပီယံလိဂ် ဖလားနဲ့ သွေဖယ်စေခဲ့တာပါ ။ ”

” ချန်ပီယံလိဂ်ရဲ့ ရှုံးထွက် အဆင့်တွေမှာ နည်းစနစ် စမ်းသပ်မှုတွေ လုပ်တာက အရဲစွန့်ရာကျပါတယ် ။ စီးတီးနဲ့ ဂွာဒီယိုလာ ဟာ ဥရောပ အောင်မြင်မှု ရဖို့ ဘယ်လောက်ထိ ဆာလောင်မှု ပြင်းပြနေတယ် ဆိုတာ ကျွန်တော့ဖက်က သတိပေးဖို့တောင် မလိုပါဘူး ။ ဒီပွဲဟာ သူတို့ရဲ့ အောင်ပွဲ ဖြစ်ပါတယ် ။ ”

 

ချဲလ်ဆီး – လိုင်လီ ( ကွာတား တက်မယ့် အသင်း – ချဲလ်ဆီး )

” ချဲလ်ဆီး ဟာ အုပ်စု ဒုတိယနဲ့သာ ၁၆သင်း အဆင့် တက်ခဲ့တုန်းက သူတို့ကိုယ် သူတို့ ဒေါသထွက်ခဲ့ပါလိမ့်မယ် ။ အဲဒီနောက် မဲခွဲပွဲမှာ သူတို့ လိုင်လီနဲ့ ၂ခါတောင် အတူကျခဲ့ပါတယ် ။ ဘယ်လောက်ကောင်းလိုက်တဲ့ ကံတရားလဲ ။ ကနဦး မဲခွဲမှုမှာ လိုင်လီနဲ့ အတူ မဲကျခဲ့လို့ သူတို့ အလွန်အမင်း ပျော်ရွှင်နေခဲ့မှာ သေချာပါတယ် ။ ”

” ဒုတိယ တကြိမ် မဲပြန်ခွဲတဲ့အခါမှာလည်း လိုင်လီနဲ့ပဲ ဆိုတော့ သူတို့ အတွက် ပိုမို ချိုမြိန်မှု ရှိပါတယ် ။ အထူးသဖြင့် လက်ကျန် မဲဘောလုံး ၂လုံးမှာ ရီးရဲလ်မက်ဒရစ် တသင်းပဲ ကျန်တော့တဲ အချိန်မှာပေါ့ ။ ဒါပေမယ့် ကျွန်တော် ကတော့ ချဲလ်ဆီး ဟာ ရီးရဲလ်ကို ၁၆ သင်း အဆင့်မှာ ရင်ဆိုင်ခဲ့ရရင်လည်း သူတို့မှာ အနိုင်ကစားနိုင်စွမ်း အပြည့်ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ”

” ဒါပေမယ့် လိုင်လီနဲ့ ရင်ဆိုင်ရတာ က ပိုကောင်းပါတယ် ။ သူတို့ဟာ ပြင်သစ် ချန်ပီယံ ဖြစ်ပေမယ့် ၊ ခံစစ် က အရမ်း ဆိုးရွားနေတဲ့ အပြင် ၊ လက်ရှိမှာလည်း အဆင့် ၁၁ နေရာမှာပဲ ရပ်တည်ထားနိုင်ပါတယ် ။ သူတို့ဟာ အုပ်စု G ကနေ အားအနည်းဆုံး အုပ်စုဗိုလ် အဖြစ်နဲ့ ၁၆သင်း အဆင့်ကို တက်ရောက်လာတာပါ ။ ”

” ဒါကို သောမတ်စ် တူချယ်နဲ့ ချဲလ်ဆီး အသင်းသား အားလုံး က သတိထားမိပြီးသား ဖြစ်ပါလိမ့်မယ် ။ ချဲလ်ဆီးကပဲ ကွာတား အဆင့် ကို လွယ်လွယ်ကူကူနဲ့ တက်ရောက်သွားပါလိမ့်မယ် ။ ”

အင်တာမီလန် – လီဗာပူး ( ကွာတား တက်မယ့် အသင်း – လီဗာပူး )

” ကနဦး မဲခွဲမှုမှာ လီဗာပူး ဟာ ဆဲလ်ဇ်ဘာ့နဲ့ အတူ ကျနေခဲ့တာပါ ။ ဒါပေမယ့် အင်တာ ဟာ ကျော်ဖြတ်ရ လွယ်ကူတဲ့ အသင်း မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ် ။ သူတို့ဟာ လက်ရှိ စီးရီးအေ ချန်ပီယံ ဖြစ်ပြီး ၊ လော်တရို မာတီနက်ဇ်လို အရည်အသွေးကောင်းတွေ ရှိတဲ့ ကြယ်ပွင့်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်း တသင်းပါ ။ ”

” နောက်ပြီး ပရီးမီးယားလိဂ်ကို စွန့်ခွာခဲ့ရတဲ့ ကစားသမားဟောင်းတွေရဲ့ တုန့်ပြန်မှု ကို အထင်မသေးပါနဲ့ ။ အလက်ဆစ် ဆန်းချက်ဇ်နဲ့ အီဒင် ဂျက်ကို တို့ဟာ ဒီ အခွင့်အရေးကို အပြည့်အဝ အသုံးချကြမှာပါ ။ ဒုတိယ အကျော့မှ အန်ဖီးလ်မှာ ကစားရမှာ က လီဗာပူး အတွက် အားသာချက် ဖြစ်ပါတယ် ။

” ပထမ အကျော့မှာ စီစဉ်ထားသလို ဖြစ်မလာဘူး ဆိုရင်တောင် လီဗာပူး ဟာ အန်ဖီးလ်မှာ သမိုင်းသစ် တခု ဖန်တီးနိုင်ပါသေးတယ် ။ ”

RB ဆဲလ်ဇ်ဘာ့ – ဘိုင်ယန်မြူးနစ် ( ကွာတား တက်မယ့် အသင်း – ဘိုင်ယန်မြူးနစ် )

” ဆဲလ်ဇ်ဘာ့ အတွက်တော့ ဒယ်အိုး ကနေ မီးဖိုထဲ ရောက်သွားသလိုပါပဲ ။ သူတို့ဟာ အစက လီဗာပူးနဲ့ မဲကျခဲ့ပါတယ် ။ အခုတော့ သူတို့ဟာ ဘိုင်ယန်နဲ့ ရင်ဆိုင်ရမှာပါ ။ သူတို့မှာ အသက် ၁၉နှစ် အရွယ် ဂျာမန် ကြယ်ပွင့် ကွင်းလယ်လူ ကာရင် အဒီယေမီလို လူငယ် ကြယ်ပွင့်တွေ ရှိပါတယ် ။ အာလင်း ဟာလန်းလို ထိပ်တန်း ကြယ်ပွင့်မျိုး သူတို့မှာ ပြုစုပျိုးထောင်နိုင်စွမ်း ရှိပါတယ် ။ ”

” ဒါပေမယ့် ဘိုင်ယန် ဟာ ဒီရာသီ ချန်ပီယံလိဂ် သွင်းဂိုး ၂၂ဂိုးနဲ့ ဂိုးအများဆုံး သွင်းထားတဲ့ အသင်း ဖြစ်ပြီး ၊ သူတို့ဟာ ဆဲလ်ဇ်ဘာ့ ကို ၂ကျော့လုံး အနိုင်ကစားကာ ၊ ကွာတားကို တက်ရောက်သွားပါလိမ့်မယ် ။ ”

ဘင်ဖီကာ – အိုင်းယက်ဇ် ( ကွာတား တက်မယ့် အသင်း – အိုင်းယက်ဇ် )

” ခင်ဗျားမှာ နည်းပြကောင်း တဦး ရှိရင် ၊ ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးမှာတောင် စိန်ခေါ်နိုင်စွမ်း ရှိပါတယ် ။ အိုင်းယက်ဇ် ဟာ အဲရစ် တမ်ဟတ်လို တမူထူးခြားတဲ့ နည်းပြကောင်း တဦး ပိုင်ဆိုင်ထားပြီး ၊ သူဟာ ဥရောပ အင်အားကြီး အသင်းတွေနဲ့ မကြာခဏ သတင်းတွေ ထွက်နေတယ် ဆိုတာ အကြောင်းပြချက်ကောင်း ရှိနေလို့ ဖြစ်ပါတယ် ။ ”

” သူဟာ ဝက်စ်ဟမ်းမှာ ရုန်းကန်ခဲ့ရတဲ့ ဆီဘတ်စတီယန် ဟယ်လာကို ချန်ပီယံလိဂ်မှာ အပျော် ဂိုးသွင်းနေတဲ့ တိုက်စစ်မှူး အသွင် အထိ ပြောင်းလဲပေးထားပါတယ် ။ အိုင်းယက်ဇ် ဟာ အုပ်စု C မှာ ပွဲအားလုံး အနိုင်ကစားပြီး ၊ အုပ်စုဗိုလ်နဲ့ ၁၆သင်း အဆင့်ကို တက်ရောက်လာသလိုမျိုး ၊ ဘင်ဖီကာကိုလည်း ၂ကျော့လုံး အနိုင်ကန်ပြီး ကွာတားကို တက်ရောက်သွားလိမ့်မယ် ။ ”

ဗီလာရီးရဲလ် – ယူဗင်တပ်စ် ( ကွာတား တက်မယ့် အသင်း – ယူဗင်တပ်စ် )

” ယူဗင်တပ်စ် ဟာ အရင်လို ကြောက်စရာကောင်းတဲ့ အင်အားကြီး အသင်း တသင်း အသွင်မှာ ရှိမနေတော့ပါဘူး ။ အိုးလေဒီတွေဟာ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုတောင် မနည်း ရပ်တည်နိုင်ဖို့ ပြုပြင် တည်ဆောက်နေရတဲ့ အနေအထားကို ရောက်နေပါတယ် ။ ”

” ဗီလာရီးရဲလ် ကတော့ ခန့်မှန်းရခက်တဲ့ အသင်းဖြစ်ပါတယ် ။ သူတို့ဟာ ပြည်တွင်းလိဂ်မှာ အဆင့် ၁၃ နေရာ အထိ ရောက်နေပေမယ့် ၊ အူနိုင်း အမ်မရီလို ရှုံးထွက်ဖလား စပါယ်ရှယ်လစ် နည်းပြ တဦး ရှိနေတာကြောင့် ၊ ၁၆သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ ယူဗီကို ကွာတား တက်ဖို့ ထောက်ခံထားဆဲ ဖြစ်ပါတယ် ။ ”

ပီအက်စ်ဂျီ – ရီးရဲလ်မက်ဒရစ် ( ကွာတား တက်မယ့် အသင်း – ပီအက်စ်ဂျီ )

” ၁၆ သင်း အဆင့်ရဲ့ အကြီးကျယ်ဆုံးပွဲ ဖြစ်ပါတယ် ။ နောက်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ပျက်မှု ကို ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။ သူတို့ဟာ ကနဦး မဲခွဲမှုမှာ ဘင်ဖီကာနဲ့ ရင်ဆိုင်ရမယ့် အနေအထားကနေ ပီအက်စ်ဂျီနဲ့ ပြောင်းလဲ ရင်ဆိုင်ရမှာ ဖြစ်လို့ ဒေါသလည်း ထွက်သင့်ပါတယ် ။ ”

” ပြည်တွင်းလိဂ်မှာ ရီးရဲလ်မက်ဒရစ် ဟာ ပြတ်ပြတ်သားသား လွှမ်းမိုးထားနိုင်တာ မှန်ပေမယ့် ၊ ကျွန်တော် ကတော့ ပီအက်စ်ဂျီ ကို ကွာတားတက်မယ်လို့ မျှော်မှန်းထားပြီး ၊ ဂိုးအများနဲ့ အကြိတ်အနယ် ရှိမယ့် ပွဲဖြစ်လာပါလိမ့်မယ် ။ အရိုးသားဆုံး ပြောကြရအောင် ၊ ဒီ ၂သင်း ရင်ဆိုင်မယ့် မိနစ် ၁၈၀ မှာ ၀ – ၀ ရလဒ်မျိုး ထွက်လာစရာ အကြောင်းတော့ မရှိလောက်ဘူး မဟုတ်လား ။ ”

SPORTS MYANMAR