ချန်ပီယံလိဂ်မှာ တွေ့ဆုံမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းကို ချီးကျူးပြီး အသင်းဖော်တွေကို သတိပေးလိုက်တဲ့ ဆွာရက်ဇ်

အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ လူးဝစ် ဆွာရက်ဇ်က ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ 16 သင်း အဆင့် ရှုံးထွက် ပွဲစဉ်မှာ ရင်ဆိုင်ရမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ကြောင်း ချီးကျူးခဲ့လိုက်ပါတယ် ။

ချန်ပီယံလိဂ် 16 သင်း အဆင့်အတွက် မဲခွဲပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး မဲနှစ်ကြိမ် ခွဲခဲ့ရတဲ့ ပွဲမှာတော့ အက်သလက်တီကို မက်ဒရစ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ဖို့ အကြောင်းကံ ဖန်သွားခဲ့ရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ် အများစုကတော့ ဒီအဆင့်မှာ ပထမ မဲခွဲရလဒ် ဖြစ်ခဲ့တဲ့ PSG အသင်းကို ရင်ဆိုင် ရတာထက် အက်သလက်တီကို မက်ဒရစ် အသင်းကို ရင်ဆိုင်ရတာဟာ ပိုမိုလွယ်ကူနေလိမ့်မယ်လို့ တွေးတောနေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ ပြီးဆုံးခဲ့တဲ့ ဘောလုံးရာသီတုန်းက လာလီဂါ ချန်ပီယံ ဖြစ်နိုင်ခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းဟာ ဒီနှစ် ရာသီမှာတော့ အရင်လို တည်ငြိမ်တဲ့ ရလဒ်ကောင်းတွေ ရယူဖို့ မကြာခန ဆိုသလို ရုန်းကန်နေခဲ့ရလို့ပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ လူးဝစ် ဆွာရက်ဇ် ဆိုတာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လီဗာပူး အသင်း အတွက် ကစားပေးခဲ့စဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းကို မကြာခန ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်တဲ့ အတွက် ပြိုင်ဖက် အသင်းရဲ့ အကြောင်း သိနှင့်ပြီးသူပဲ ဖြစ်ပါတယ် ။

အခုတော့ ပြိုင်ဖက်ဟောင်း ယူနိုက်တက် အသင်းကို ဒီပြိုင်ပွဲမှာ ရင်ဆိုင်ဖို့ မဲခွဲရလဒ် ထွက်ပေါ်ခဲ့တဲ့နောက် လူးဝစ် ဆွာရက်ဇ် က ပြိုင်ဖက်ကို အကောင်းဆုံး အသင်း တသင်း အဖြစ် ချီးကျူးလိုက်ပြီး အသင်းဖော်တွေကို သတိပေးစကား ပြောခဲ့လိုက် ပါတယ် ။

” ဒုတိယအကြိမ် မဲခွဲတဲ့ ရလဒ်ကို ကျွန်တော် ကြည့်ရှုဖြစ်ခဲ့ပါသေးတယ် ။ ချန်ပီယံလိဂ် ဖလားကို ရယူ ဆွတ်ခူးနိုင်ဖို့ ဆိုရင်တော့ ခင်ဗျားတို့ဟာ အကောင်းဆုံး အသင်းတွေကို အနိုင်ယူ ကျော်ဖြတ်ဖို့ လိုအပ်နေမှာ အမှန်ပါပဲ ”

” မန်ချက်စတာ ယူနိုက်တက် ဆိုတာက အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ ။ ကျွန်တော်တို့တွေဟာ ရှုံးထွက် အဆင့်ကို တက်နိုင်သလောက် အကောင်းဆုံး ပုံစံ နဲ့ သွားရောက်ဖို့ လိုအပ်နေပါလိမ့်မယ် ” လို့ ဆွာရက်ဇ် က အသင်းဖော် တွေကို သတိပေး နှိုးဆော်ခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိ ဘောလုံး ရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာလည်း ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရတာ အားလုံး အသိပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ဆိုးလ်ရှား မရှိတော့တဲ့နောက် အသင်းဟာ ရလဒ်တွေ ပြန်ပြီး ကောင်းလာခဲ့တာကြောင့် ဒါဟာ ပရိသတ်တွေ အတွက် စိတ်လှုပ်ရှားစရာပွဲ ဖြစ်လာဖို့ ရှိနေပါတယ် ။

#Sports_Myanmar