ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ဘာစီလိုနာ အသင်း နဲ့ ပတ်သက်ပြီး အမှန်တရားတစ်ခုကို ဝန်ခံလိုက်တဲ့ ဇာဗီ

ဘာစီလိုနာ အသင်း နည်းပြ ဇာဗီ က အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းကို ၃ ဂိုးပြတ် ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရတဲ့ အတွက် သူ ဒေါသ ထွက်ခဲ့ရကြောင်း ဝန်ခံလိုက်ပြီး သူ့အသင်းဟာ ယူရိုပါလိဂ် အသင်း ဖြစ်နေပြီလို့ ဆိုပါတယ် ။

 

ဘာစီလိုနာ အသင်းဟာ ၂၀၀၀-၀၁ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စု အဆင့်ကနေ ထွက်ခွာ ခဲ့ရတာ ဖြစ်ပါတယ် ။ ဒီနေ့ မနက်မှာ ကစားခဲ့တဲ့ ပွဲမှာ ဘာစီလိုနာ အသင်းဟာ ဘိုင်ယန်မြူးနစ် ကို ရှုံးနိမ့်ပြီး ၊ ဘင်ဖီကာ က ဒိုင်နမိုကိဗ် ကို အနိုင် ရသွားခဲ့ပါတယ် ။

ဒါကြောင့် ဘင်ဖီကာ အသင်းဟာ အုပ်စု ဒုတိယနေရာ နဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်လှမ်း သွားခဲ့ပြီး ဘာစီလိုနာ အသင်းကတော့ အုပ်စု တတိယပဲ ရတာကြောင့် ယူရိုပါလိဂ် ပြိုင်ပွဲကို ဆင်းသွား ခဲ့ရပြီ ဖြစ်ပါတယ် ။

ဘာစီလိုနာ ဟာ ချန်ပီယံလိဂ် အုပ်စု အဆင့် ၆ ပွဲမှာ သွင်းဂိုး ၂ ဂိုးသာ သွင်းယူ နိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ် ၊ ဘင်ဖီကာ တို့နဲ့ ကစားခဲ့တဲ့ ၄ ပွဲစလုံး ဂိုးလုံးဝ သွင်းနိုင်ခဲ့ခြင်း မရှိပါဘူး ။

ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ်သာမက ပြည်တွင်းလိဂ် မှာပါ ရုန်းကန် နေရပြီး လက်ရှိ အဆင့် ၇ နေရာမှာပဲ ရပ်တည်နေကာ ထိပ်ဆုံးက ခါးသီး ပြိုင်ဘက် ရီးရဲလ် မက်ဒရစ် အသင်း နဲ့ ရမှတ် ၁၆ မှတ် အထိ ကွာဟ နေပါတယ် ။

ဘိုင်ယန်မြူးနစ် အသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရပြီးနောက် ဘာစီလိုနာ နည်းပြ ဇာဗီ က Spanish TV မှာ ” ဒီနေ့မှာ ဘိုင်ယန်မြူးနစ် အသင်းက ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ် ၊ သူတို့ အသာစီး နဲ့ ကစားသွားခဲ့တာပါ ။ ”

” ကျွန်တော်တို့ ကြိုးစား ကစားခဲ့ကြပါတယ် ၊ high press လုပ်ပြီး သူတို့ဆီက ဘောလုံး ရယူဖို့ လုပ်ဆောင် ခဲ့ပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ လက်ရှိ အခြေအနေက ခါးသီးတဲ့ အမှန်တရား တစ်ခုပါပဲ ။ ”

” ဒီနေ့က ကျွန်တော်တို့ရဲ့ အခန်းသစ် တစ်ခု စတင်တဲ့ နေ့တစ်နေ့ပါပဲ ၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဒီထက် ပိုကောင်းအောင် လုပ်နိုင်ရမယ် ဆိုတဲ့ စိတ်ဓာတ်မျိုး ထားရှိရမှာပါ ၊ ဒီနေ့ ရှုံးပွဲကို အပြောင်းအလဲတွေ ဖြစ်ပေါ် လာဖို့အတွက် အသုံးချ သွားရပါမယ် ။ ”

” ဒီနေ့မှာ ကျွန်တော်တို့ ထိပ်တန်း အသင်း နဲ့ ယှဉ်ပြိုင် ကစား နိုင်ခဲ့ခြင်း မရှိပါဘူး ၊ အမှန်တရားတစ်ခု ကို ပြောရရင် ကျွန်တော်တို့ အသင်းက ယူရိုပါလိဂ် အသင်း ဖြစ်နေပါပြီ ၊ ကျွန်တော်တို့ အနေနဲ့ ဒီအမှန်တရားကို လက်ခံ နိုင်ဖို့ လိုအပ်ပါတယ် ၊ ဘာကာ အသင်း ရှိနေသင့်တဲ့ နေရာ ပြန်ရောက်လာအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစား လုပ်ဆောင် ရပါမယ် ။ ”

” ကျွန်တော် တကယ် ဒေါသထွက် မိပါတယ် ၊ ဘာကာ က ဒီလို နေရာမှာ ရှိနေသင့်တဲ့ အသင်းတော့ မဟုတ်ပါဘူး ၊ ဘာကာ အသင်း ဒီလို ဖြစ်နေရတဲ့ အကြောင်းအရင်းကတော့ အများကြီး ရှိပါတယ် ၊ အခုလို ဖြစ်လာတဲ့ အတွက်လည်း ကျွန်တော့်မှာ တာဝန် ရှိတယ်လို့လည်း ခံစား ရပါတယ် ။ ”

” ကျွန်တော်တို့ နောက်တစ်ဆင့် တက်နိုင်လိမ့်မယ်လို့ မျှော်မှန်း ထားခဲ့ပေမယ့် ဖြစ်မလာ ခဲ့ပါဘူး ၊ ယူရိုပါလိဂ် ပြိုင်ပွဲလား ? ကျွန်တော်တို့ ပွဲတိုင်းကို အနိုင် ကစားပြီး ချန်ပီယံဆုကို အရယူဖို့ ကြိုးစား သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM