ခရစ္စတီယာနို ရိုနယ်ဒို ကို အခြားဂြိုဟ်က ပါလို့ ထုတ်ဖော် ချီးကျူးခဲ့တဲ့ ဘောလုံးစတား

ယူဗင်တပ် အသင်းရဲ့ ရှေ့တန်းလူ ဖက်ဒရီကို ချီယေဆာ ဟာ မန်ချက်စတာ ယူနိုက်တက် ကို ရောက်ရှိ ကစား နေတဲ့ ယူဗင်တပ် အသင်းဖော်ဟောင်း တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ကို ချီးကျုး ပြောဆိုမှု ပြုလုပ် သွားခဲ့ ပါတယ် ။

ချီယေဆာ ဟာ ရိုနယ်ဒို ရဲ့ အနိုင်ရလိုစိတ် ပြင်းထန်မှု နဲ့ ကြံ့ခိုင်တဲ့ စိတ်ဓါတ်တွေ ကို အထူး သဘောကျ နှစ်သက် ခဲ့ပြီး အခြား ကမ္ဘာ တခုက လာတဲ့ ကစားသမားလို့ပင် အမွှန်းတင်သွား ခဲ့ ပါတယ် ။

ချီယေဆာ ဟာ ဖီအိုရင်တီးနား ကနေ ယူဗင်တပ် အသင်းဆီ ၂၀၂၀-၂၁ ရာသီ အစမှာ ၂ နှစ် အငှား စာချုပ်နဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ယူဗင်တပ် မှာ ပွဲပေါင် ၄၃ ပွဲ အထိ ကစားခွင့် ရရှိကာ ၁၄ ဂိုးသွင်းပြီး ၁၀ ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။

အီတလီသား ဟာ ရိုနယ်ဒို နဲ့ ယူဗင်တပ်မှာ ၁ ရာသီသာ အတူ ကစားခဲ့ရပြီး ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ ဒီနှစ် နွေရာသီ မှာတော့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ဆီ ပြန်လည် ပြောင်းရွှေ့ သွားခဲ့ ပါတယ် ။

လက်ရှိ မှာတော့ အီတလီ ဘောလုံးလောကဟာ ဆောင်းရာသီ နားရက်ကို ရောက်ရှိ နေပြီး ကစားသမားတွေ ၊ နည်းပြတွေ နဲ့ အသင်းက ဝန်ထမ်းတွေဟာ နှစ်သစ်ကူး ကာလကို ဖြတ်သန်း အစီအစဉ်တွေ လုပ်ဆောင် နေကြပါတယ် ။

ချီယေဆာ ကတော့ အီတလီ သတင်းစာ La Repubblica နဲ့ အင်တာဗျူး တခု ပြုလုပ် ခဲ့ပြီး အဲ့ဒိ အထဲမှာ ရိုနယ်ဒို ရဲ့ အကြောင်းကို ထည့်သွင်း ပြောဆို သွားခဲ့တာပဲ ဖြစ် ပါတယ် ။

“ဘောလုံး သမိုင်းကြောင်း ရဲ့ အကြီးကျယ် အခမ်းနားဆုံး ချန်ပီယံ တယောက် နဲ့ အတူ တနှစ် ကစားခွင့် ရခဲ့တာဟာ ကျွန်တော့ အတွက် တကယ်ကို ကံကောင်းတဲ့ အရာ ပါပဲ ။

ရိုနယ်ဒို လို ကစားသမားမျိုး ကို အပြင်မှာ အတူ မြင်တွေ့ခွင့် ရတာ ၊ အတူ ကစားခွင့် လေ့ကျင့်ခွင့် ရတာတွေ ဟာ ကျွန်တော်တို့လို လူငယ်တွေ အတွက် အဖိုးမဖြတ် နိုင်တဲ့ အရာတွေ ပါပဲ ။

သူ့ရဲ့ ပြတ်သားတဲ့ ခံယူချက် ၊ ပြင်းပြတဲ့ စိတ်ဓါတ် နဲ့ စည်းကမ်း လိုက်နာမှုတွေ ဟာ ဟိုးအရင် က နာမည်ကျော် ခဲ့တဲ့ အတိုင်းပါပဲ”

“ကျွန်တော်တို့ အတွက်တော့ သူဟာ အခြားဂြိုဟ် တခုကနေ ရောက်လာတဲ့ သူလိုပါပဲ ။

သူ့ဆီကနေ အများကြီး သင်ယူ နိုင်ခဲ့သလို သူ ရှိနေတာဟာ ကျွန်တော့ကို စိတ်ဓါတ် ခွန်အားတွေ ပေးနိုင်ခဲ့ ပါတယ် ။ သူ နဲ့ အတူ အလုပ်လုပ် ခဲ့ရတာ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းခဲ့ပြီး ကျွန်တော့ကို ပိုကောင်း လာစေခဲ့ ပါတယ်” လို့ ချီယေဆာ က ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို နဲ့ ချီယေဆာ တို့ဟာ မနှစ်က ရာသီတုန်းက ၃၄ ပွဲ အတူ ပါဝင် ကစားခဲ့ဖူးပြီး သူတို့ အကြားမှာ သွင်းဂိုး ၆ ဂိုး ရရှိ ခဲ့ ပါတယ် ။

ဒီရာသီ မှာတော့ ချီယေဆာ ဟာ အယ်လီဂရီ ရဲ့ ယူဗင်တပ် မှာ အရေးပါတဲ့ ကစားသမား တယောက် ဖြစ်လာခဲ့ သလို အီတလီ လက်ရွေးစင် အသင်း ရဲ့ ယူရို အောင်ပွဲမှာ လည်း အဓိက ကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် ခြေစွမ်းပြ ပေး သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ကတော့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် မှာ အရေးပါသူ တယောက် အဖြစ် ဆက်လက် ရပ်တည် နိုင်ခဲ့ ပါတယ် ။

တိုက်စစ်မှူးကြီးဟာ ဒီရာသီ အသင်းရဲ့ အဓိက ဂိုးသွင်းသူ ဖြစ်လာသလို ချန်ပီယံလိဂ် မှာလည်း သူ့ရဲ့ သွင်းဂိုးတွေနဲ့ ယူနိုက်တက် တို့ အုပ်စု အဆင့်ကို ကျော်ဖြတ် နိုင်ခဲ့တာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR