ကွင်းထဲမှာ အသက်ရှူရခက်ခဲ သွားခဲ့ရတဲ့ လင်ဒီလော့ဖ် အပေါ် မှတ်ချက်တွေ ပေးလိုက်ကြတဲ့ ဒီဂီယာ နဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ carrow road ကွင်းထဲမှာ နောဝှစ်ချ် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး ပွဲချိန် 75 မိနစ်မှာ ရရှိခဲ့တဲ့ ရော်နယ်ဒို ရဲ့ တစ်လုံးထဲသော ပင်နယ်တီ သွင်းဂိုးကြောင့် 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့ကြပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် အသင်းရဲ့ ဗဟိုနောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ် ဟာ ဂိုးမရခင် တစ်မိနစ် အလိုမှာ အသင်းဖော် အဲရစ် ဘိုင်လီ နဲ့ လူစားလဲခံ ခဲ့ရပါသေးတယ် ။ အခုတော့ သူဟာ ကွင်းထဲမှာ အသက်ရှူရ ခက်ခဲနေခဲ့တဲ့ အတွက် လူစားခံခဲ့ရတာလို့ သိလိုက်ရ ပါတယ် ။

 

အခုတော့ ယူနိုက်တက် အသင်းရဲ့ ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က အသင်းဖော် အသက်ရှူရ ခက်ခဲနေခဲ့တဲ့အတွက် သူဟာ ကြောက်ရွံ့ စိုးရိမ်မိခဲ့ကြောင်း ၊ လူ့ အသက် က အရေးအကြီးဆုံး ဖြစ်ပြီး ဘောလုံးဆိုတာက အရေးမကြီးကြောင်း ပြောခဲ့လိုက်ပါတယ် ။

 

” ပထမဆုံး အရေးကြီးတာက ဘဝ ပါပဲ ။ ဘောလုံးက အရေးမကြီးပါဘူး ။ ကစားသမား အချို့ ကွင်းထဲ ခံစားနေခဲ့ကြတာ မြင်ဖူးပါတယ် ။ သူတို့ ဘာတွေ ဖြစ်နေခဲ့လဲ ဆိုတာ ကျွန်တော် မသိပါဘူး ။ ဒါပေမဲ့ ဗစ်တာ ကတော့ အသက်ရှူရ ခက်ခဲနေခဲ့တာ ထင်ရှားခဲ့ပါတယ် ”

” ကျွန်တော်တို့ အဲရစ်ဆင် ၊ အဂူရို တို့ကို မြင်တွေ့ခဲ့ပြီးပါပြီ ။ ဒါ့ကြောင့် ခင်ဗျားရဲ့ ကစားသမား (အသင်းဖော်) က ကွင်းထဲ အဲ့ဒီလို ဖြစ်နေတာကို ကြည့်ရတာ တကယ့်ကိုပဲ ခက်ခဲလှပါတယ် ။ သူ အပြည့်အဝ အဆင်ပြေပါစေ လို့ ကျွန်တော် မျှော်လင့်ပါတယ် ” လို့ ဒီဂီယာ က ပြောခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် ကတော့ ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ သူရဲ့ ကစားသမားကို ကြည့်နေရတာက အဆင်ပြေနေပုံပေါ်နေခဲ့ကြောင်း အပေါင်းလက္ခဏာဆောင်တဲ့ စကားကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အဲ့တာကြီးက ဘယ်လို ဖြစ်သွားသလဲ ဆိုတာကို ဗစ်တာ ကိုယ်တိုင်တောင် သေသေချာချာ မှတ်မိမယ် မထင်ပါဘူး ။ သူ အခြား ကစားသမား တစ်ယောက်ယောက် နဲ့ ခိုက်မိခဲ့တာ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ အဲ့ဒီနောက် သူဟာ အသက်ရှူရ ခက်ခဲသွားခဲ့ပါတယ် ”

 

” အချိန် 10 မိနစ်ကျော် အထိတော့ သူ့ရဲ့ နှလုံးခုန်သံတွေက ပုံမှန်ထက်ပိုပြီး ခုန်တာမြန်ဆန်နေခဲ့ ပါတယ် ။ အဲ့ဒီလို ဖြစ်ခဲ့ရတဲ့ အတွက် သူကိုယ်တိုင်လည်း အံ့အားသင့်နေပုံ ပေါ်လွင်နေခဲ့ရ ပါတယ် ။ အဲ့တာကြောင့် ကျွန်တော်တို့က သူ့ကို လူစားလဲခဲ့ကြတာပါ ”

” ပွဲပြီးတော့ ဆရာဝန်က သူ့ကို စစ်ဆေးခဲ့ပါသေးတယ် ။ သူ့ကို ကြည့်ရတာ အရာရာတိုင်း ok နေသလိုပါပဲ ။ မနက်ဖြန် သူဘယ်လို ဖြစ်နေဦးမလဲဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်ကြရပါဦးမယ် ။ ဘရန့်ဖို့ဒ် နဲ့ပွဲမှာ ပါဝင်နိုင်ပါစေလို့ မျှော်လင့်ပါတယ် ” လို့ ရန်းဂနစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar