ကော်တင်ဟို ကို မန်ချက်စတာ ကလပ်တွေဆီ ကမ်းလှမ်းကြည့်ခဲ့ပြီး ၊ ဖာရန် တောရက် နဲ့ သဘောတူညီမှု ရယူထားတဲ့ ဘာစီလိုနာ

ဘာစီလိုနာ ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ တိုက်စစ်မှုး တစ်ယောက် ခေါ်ယူနိုင်ဖို့ အတွက် အခု ကတည်းက စတင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ် က ဆိုရင် အားကစား ဒါရိုတ်တာ MAteu Alemany နဲ့ အလုပ် အမှုဆောင်ချုပ် Ferran Reverter တို့ဟာ မန်ချက်စတာ ကို ရောက်ရှိလာခဲ့ပြီး ၊ အပြောင်းအရွှေ့ ဆိုင်ရာ လုပ်ငန်း တချို့ ကို ဆောင်ရွက်ခဲ့တယ်လို့ နားလည်ရပါတယ်။ သူတို့ နှစ်ယောက် စလုံးဟာ မန်ချက်စတာ မြို့ခံ ကလပ် နှစ်ခုစလုံးက တာဝန်ရှိသူတွေ နဲ့ တိုက်ရိုတ် တွေ့ဆုံခဲ့ ပါတယ်။

အဓိက ရည်ရွယ် ချက်ဟာ လက်ရှိမှာ အသင်းနဲ့ စာချုပ် ကိစ္စ သဘောတူညီမှု ရရှိထားတဲ့ ဖာရန် တောရက် ရဲ့ အပြောင်းအရွှေ့ ကို ဘယ်လို ပေါ်ပေါက်အောင် လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ အပေါ် သွားရောက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

သတင်းထောက် Patrick Berger ကတော့ ဘာစီလိုနာ နဲ့ တောရက် တို့အကြား နှစ်ရှည် စာချုပ် ချုပ်ဆိုကြဖို့ အပြီးသတ် သဘောတူညီမှု ရရှိထားပြီးပြီ လို အခိုင်မာ ဆိုထားပြီး ၊ ကစားသမား ကိုယ်တိုင်လဲ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ မန်စီးတီး ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ ကတ်တလန် အခြေစိုက် သတင်းစာတွေမှာ ရေးသားလိုက်ပါတယ်။ ဒါကြောင့်လဲ ဘာစီလိုနာ အပြောင်းအရွှေ့ ဖြစ်ပေါ်လာနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေ ဖို့ အတွက် မန်ချက်စတာ ကို ရောက်ရှိလာခဲ့တာပါ။

တကယ်တော့ သူတို့ ဆွေးနွေးသွားကြတဲ့ အကြောင်းအရာတွေ ထဲမှာ ဖာရန် တောရက် ရဲ့ ကိစ္စ တစ်ခုတည်း မဟုတ်ပါဘူး။ ဘာစီလိုနာ ကနေ ထွက်ခွာချင်နေတယ်လို့ သတင်းကြီး ခဲ့တဲ့ စတာလင် ကိုလဲ စိတ်ဝင်စားနေတဲ့ အကြောင်း ပြောပြခဲ့သလို ၊ မန်စီးတီး ဘက်က သဘောထား တစ်ချို့ကိုလဲ မေးမြန်းကြည့်ခဲ့တယ်လို့ ယူဆရပါတယ်။

ဘာစီလိုနာ အသင်း တာဝန်ရှိသူတွေ ဟာ ယူနိုက်တက် နဲ့ တွေ့ဆုံချိန်မှာတော့ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရတဲ့ မာရှယ် ၊ ကာဗာနီ တို့ရဲ့ အကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မန်ချက်စတာ ကလပ်တွေ က ခေါ်ယူဖို့ စိတ်ဝင်စားပါက သူတို့ ရဲ့ ကွင်းလယ် ကစားသမား ကော်တင်ဟို ကို ခေါ်ယူခွင့် ရှိနေကြောင်း ၊ ဒါမှမဟုတ် အပြောင်းအရွှေ့ ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် လက်ခံပေးမယ် ဆိုရင် ထည့်သွင်း ကမ်းလှမ်းဖို့ အဆင်သင့်ရှိကြောင်းကိုပဲ ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

ကော်တင်ဟို ဟာ လက်ရှိ ဘာစီလိုနာ ကစားသမား စာရင်းမှာ လုပ်ခ လစာ အများဆုံး ကစားသမား ဖြစ်ပြီး ၊ နည်းပြသစ် ဇာဗီရဲ့ လက်ထက်မှာလဲ ဦးစားပေး ကစားသမား အဖြစ် ပွဲထွက် ကစားခွင့်ရဖို့ ရာခိုင်နှုန်း နည်းပါးလျှက် ရှိနေပါတယ်။

သို့သော် မန်ချက်စတာ ကလပ် နှစ်ခု စလုံး က ကော်တင်ဟို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အကြောင်း ပြသခြင်း မရှိခဲ့ပဲ ၊ သူတို့ ကစားသမား တချို့ကို ခေါ်ယူဖို့ တကယ်တမ်း စိတ်ဝင်စားပါက ငွေသား နဲ့ တိုက်ရိုတ် ကမ်းလှမ်းလို့ ရကြောင်း လမ်းဖွင့်ပေးသွားခဲ့ ပါတယ်။

မန်စီးတီး ဟာ ဖာရန် တောရက် ကို ဗလင်စီယာ အသင်းကနေ ခေါ်ယူခဲ့စဉ်က ယူရို 25 သန်း ပေးချေခဲ့သော်လဲ ၊ လက်ရှိ အချိန်ထိတော့ တန်ဖိုး သတ်မှတ်ထားခြင်း မရှိသေးပါဘူး။ ဘာစီလိုနာ ကတော့ ယူရို သန်း 70-80 ဝန်းကျင် နဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

SMART