ကိုယ့်ပေါင်ကိုယ်လှန်ထောင်ပြီး ၊ အနီးကပ် ပြိုင်ဖက်တွေကို ချဲလ်ဆီးတို့ ကျော်တက်ခွင့် ပေးခဲ့တဲ့ ဝက်စ်ဟမ်း ၃ – ၂ ချဲလ်ဆီး ပွဲမှ ခြင်္သေ့ပြာတို့ရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ရဲ့ အစောဆုံးပွဲ ဖြစ်တဲ့ လန်ဒန်ဒါဘီ ဝက်စ်ဟမ်း – ချဲလ်ဆီး ပွဲမှာ ဧည့်သည် ချဲလ်ဆီး အသင်း ဟာ ၂ကြိမ်တိုင်တိုင် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ ချေပဂိုးတွေနဲ့ အနိုင်ဂိုးပါ ပြန်ပေးခဲ့ရကာ ၊ ၃ – ၂ ရလဒ်နဲ့ အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 5 )

ဒါဟာ ချဲလ်ဆီး ကစားသမား ဘဝ မန်ဒီရဲ့ အဆိုးဝါးဆုံး ပွဲတပွဲလို့ တင်စားလို့ ရပါတယ် ။ အထူးသဖြင့် ဝက်စ်ဟမ်းဖက်ကို ပေးခဲ့ရတဲ့ ပင်နယ်တီ ပေးဂိုးမှာ ၄င်းရဲ့ အမှား တိုက်ရိုက် ပါဝင် ပတ်သက်နေခဲ့ပြီး ၊ ပြိုင်ဖက်ရဲ့ ဦးဆောင်ဂိုးကိုလည်း ကာကွယ်ဖို့ ကောင်းခဲ့ပါတယ် ။

နောက်တန်း – အန်ဒရီယာစ် ခရစ်တန်ဆန် ( Rating – 6 ) ၊ သီယာဂို ဆေးလ်ဗား ၊ အန်တိုနီယို ရူဒီဂါ ( Rating – 7 )

ဂိုးမပေးရခင် အထိ မနေ့ည က ချဲလ်ဆီး အသင်းရဲ့ ခံစစ် ဟာ ကျစ်လျစ်မှု ရှိခဲ့ပြီး ၊ ချေပဂိုး ခွင့်ပြုခဲ့ရ အပြီး နောက်ပိုင်းမှာတော့ သီယာဂို ဆေးလ်ဗား က လွဲပြီး ၊ ကျန်တဲ့ နောက်ခံလူတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှု အတော်လေး ထိုးဆင်းသွားခဲ့ပါတယ် ။

ပေးခဲ့ရတဲ့ ဂိုး ၃ဂိုးမှာ ခံစစ် အမှားထက် ၊ တဦးချင်း အမှားလို့ ပြောရင် ပိုပြီး မှန်မှာ ဖြစ်ပေမယ့် ၊ ချေပဂိုး စခွင့်ပြုခဲ့ရတဲ့ အချိန်ကစပြီး ၊ ချဲလ်ဆီး ခံစစ် ဟာ လုံခြုံမှု မပေးနိုင်တော့တာကို ခံစားမိမှာ ဖြစ်ပါတယ် ။ အထူးသဖြင့် ဝက်စ်ဟမ်း တိုက်စစ်မြားဦး ၂ခုဖြစ်တဲ့ မီခေးလ် အန်တိုနီယိုနဲ့ ဂျရော့ ဘိုဝမ် တို့ကို ချဲလ်ဆီး ခံစစ် က ရေရှည်မှာ ထိန်းနိုင်ခဲ့ခြင်း မရှိပါဘူး ။

ဒုတိယ ပေးဂိုးမှာတော့ ရူဒီဂါ ၊ ခရစ်တန်ဆန်တို့ အနည်းငယ် အငိုက်မိနေခဲ့ပြီး ၊ တတိယဂိုး မပေးရခင် ၊ ခရစ်တန်ဆန် ဟာ ဘိုဝမ် ကို ပင်နယ်တီ ဧရိယာ အတွင်း အလွတ်ကန်ခွင့် တကြိမ် ခွင့်ပြုခဲ့ရပါသေးတယ် ။ သီယာဂို ဆေးလ်ဗား ကတော့ ဂိုးလိုင်းပေါ်မှ ရှင်းထုတ်မှု တကြိမ် လုပ်ခဲ့ကာ ၊ အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ချဲလ်ဆီး ခံစစ်မှာ ခြေစွမ်း အပေါ်လွင်ဆုံး ဖြစ်ခဲ့ပါတယ် ။

ကွင်းလယ် – မားကို့စ် အလွန်ဆို ၊ ဂျော်ဂျင်ဟို ( Rating – 5 ) ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ( Rating – 7 ) ၊ ရိစ်ဂျိမ်းစ် ( Rating – 6 )

ရိစ်ဂျိမ်းစ် ပြန်ပါလာတာကြောင့် ၊ wing-back အခန်းကဏ္ဍ က ဝက်ဖို့ဒ်ကို ကပ်နိုင်ခဲ့တဲ့ ပွဲတုန်းကထက် ပိုတိုးတက်မှု ရှိသယောင် ဖြစ်ခဲ့ပါတယ် ။ သို့ပေမယ့်လည်း ဘန်ချေဝဲလ် ကို ဆုံးရှုံးလိုက်ရတာ က အကြီးမားဆုံး နစ်နာမှု တခု ဆိုတာ မားကို့စ် အလွန်ဆိုရဲ့ မနေ့ည က ပွဲရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရင် သိနိုင်ပါလိမ့်မယ် ။

အထူးသဖြင့် အလွန်ဆို ဟာ အန္တရာယ် ရှိတဲ့ ဖြတ်တင်ဘောတွေ ၊ အသင်းဖော်တွေနဲ့ နားလည်မှု ရှိတဲ့ ချိတ်ဆက်မှုတွေ မလုပ်နိုင်တာကို တွေ့ခဲ့ရပြီး ၊ ဒါက ချဲလ်ဆီး ဘယ်အခြမ်း တိုက်စစ် တပိုင်းသေနေခဲ့သလို ဖြစ်ခဲ့ပါတယ် ။ ရိစ်ဂျိမ်းစ် ဟာလည်း မနေ့ည က ပွဲမှာ သာမန် စွမ်းဆောင်ရည်လောက်သာ ပြသနိုင်ခဲ့တာကြောင့် ၊ wing-back ၂နေရာလုံး က ခြိမ်းခြောက်မှု ကြီးကြီးမားမား မရှိခဲ့ပါဘူး ။

ကွင်းလယ်မှာတော့ ဂျော်ဂျင်ဟို ပြန်ပါလာခြင်း က ဘောလုံး ပိုင်ဆိုင်မှု အတွက် အခြေခံကောင်း ရစေခဲ့ပေမယ့် ၊ မနေ့ည က ပွဲမှာ မလိုအပ်ပဲ ရှုံးပွဲတွေ့ခဲ့ရခြင်း ဟာ ၄င်းရဲ့ နမော်နမဲ့ နောက်ပြန်ပေးမှုနဲ့ တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့ပါတယ် ။ ဒါ့အပြင် ၄င်းဟာ Ballon D’Or အကြောင်း ငြင်းခုံမှု ကိစ္စနဲ့ ပတ်သက်ပြီး အခုထိ ခေါင်းထဲက မထုတ်နိုင်သေးတဲ့ပုံ ပေါ်နေပြီး ၊ ယုံကြည်မှုလည်း အတော်အသင့် ပျောက်ဆုံးနေခဲ့တာကို တွေ့ရပါတယ် ။

မနေ့ညက ပွဲမှာတော့ ချဲလ်ဆီး ကွင်းလယ်မှာ လော့ဖ်တပ်စ်ချိခ် ခြေစွမ်း အပေါ်လွင်ဆုံးလို့ ပြောရမှာ ဖြစ်ပြီး ၊ တကိုယ်တော် အတိုးအလှုပ် ၊ ကြံ့ခိုင်မှုဆိုင်ရာ ရှုထောင့်တွေမှာ ၄င်းဟာ ဝက်စ်ဟမ်း ကွင်းလယ် က ဒက်ကလန် ရိုက်စ်နဲ့ ဆုချက်ခ် တို့ကို သူတင်ကိုယ်တင် ယှဉ်ဖိုက်နိုင်ခဲ့တာကို တွေ့ရပါတယ် ။

တိုက်စစ် – မေဆင်မောင့် ( Rating – 9 ) ၊ ကိုင်ဟာဗက်ဇ် ( Rating – 6 ) ၊ ဟာကင် ဇီယက်ခ်ျ ( Rating – 7 )

ဝက်ဖို့ဒ်နဲ့ ပွဲကလို တဂိုးသွင်း ၊ တဂိုး ဖန်တီးနိုင်ခဲ့တဲ့ မောင့် ဟာ မနေ့ည က ပွဲမှာ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တယ် ဆိုတာ ငြင်းဖွယ် မရှိပါဘူး ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီကုန်ခါနီး က ခြေစွမ်းမျိုး ပြန်လည် ရရှိနေပြီး ၊ ဒီ ပုံစံကို ဆက်လက် ထိန်းထားမယ် ဆိုရင် ၄င်းဟာ အားထားရမယ့် ကွင်းလယ် ဂိုးသွင်းစက် တလုံး ဖြစ်လာနိုင်ဖို့ ရှိပါတယ် ။

ဇီယက်ခ်ျ ဟာလည်း မောင့်ရဲ့ သွင်းဂိုး အတွက် လှပတဲ့ အဝေးဘော ဂိုးဖန်တီးမှု လုပ်နိုင်ခဲ့ပေမယ့် ၊ တိုးအား အပိုင်းမှာ သိပ်ပြီး အားရဖွယ် မကောင်းခဲ့တာကြောင့် ၊ ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ် ။ အလားတူ ဟာဗက်ဇ် ဟာလည်း ပထမပိုင်းမှာ လုပ်အား အပြည့်နဲ့ ကစားပေးခဲ့ပေမယ့် ၊ ကံဆိုးစွာနဲ့ ဒဏ်ရာရကာ ၊ ပထမပိုင်း အပြီးမှာ လူစားလဲခံခဲ့ရပါတယ် ။

လူစားဝင် ကစားသမားများ – ရိုမီလူ လူကာကူ ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ခရစ်တီယန် ပူလီဆစ် ( Rating – 5 )

SPORTS MYANMAR