ကိုဗစ် ကူးစက်ခံရတဲ့ ကစားသမားကြီးတွေ အကုန်လုံး လေ့ကျင့်ခန်း ပြန်ဆင်းပီလို့ သတင်းကောင်း ပါးလိုက်တဲ့ ကလော့ပ်

လီဗာပူး အသင်းရဲ့ နည်းပြကြီး ကလော့ပ် က ကိုဗစ်ပိုး ကူးစက်ခံခဲ့ရတဲ့ တီယာဂို အယ်ကန်တရာ ၊ ဖာဘင်ဟို ၊ ကာတစ် ဂျုံး နဲ့ ဗန်ဒိုက် တို့ 4 ယောက် စလုံးဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း အစီအစဉ်တွေ မှာ ပါဝင်ပူးပေါင်းနေပြီ ဖြစ်ကြောင်း ဒီညနေ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

 

“ ကိုဗစ် ကြောင့် ကွာရာတင်း ဝင်နေရတဲ့ သူတွေ အားလုံး ပြန်ထွက်လာပါပြီ။ ဒီ အဓိပ္ပါယ် က ဖာဘင်ဟို ၊ ဗာဂျယ် ၊ ကာတစ် ၊ တီယာဂို တို့ဟာ အသင်းနဲ့ အတူ ပြန်ပူးပေါင်းနိုင်ပြီလို့ ပြောတာ ဖြစ်ပါတယ်။ တီယာဂို က နောက်ဆုံးမှ ထွက်လာတာ ဖြစ်ပေမယ့် မနေ့က လေ့ကျင့်ခန်း အစီအစဉ်တွေ မှာ ပထမဆုံး အကြိမ် ပါဝင်နိုင်ခဲ့ပါတယ်။

လောလောဆယ်တော့ လူငယ် ချာတိတ်လေး တစ်ယောက် နဲ့ အသင်းက အခြား ဝန်ထမ်း နှစ်ယောက် ကွာရာတင်း ဝင်နေရပါတယ်။ အနေအထားတွေက အရမ်းကို ရှုပ်ထွေးပါတယ်။ မနက် မိုးလင်းလို့ လေ့ကျင့်ရေးကွင်း ကို ရောက်လာတဲ့ အချိန်တိုင်း ထီထိုးထားသလို ရင်ခုန်နေရဆဲ ပါပဲ။ အားလုံး ကောင်းသွားပြီလို့ ထင်လိုက်တဲ့ အချိန်မျိုး ရောက်မှ တစ်ခုပြီး တစ်ခု ပေါ်လာနေတာပါ။ လောလောဆယ်တော့ အဲဒီ ကိစ္စက လွဲပြီး ကျန်တဲ့ ကိစ္စတွေ အကုန်လုံး အဆင်ပြေပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဆက်လက်ပြီး ပွဲပယ် ၊ ဒဏ်ရာပြဿနာ အနေအထားတွေ နဲ့ ပတ်သက်လို့ လီဗာပူး တရားဝင် ဝဘ်ဆိုဒ်က အောက်ပါ အတိုင်း ထုတ်ပြန် ကြေငြာသွားခဲ့ ပါတယ်။

 

အိုရီဂီ – လီဗာပူး အတွက် နောက်ပိုင်း ပွဲစဉ်တွေ မှာ ဂိုးတွေ ဆက်တိုက် သွင်းပြခဲ့တဲ့ အိုရီဂီ ဟာ ဒီဇင်ဘာလ 7 ရက်နေ့က ကစားခဲ့တဲ့ အေစီမီလန် နဲ့ ပွဲပြီး နောက်ပိုင်း ဒဏ်ရာပြသနာကြောင့် ဆက်တိုက် အနားယူနေရဆဲ ဖြစ်ပါတယ်။

ကာရာဘောင် ဖလား ကွာတားဖိုင်နယ် ပွဲစဉ် မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်း လင်းပွဲမှာတော့ လက်ထောက်နည်းပြ ပက်လင်ဒါ က “ ဒီဗို ဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်မဆင်းနိုင်သေးပါဘူး။ ကျနော်တို့ ကလဲ သူ့ကို မျှော်နေတာပါ” လို့ မှတ်ချက် ပေးထားခဲ့ဖူးပါတယ်။

နက် ဖီးလစ် – ခံစစ်မှုး ဖြစ်သူ ဖီးလစ် ကလဲ အေစီ မီလန် နဲ့ ပွဲမှာ ရရှိလိုက်တဲ့ ပါးရိုးကျိုး ဒဏ်ရာကြောင့် အခုထိ နားနေရဆဲ ဖြစ်ပါတယ်။

ဟာဗေး အယ်လီယော့ – အပေ့ါစား လေ့ကျင့်ခန်း အစီအစဉ်တွေ လုပ်ဆောင်နေပြီ ဖြစ်တဲ့ အယ်လီယော့ ကတော့ New Year ကာလ ဝန်းကျင်မှာပဲ အသင်း နဲ့ အတူ ပူးပေါင်းလေ့ကျင့်မှုတွေ စတင်လုပ်ဆောင်ဖို့ ပစ်မှတ်ထားနေပါတယ်။ နည်းပြကြီး ကလော့ပ် ကတော့ ချာတိတ်ရဲ့ စွမ်းဆောင်ရည်တွေကို ဒုတိယ ရာသီဝက်မှာ ပြန်မြင်ရဖို့ မျှော်လင့်ထားဟန် တူပါတယ်။

အန်ဒရီယန် – ဝါရင့် ဂိုးသမားကြီး အန်ဒရီယန် ကလဲ လေ့ကျင့်ရေးကွင်းမှာ ရခဲ့တဲ့ ခြေသလုံး ဒဏ်ရာကြောင့် အနားယူနေရဆဲ ဖြစ်ပြီး ၊ လက်ရှိမှာ ဘရာဇီး လူငယ် ဂိုးသမားလေး ပီတာလူဂါ က တတိယ ဦးစားပေး ဂိုးသမား အဖြစ် ကစားသမား စာရင်းမှာ ပါဝင်လျှက် ရှိနေပါတယ်။

 

စပါး နဲ့ ပွဲမှာ တိုက်ရိုတ် အနီကဒ် ပြခံခဲ့ရတဲ့ ရော်ဘတ်ဆန် ကတော့ ပွဲပယ် ပြစ်ဒဏ်ကြောင့် လက်စတာ နဲ့ ပွဲကို ပါဝင် ကစားခွင့် ရဦးမှာ မဟုတ်ပါဘူး။