ကိုဗစ် ကိစ္စ ဆွေးနွေးဖို့ တနင်္လာနေ့မှာ မျက်နှာချင်းဆိုင်ကြတော့မယ့် ပရီးမီးယားလိဂ် နည်းပြတွေ နဲ့ အသင်းခေါင်းဆောင်များ

ပြီးခဲ့ ကာလ တစ်ခု အတွင်း အင်္ဂလန် မှာ ကိုဗစ် ဗိုင်းရပ် ပျံ့နှံ့ ကူးစက်မှုး ဆိုးဝါးလာခဲ့တာကြောင့် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ် 9 ပွဲ အထိ ရက်ရွှေ့ဆိုင်းလိုက်ရပါတယ်။

ဒါကြောင့် လက်ရှိ အခြေအနေ ဆိုးတွေကို ဘယ်လို ရင်ဆိုင် ကျော်ဖြတ်မလဲ ဆိုတာ ရှင်းလင်း တိကျတဲ့ အဖြေ သိရှိနိုင်ဖို့ အတွက် ကလပ်အသင်း မန်နေဂျာတွေ ၊ အသင်းခေါင်းဆောင်တွေ နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲ တာဝန်ရှိသူတွေ တွေ့ဆုံပြီး ဝိုင်ဝန်း အဖြေရှာတော့မှာ ဖြစ်ပါတယ်။

ဒီ အစည်းအဝေးမှာ –

ဘောလုံးပွဲစဉ်တွေ ကို ဆက်ပြီး ကစားသင့်လား / မကစားသင့်ဘူးလား?

ခဏ ရပ်လိုက်တာ က ပိုကောင်းမလား / မကောင်းဘူးလား?

ရွှေ့ဆိုင်းထားတဲ့ ပွဲတွေကို ဘယ်အချိန်မှာ ပြန်ကစားမလဲ?

ရှေ့လ ထဲမှာ ကျင်းပမယ့် အာဖရိက ဘောလုံး ပြိုင်ပွဲ နဲ့ ပတ်သက်လို့ ဘယ်လို ဆုံးဖြတ်ကြမှာလဲ?

စတဲ့ အကြောင်းအရာ ပေါင်းများစွာကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး လိဂ် ပြိုင်ပွဲ တစ်ခု ဖြစ်နေသည်တိုင်အောင် ဘောလုံးသမားတွေ အကြား ကာကွယ်ဆေး ထိုးနှံထားမှု မှတ်တမ်းမှာတော့ အခြာ ဥရောပ ထိပ်သီးလိဂ် 4 ခု ထက် များစွာ နည်းပါးလျှက် ရှိနေပါတယ်။ အီတလီ ၊ စပိန် ၊ ပြင်သစ် ၊ ဂျာမဏီ ပြည်တွင်းလိဂ် က ဘောလုံးသမားတွေ အကြားမှာ 90% ကျော် အထိ ကာကွယ်ဆေး ကို နှစ်ကြိမ် တိုင်တိုင် ထိုးနှံထားပြီးပြီ ဖြစ်နေသော်လဲ ၊ ပရီးမီးယားလိဂ် ကတော့ 68% ဝန်းကျင်သာ ရှိသေးတယ်လို့ ပြောနေကြပါတယ်။

ဒါကြောင့် တနင်္လာနေ့မှာ ပြုလုပ်မယ့် အစည်းအဝေး မှာ ဘောလုံးသမားတွေကို ကာကွယ်ဆေး ထိုးနှံအောင် တိုက်တွန်းဖို့ ၊ ဘောလုံးပွဲ တစ်ပွဲ ရွှေ့ဆိုင်းတယ် ဆိုရင် ဘယ်လို အချက်အလက်တွေ ကို အခြေခံပြီး ရွှေ့ဆိုင်းကြမလဲ ၊ ကိုဗစ် ဆိုင်ရာ သတင်း အချက်အလက်တွေကို ဘယ်လို ပွင့်လင်းစွာ ထုတ်ပြန်ကြမလဲ ဆိုတဲ့ အပိုင်းတွေကို ထည့်သွင်း ဆွေးနွေးကြဖွယ် ရှိနေပါတယ်။

မန်နေဂျာတွေ အကြားမှာတော့ အမြင်တွေ က အမျိုးမျိုး ကွဲပြားလျှက် ရှိနေပါတယ်။

ရလာဒ်တွေ ဆက်တိုက် ဆိုးဝါးနေတဲ့ အသင်းငယ်လေး တစ်ချို့ က ပြိုင်ပွဲကို တခဏတာ နားလိုက်တာ ကောင်းတယ် ဆိုတဲ့ ပြောဆိုမှုတွေ လုပ်ဆောင်လာနေပြီး ၊ အသင်းကြီး အများစု ကတော့ ပွဲစဉ်တွေ ပိုကျပ်သွားမှာ စိုးတဲ့ အတွက် တတ်နိုင်သမျှ ဆက်ပြီး ကစားကြဖို့ တိုက်တွန်းလျှက် ရှိနေပါတယ်။

တစ်ချိန်တည်းမှာ ပရီးမီးယားလိဂ် ကလဲ ဒီရာသီ ဘောလုံးပြိုင်ပွဲကို ပြီးစီးအောင် ကစားဖို့ အတွက် အရေးကြီးတဲ့ အကြောင်းအရာတွေကို ဆွဲထုတ် ကိုးကား ပြောဆိုလာပါတယ်။

အာဆင်နယ် နည်းပြ အာတေးတား ကတော့ ” ပွဲ တစ်ပွဲ ကစားသင့်လား မကစားသင့်ဘူး လား ဆိုတာ ပရီးမီးယားလိဂ် ကပဲ ဆုံးဖြတ်ရမှာပါ ၊ ဒါပေမယ့် ဘာကြောင့် ရွှေ့ဆိုင်းလိုက်တယ် ဆိုတဲ့ နောက်ကွယ်က အကြောင်းအရင်း ကိုတော့ ရှင်းရှင်းလင်းလင်း ပြောပြထားဖို့ လိုပါတယ်။

ကျနော်တို့ အနေနဲ့လဲ ဝိုင်းဝန်းပြီး အဖြေရှာရမယ့် အချိန်မျိုး ရောက်နေပါပြီ။ ရာသီသစ် စတင်ခဲ့တဲ့ အချိန် က စလို့ ကိုဗစ် ကပ်ရောဂါ ပြန်ဖြစ်လာနိုင်တယ် ဆိုတာ အားလုံးက ကြိုတွက်ထားပြီးပြီ ဖြစ်လို့ ပြိုင်ပွဲ တာဝန်ရှိသူတွေမှာ ဘယ်လို တုန့်ပြန်မယ် ဆိုတဲ့ Plan B, C တွေ ရှိပြီးသား ဖြစ်မှာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

အက်စ်တွန် ဗီလာ နည်းပြ ဂျရတ် ကလဲ ” ကျနော် ကတော့ ပွဲတွေ ဆက်ပြီး ကစားချင်ပါတယ်။ တစ်ခြား စိုးရိမ်တာတွေ အများကြီး မရှိပါဘူး။ ပရီးမီးယားလိဂ် ပြိုင်ပွဲ တာဝန်ရှိသူတွေ အပေါ် အပြည့်အ၀ ယုံကြည်ထားပြီးသားပါ။

ဒီလို ကာလမျိုးကြီးမှာ ပြင်ဆင်မှုတွေ လုပ်ရတာ ကမောက်ကမ နိုင်လွန်းတယ် ဆိုပေမယ့် ၊ ရှိတဲ့ စာရင်းနဲ့ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင် ကစားသွားမှာပါ။ ကျနော်တို့ ဆိုရင် အသင်းမှာ ကူးစက်မှု တစ်ချို့ ခံရပြီးပြီ ဖြစ်လို့ ၊ ပိုပြီးတောင် ပိုးပျံ့သွားနိုင်တဲ့ အခြေအနေမျိုး ရှိတာပါပဲ။ ဒါပေမယ့် ပြိုင်ပွဲတာဝန်ရှိသူတွေက ကစားဖို့ အဆင်ပြေနေတယ်လို့ သတ်မှတ်ပေးရင်တော့ အကောင်းဆုံး ဖြစ်အောင် ကစားသွားမှာပါ” လို့ မှတ်ချက်ပေးထားပါတယ်။

လီဗာပူး နည်းပြ ယာဂန် ကလော့ပ် ကတော့ ” ပြိုင်ပွဲကို လုံး၀ ရပ်လိုက်တာမျိုးကို ကျနော်က လုံး၀ မဆန့်ကျင်ပေမယ့် ၊ အကျိုးရလာဒ်က အများကြီး ဖြစ်လာလိမ့်မယ်လို့တော့ မမြင်မိဘူးဗျာ။

ဒီလို ပွဲကျပ် ကာလမျိုးမှာ ရပ်လိုက်မယ် ဆိုရင် ပြန်ကစားဖို့ ပွဲစဉ်တွေက 5-6 ပွဲလောက် အထိ တိုးလာမှာပါ။ နဂို ကတည်းက ဘောလုံး ပြက္ခဒိန်မှာ ကလပ်ပွဲစဉ်တွေ ၊ နိုင်ငံ ပွဲစဉ်တွေ နဲ့ ပြည့်နှက်ပြီးသား ဖြစ်လို့ ၊ ပွဲစဉ်တွေကို ပြန်ကစားဖို့ အတွက် ဘယ်လိုလုပ်ပြီး နေရာလွတ် ရှာဖို့ လွယ်မှာလဲ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SPORTS MYANMAR