ကိုဗစ် ကိစ္စကိုင်တွယ်ပုံတွေကို ပွင့်ပွင့်လင်းလင်း ချပြဖို့ တောင်းဆိုလိုက်တဲ့ ယာဂန် ကလော့ပ်

ပရီးမီးယားလိဂ် ဟာ ကိုဗစ် ကူးစက်ခံရမှု ပြသနာတွေကြောင့် သူတို့ ရဲ့ ပွဲစဉ်တွေကို ဆက်တိုက် ဖျက်သိမ်းပေးရလျှက် ရှိနေပါတယ်။ သို့သော် အဲဒီလို ဖျက်သိမ်းကြတဲ့ အနေအထားမှာ ကျန်းမာရေး အတွက် အဓိက ဆိုသော်ငြားလည်း ၊ တဖက်က ကူးစက်ခံရခြင်း မရှိပဲနဲ့ ပွဲ ကစားလိုက်ရခြင်း မရှိတဲ့ ကလပ်တွေ အတွက်တော့ နစ်နာမှုတွေ ဖြစ်လာပါတယ်။

အထူးသဖြင့် ဥရောပ ပွဲ ရှိနေတဲ့ ကလပ်တွေဟာ ဒီလို ပွဲကျပ် ကာလမှာပဲ ပွဲစဉ်တွေ ရွေးဆိုင်းပြီး ၊ တကယ့် အရေးကြီးတဲ့ အချိန်ရောက်မှ ပွဲကျန် ကစားရတာမျိုးတွေ မလိုလားကြပါဘူး။

တစ်ချိန်တည်းမှာပဲ ပရီးမီးယားလိဂ် ကလဲ မည်သည့် အကြောင်းအရင်းတွေကြောင့် ပွဲစဉ် ရွေ့ဆိုင်း ဖျက်သိမ်းလိုက်တယ် ဆိုတဲ့ အကြောင်းအရင်းတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိပါဘူး။

ကလော့ပ် ကတော့ အသင်းတစ်သင်းမှာ ကစားသမား ဘယ်နှစ်ယောက် အထိ ကူးစက်ခံရရင် ပွဲဖျက်သိမ်းသင့်တယ် ၊ ဘယ်ကစားသမားတွေ ၊ ဘယ်ဝန်ထမ်းတွေဟာ ကူးစက်ခံထားရတယ် ၊ ဘယ်သူကတွေ က ကာကွယ်ဆေး ထိုးပြီးပြီလဲ ဆိုတဲ့ အကြောင်းအရာတွေကို တိတိကျကျ ထုတ်ပြန် ကြေငြာရမယ့် အချိန်မျိုး ရောက်နေပြီလို့ ထောက်ပြသွားခဲ့ ပါတယ်။

“ ကျနော့် အမြင်မှာတော့ သတင်း အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း ချပြလိုက်မယ် ဆိုရင် ပိုပြီးတော့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

အခုထိ လူတွေဟာ ကိုဗစ် ကိစ္စတွေ နဲ့ ပတ်သက်လို့ ဘာဖြစ်လို့ ထိန်ချန်ထားတာလဲ နားမလည်ပါဘူး။ လက်ရှိ အချိန်မှာ ကူးစက်ခံရနှုန်းတွေ အရမ်းမြင့်တက်နေပါပြီ။ တကယ်လို့ ကျနော်သာ ကူးစက်ခံလိုက်ရမယ် ဆိုရင်လဲ ငါတော့ ကူးခံနေရပြီ ဆိုပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောမှာပါ။ ဘာလို့ လူတွေက ဖုံးကွယ်ထားချင်ကြတာလဲ? ကစားသမား ဘယ်နှစ်ယောက် အထိ ကူးစက်ခံထားရတာလဲ ဆိုတာ ဘာဖြစ်လို့ ဘယ်သူ့မှ သိခွင့်မပေးကြတာလဲ?

အခုတော့ ကြေငြာချက် ထုတ်လိုက်ပြီ ဆိုရင် ကစားသမား တစ်ချို့ ကူးစက်ခံထားရလို့ ၊ ဝန်ထမ်းတစ်ချို့ ကူးစက်ခံထားရလို့ ဆိုပြီး “ တစ်ချို့” ဆိုတဲ့ မတိကျတဲ့ ပမာဏ ဖော်ပြမှုတွေပဲ သုံးနှုန်းနေကြပါတယ်။

ချပြလိုက်စမ်းပါ။ ဘာလို့ ပွဲတွေ ဖျက်သိမ်းပေးရတာလဲ ဆိုတာ ပရိသတ်တွေ နားလည်မှုရှိအောင် တရားဝင် ချပြရမှာပါ။ ကျနော် ကတော့ အဲဒီလိုပဲ မြင်ပါတယ်။ ဥပဒေ ကြောင်းအရ ကြည့်မယ် ဆိုရင်တော့ ဒီကိစ္စက ဖြစ်သင့်လား ၊ မဖြစ်သင့်လား ဆိုတာတော့ မသေချာပါဘူး။ သေချာတာ ကတော့ အထောက်အကူတွေ အများကြီး ဖြစ်လာနိုင်တယ် ဆိုတာပါပဲ။

အခုဆိုရင် ကျနော်တို့ ဟာ တနင်္ဂနွေနေ့မှာ စပါး နဲ့ ကစားရတော့မယ် ၊ ဒီည ပွဲအတွက် ဘယ်ကစားသမားတွေ ကစားပေးနိုင်တယ် ဆိုတာ အကြမ်းဖျင်းပြောလို့ ရပေမယ့် ၊ စပါး နဲ့ ပွဲမှာ ဘယ်သူတွေ ကစားနိုင်မလဲ မသိဘူး ဆိုတဲ့ မသေချာတဲ့ အခိုက်အတန့်မျိုးကို ရောက်နေပါပြီ။

ဒါဟာ ပွဲတစ်ပွဲ ကစားဖို့ ပြင်ဆင်ရတာ ပုံမှန် မဟုတ်တဲ့ အနေအထားမျိုးပါပဲ” လို့ ဝေဖန်သွားခဲ့ ပါတယ်။

လီဗာပူး မှာတော့ ဝန်ထမ်းတွေ ၊ ကစားသမားတွေ အားလုံးဟာ ကာကွယ်ဆေး ကို နှစ်ကြိမ်ကြိမ်တိုင်တိုင် ထိုးထားပြီးပြီ ဖြစ်တဲ့ အပြင် ၊ တချို့ ဆိုရင် Booster Jab တောင် ထိုးနေပြီ ဖြစ်တယ်လို့ ကလော့ပ် က ဆိုပါတယ်။

“ ကာကွယ်ဆေး ထိုးပြီးသားလား မထိုးရသေးဘူးလား ဆိုတာ ပွင့်ပွင့်လင်းလင်း ချပြထားရင် ကိုယ့် ပတ်ဝန်းကျင်က လူတွေ အတွက်လဲ သံသယ ရှင်းပါတယ်။ အခုတော့ သူထိုးပြီးပြီးလား ၊ ငါကတော့ ထိုးပြီးပြီ ဆိုတဲ့ သံသယတွေ နဲ့ ရှိနေတာ မကောင်းပါဘူး။

ဒါကြောင့် ကျနော်က ပွင့်ပွင့်လင်းလင်း ချပြရင် ပိုကောင်းတယ် ဆိုပြီး ပြောမိတာပါ။

ကျနော်တို့ လေ့ကျင့်ရေးကွင်း ဆိုရင် နေ့တိုင်း ဆေးစစ်တယ် ၊ ပိုးမတွေ့မှ အထဲကို ဝင်ခွင့်ပေးတယ်။ တစ်ကမ္ဘာလုံးက စိုးရိမ်နေသလို ၊ ကျနော်တို့လဲ စိုးရိမ်တာပဲ။

ကာကွယ်ဆေး ထိုးတယ် ဆိုတာ ကိုယ့်ကိုယ်ကို ကာကွယ်ရုံ မဟုတ်ပါဘူး ၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က လူတွေကိုလဲ ကိုယ့်ကြောင့် ကူးစက်မှု မရှိအောင် တားဆီးပေးတဲ့ သဘောပါပဲ။ အဲဒီတော့ မဖြစ်မနေကို ထိုးသင့်တဲ့ လုပ်ငန်းမျိုးပါ” လု့ိ ဆက်လက် ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR