ကာလရှည်ဒဏ်ရာကနေ ပြန်လာခဲ့ပြီးနောက် သူ လျစ်လျူရှုထားခဲ့တဲ့ အရာတွေကို ရှင်းပြလိုက်တဲ့ ဗန်ဒိုက်

ပြင်းထန်တဲ့ ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာ ရရှိခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံး အကြိမ် ဂွတ်ဒီဆင်ပက်ကွင်းကို သွားကစားရမယ့် ဗာဂျယ်ဗန်ဒိုက်က သူ့အနေနဲ့ ကာလရှည်ဒဏ်ရာကနေ ပြန်လာခဲ့ပြီးနောက် သူ့အနေနဲ့ ဘယ်အရာတွေကို လျစ်လျူရှုထားခဲ့ရသလဲ ဆိုတာကို ပြောပြသွားခဲ့ပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အဲဗာတန်နဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသမား ပစ်ဖို့ဒ်ကြောင့် ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိခဲ့ကာ ၉ လ ကျော် နားခဲ့ရတာ ဖြစ်ပါတယ်။ နယ်သာလန် နောက်ခံလူဟာ ရာသီကြိုကာလမှာ ပြန်လာနိုင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲတိုင်းကစားခဲ့ကာ ပြီးခဲ့တဲ့ ဆောက်သမ်တန်ကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ၁၄ လ အတွင်း ပထမဦးဆုံး သွင်းဂိုး ရရှိခဲ့ပါတယ်။

၎င်းရဲ့ စွမ်းဆောင်ရည်တွေ တစ်ပတ်ပြီးတစ်ပတ် တိုးတက်လာတဲ့အချိန်မှာ ဗန်ဒိုက်ဟာ သူ့ရဲ့ form နဲ့ ပက်သက်ပြီး အပြင်မှာ debate တွေ ဆက်လက် ဖြစ်ပွားနေအုံးမယ် ဆိုတာကို ကောင်းကောင်း သိနေပါတယ်။

ဗန်ဒိုက်က “ရစ်သမ်ရဖို့က အရေးပါသလို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိဖို့ကတော့ တကယ့်ကို အရေးကြီးဆုံး ပါပဲ။ ကျွန်တော် သတိပြုမိတာကတော့ အကယ်၍ ကျွန်တော် ကောင်းကောင်း လုပ်ပြနိုင်တဲ့ အချိန်မှာ အားလုံးဟာ ‘သူ့ကြည့်ရတာ တစ်နှစ်လောက် နားခဲ့ရတဲ့ သူနဲ့တောင် မတူဘူး။’ လို့ ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော် အမှားတစ်ခု နှစ်ခုလောက် ကျူးလွန်လိုက်တဲ့ အချိန်မှာတော့ ‘ဒဏ်ရာကနေ ပြန်လာပြီးနောက် သူ ပုံစံကောင်း ပြန်ရဖို့ လုပ်နေရတုန်းပဲ ဒါမှမဟုတ် သူ အရင် ပုံစံကို ပြန်ရတော့မှာ မဟုတ်ဘူး။’ ဆိုပြီး ပြောကြပါတယ်။

ဒါတွေဟာ ကစားသမား တစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေတဲ့ အရာတွေပါ။ ကံကောင်းစွာနဲ့ ကျွန်တော်ဟာ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်သူ ဖြစ်ပြီး ကျွန်တော် ဒါတွေ အားလုံးကို လုံး၀ လျစ်လျူရှုထား ခဲ့ပါတယ်။ အရေးကြီးဆုံး အရာကတော့ ကိုယ်ကောင်းကောင်း လုပ်ပြနိုင်တဲ့ အခါ ဒါကို သိနေဖို့ပါ။ မန်နေဂျာ နဲ့ အသင်းဖော်တွေရဲ့ ကူညီမှုကြောင့် ကျွန်တော်ဟာ ပွဲတိုင်း တိုးတက်လာတယ်လို့ ခံစားမိနေပါတယ်။ ဒါဟာ ကျွန်တော် လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပါပဲ။”

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၈ ပွဲထိ clean sheet ရယူထားနိုင်ခဲ့ပြီး ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၂ မှတ် အကွာ တတိယနေရာမှာ ရှိနေပါတယ်။ ချန်ပီယံ မန်စီးတီးဟာ လီဗာပူးထက် ၁ မှတ် အသာ ဒုတိယနေရာမှာ ရှိနေပြီး အမှတ်ပေးဖလား အတွက် ဒီ ၃ သင်းသာ အဓိက ပြိုင်ဆိုင်သွားရဖို့ ရှိနေကာ ဗန်ဒိုက်က ဒီရာသီမှာ ထိပ်ဆုံးနေရာ ရပ်တည်နိုင်ဖို့ဟာ လွန်ခဲ့တဲ့ ၂၀၁၉-၂၀ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရာသီကထက် ပိုပြီး ခက်ခဲလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဗန်ဒိုက်က “အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ဟာ ပိုပြီး ခက်ခဲလာတယ်လို့ ကျွန်တော် မြင်ပါတယ်။ top 4 အောက်က အသင်းတွေကို ကြည့်လိုက်ပါ။ ကိုယ့်ဘက်က အာရုံအပြည့်မစိုက်တဲ့ အခါ ဒါမှမဟုတ် သူတို့ဘက်က ကံကောင်းတဲ့အခါ ဘယ်အသင်းမဆို အနိုင်ယူသွားနိုင်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ပါ။ ရာသီတစ်ခုဟာ တအားကို ကြာလှပြီး ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် အခြားအသင်းတွေကို ကြည့်လိုက်တဲ့အခါ သူတို့ ပိုင်ဆိုင်ထားတဲ့ ကစားသမား အရည်အသွေး အရ အသင်းတိုင်းဟာ ဘယ်ပြိုင်ဘက်ကို မဆို အနိုင်ကစားနိုင်စွမ်း ရှိတဲ့ နှစ်တွေထဲက တစ်နှစ် ဖြစ်လာနိုင်ပါတယ်။

ဘောလုံးမှာ အခက်ခဲဆုံး အရာကတော့ တစ်ရာသီလုံး ခြေစွမ်း တည်ငြိမ်နေဖို့ပါ။ ကျွန်တော်တို့ ဖလား ရခဲ့တဲ့ ရာသီမှာ ကျွန်တော်တို့ဟာ ဒီလို တကယ့်ကို ခြေစွမ်းတည်ငြိမ်ခဲ့ပါတယ်။ ကစားဖို့ ပွဲတွေ အများကြီး ကျန်နေပါသေးတယ်။ အလှည့်အပြောင်းတွေ မြင်တွေ့ရအုံးမှာပါ။ ဒဏ်ရာနဲ့ ပက်သက်ပြီး ကံကောင်းဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘယ်လို ဖြစ်ခဲ့သလဲဆိုတာ အားလုံးတွေ့ခဲ့မှာပါ။ ဖလားရဖို့အတွက် အရေးကြီးဆုံးကတော့ ခြေစွမ်းတည်ငြိမ်ဖို့နဲ့ ယုံကြည်မှု ရှိဖို့ပါ။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ဟာ ပြီးပြည့်စုံမှု မရှိသေးပါဘူး။ ဒါဟာ သိသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်လာမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM