ကာရစ် အနိုင်နဲ့ ပိုင်းသွားခဲ့တဲ့ မန်ယူနိုက်တက် ၃-၂ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၆ ချက်

မန်ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းပွဲကတော့ ရင်ခုန် စိတ်လှုပ်ရှား စရာ အဖြစ်အပျက်တွေ ၊ အကြိတ်အနယ် ပြိုင်ဆိုင်မှု တွေနဲ့ အတူ နှစ်သင်းပေါင်း သွင်းဂိုး ၅ ဂိုးအထိ သွင်းယူပြီး ပြီးဆုံး သွားခဲ့ပါပြီ ။

မန်ယူနိုက်တက် အသင်းဟာ အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ အာဆင်နယ် အသင်းကို သုံးဂိုး နှစ်ဂိုး ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရသွားခဲ့ပါတယ် ။ မန်ယူနိုက်တက် အတွက် ဂိုးတွေကိုတော့ ဖာနန်ဒက်စ် က ၁ ဂိုး ၊ ရော်နယ်ဒို က ၂ ဂိုး သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး အာဆင်နယ် အတွက် ဂိုးကိုတော့ စမစ်ရို နဲ့ အိုဒီဂွါဒ် တို့က သွင်းယူ ပေးခဲ့ကြတာပါ ။

ဒီနေ့ပွဲမှာ စမစ်ရို ရဲ့ volley ကန်ချက်နဲ့ အာဆင်နယ် အသင်းဟာ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပြီး ပထမပိုင်း ပြီးခါနီးမှာ ဖာနန်ဒက်စ် က ယူနိုက်တက် အတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။

ဒုတိယပိုင်းမှာတော့ ရော်နယ်ဒို ဟာ မန်ယူနိုက်တက် အတွက် ဦးဆောင်ဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပြီး မိနစ်ပိုင်း အကြာမှာပဲ အိုဒီဂွါဒ် က ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။ ဒါပေမယ့် အိုဒီဂွါဒ် ရဲ့ရူးမိုက်လွန်းတဲ့ ဖျက်ထုတ်မှုကြောင့် အာဆင်နယ် အသင်း ပင်နယ်တီ ပေးလိုက်ရပြီး ရော်နယ်ဒို ကပဲ အမှားအယွင်း မရှိ အဆုံးသတ် နိုင်ခဲ့ကာ ၃-၂ ဆိုတဲ့ ရလဒ် နဲ့ ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ် ။

မန်ယူနိုက်တက် ၃-၂ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၆ ချက်ကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ ပရိသတ်တွေကြား အငြင်းပွားစရာ ဖြစ်ခဲ့ရတဲ့ အာဆင်နယ် အသင်းရဲ့ ဦးဆောင်ဂိုး

မန်ယူနိုက်တက် နဲ့ ပွဲမှာ အာဆင်နယ် အသင်း ရရှိသွားတဲ့ ဦးဆောင်ဂိုးဟာ ပရီးမီးယားလိဂ်မှာ မြင်ရလေ့ မရှိတဲ့ သွင်းဂိုးမျိုးပါ ။ အာဆင်နယ် အသင်းရဲ့ ထောင့်ကန်ဘောကို ကာကွယ်ဖို့ ကြိုးစားရင်း ယူနိုက်တက် ဂိုးသမား ဒဟေးယား ဟာ အသင်းဖော် ဖရက်ဒ် နဲ့ ထိခိုက်မိပြီး မြက်ခင်းပေါ် လဲကျ သွားခဲ့ပါတယ် ။

ဒါပေမယ့် ဒိုင်လူကြီး မာတင် အက်ကင်ဆန် ဟာ ဒဟေးယား လဲကျ သွားတာကို မမြင်လိုက်တာကြောင့် ပွဲကို ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် ကစားစေခဲ့ပါတယ် ။ ပွဲရပ်တန့်ခဲ့ခြင်း မရှိတဲ့ အကျိုးဆက်အနေနဲ့ စမစ်ရို ဟာ volley ကန်ချက် နဲ့ ဂိုးသမား လဲနေတဲ့ ဂိုးပေါက်ကို ဂိုးဝင်အောင် ကန်သွင်းသွားခဲ့ပါတယ် ။

ဂိုးဝင်သွားမှာပဲ အက်ကင်ဆန် ဟာ ဝီစိမှုတ် ပွဲကို ရပ်တန့်ခဲ့ပြီး ဒဟေးယား ကို ဆေးကုသစေကာ ဂိုးပေးသင့် မသင့်ကို စဉ်းစား ဆုံးဖြတ် ခဲ့ပါတယ် ။ VAR ကတော့ ကွင်းလယ်လူ ဒိုင်လူကြီး ဝီစိမှုတ်ဖို့ ပျက်ကွက် ခဲ့တာကြောင့် စမစ်ရို ရဲ့သွင်းဂိုးဟာ ခွင့်ပြုရမှာ ဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပါတယ် ။

 

၂ ။ သွင်းဂိုး ၈၀၀ ပြည့် ရော်နယ်ဒို

ဘော်လွန်းဒီအော် ငါးဆုရှင် ရော်နယ်ဒို ကတော့ တရားဝင် ပြိုင်ပွဲတွေမှာ ကစားသမား ဘဝ သွင်းဂိုး ၈၀၀ ပြည့်မြောက်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါပြီ ။ ရော်နယ်ဒို ဟာ အာဆင်နယ် နဲ့ ပွဲမှာ ရက်ရှ်ဖို့ဒ် ရဲ့ ပေးပို့မှုကနေ သွင်းဂိုး ၁ ဂိုး ၊ ပင်နယ်တီကနေ သွင်းဂိုး ၁ ဂိုး သွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဒါ့အပြင် ရော်နယ်ဒို ဟာ အာဆင်နယ် နဲ့ ပွဲမှာ 100% take-on success ၊ ဘောလုံးထိချက် ၃၈ ကြိမ် ၊ ဂိုးပေါက် ကန်သွင်းမှု၆ကြိမ်(အများဆုံး) ၊ ပြိုင်ဘက်ဧရိယာ အတွင်း ဘောလုံးထိမှု ၆ ကြိမ်(အများဆုံး) ၊ တစ်ဦးချင်း အသာရမှု ၅ ကြိမ် ၊ ဂိုးပေါက်တည့် ကန်ချက် ၄ ကြိမ်(အများဆုံး) ဖြစ်ခဲ့ပါတယ် ။

၃ ။ ရာပြည့်ပွဲ ကစားခဲ့တဲ့ ဘရူနို

၂၀၂၀ ခုနှစ် ၊ ဇန်နဝါရီ အပြောင်းအရွှေ့မှာ စပို့တင်း အသင်းကနေ ရောက်ရှိလာတဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ ဒီကနေ့မှာတော့ ယူနိုက်တက် အတွက် ပွဲ ၁၀၀ ပြည့်မြောက် သွားခဲ့ပါပြီ ။ နောက်ပိုင်းပွဲတွေမှာ ဂိုးပေါက် ပျောက်နေတဲ့ ဖာနန်ဒက်စ် ဟာ သူ့ရဲ့ရာပြည့်ပွဲမှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုး တစ်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ် ။

ယူနိုက်တက် နဲ့ ပွဲ ၁၀၀ ပြည့် ကစားခဲ့တဲ့ ဘရူနို ဟာ သူ အင်္ဂလန်ကို စရောက်တဲ့ အချိန်ကတည်းကနေ ခုထက်ထိ သွင်းဂိုး ၄၅ ဂိုး ၊ ဂိုးဖန်တီးမှု ၃၄ ကြိမ် ပြုလုပ်ထားပြီး ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ သွင်းဂိုး ပါဝင် ပတ်သက်မှု အများဆုံး ကစားသမား အဖြစ် ရပ်တည် နေပါတယ် ။

၄ ။ မနှစ်ကလို ထပ်လုပ်မပြနိုင်ခဲ့တဲ့ ပါတေး

ပါတေး ရဲ့အကောင်းဆုံးပွဲက ဘယ်ပွဲလဲလို့ အာဆင်နယ် ပရိသတ်တွေကို မေးလိုက်ရင် ပရိသတ် အများစုက ပြီးခဲ့တဲ့နှစ် အိုးထရက်ဖိုဒ့် နိုင်ပွဲကို ညွှန်းဆို ကြပါလိမ့်မယ် ။ ဒါပေမယ့် ဒီနှစ် ယူနိုက်တက် နဲ့ ပွဲမှာတော့ ပါတေး ဟာ အထနှေး နေခဲ့ပြီး သူ့ရဲ့အမှားကနေ ရော်နယ်ဒို ဂိုးကန်သွင်းခွင့် တစ်ကြိမ် ရရှိခဲ့ပါတယ် ။

ဒီနေ့ပွဲမှာ ပါတေး နဲ့ အယ်နီနီ ကွင်းလယ် အတွဲအဖက် ဟာ မနှစ်ကလို မှော်ဝင် မနေခဲ့ဘဲ ပုံမှန် နဲ့ ပုံမှန်အောက်သာ ရှိနေတာကို မြင်တွေ့ ခဲ့ရတဲ့ ပွဲတစ်ပွဲပါ ။

၅ ။ တိုက်စစ် ပြဿနာ အဖြေရှာရတော့မယ့် အာဆင်နယ်

အာဆင်နယ် အသင်း ရဲ့တိုက်စစ်မှူး ပြဿနာ ကတော့ တစ်ပွဲထက် တစ်ပွဲ ပိုသိသာလာခဲ့ပါပြီ ။ အသင်း ခေါင်းဆောင် အူဘာမီယန်း ဟာ အခုဆို လိဂ်ပြိုင်ပွဲမှာ ဂိုးမသွင်း နိုင်တာ ငါးပွဲဆက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။ ယူနိုက်တက် နဲ့ ပွဲမှာလည်း အူဘာဟာ အခွင့်အရေးတွေ ရခဲ့ပေမယ့် ကန်ချက်တွေဟာ အားပါတိကျမှု မရှိ ဖြစ်နေခဲ့ပါတယ် ။

အူဘာ ရဲ့ ခြေကျလာမှုက အံအားသင့်ဖို့ ကောင်းလွန်းပြီး ပွဲထဲမှာ ပါလို့ပါမှန်းတောင် မသိရတဲ့ အခြေအနေမျိုး ဖြစ်နေတာပါ ။ ဒီပုံစံ အတိုင်းဆို အာဆင်နယ် အသင်းဟာ လာမယ့် အပြောင်းအရွှေ့ကာလတွေမှာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး အလျင်အမြန် ခေါ်ယူဖို့ လိုအပ် နေပြီ ဖြစ်ပြီး မခေါ်နိုင်ရင်တော့ ဥရောပဝင်ခွင့်ရဖို့ ရုန်းကန်ရဖွယ် ရှိနေပါတယ် ။

၆ ။ အနိုင် ရလဒ် နဲ့ နှုတ်ဆက်ပြီး ထွက်ခွာခဲ့တဲ့ မိုက်ကယ်ကားရစ်

အာဆင်နယ် နဲ့ ပွဲအပြီးမှာတော့ မိုက်ကယ်ကားရစ် ဟာ ယာယီ နည်းပြသစ် ရပ်ဖ်ရန်းနစ် ရဲ့ နည်းပြအဖွဲ့မှာ ပါဝင်မှာ မဟုတ်ဘဲ အသင်းကနေ ထွက်ခွာမှာ ဖြစ်ကြောင်း အတည်ပြု ကြေညာ ခဲ့ပါတယ် ။ ဆိုးလ်ရှား နဲ့ လမ်းခွဲ အပြီးမှာ ကားရစ် ဟာ ယူနိုက်တက် ကို ခဏတာ ကိုင်တွယ် ပေးခဲ့ပြီး သူ ကိုင်တွယ် နည်းပြ ခဲ့တဲ့ ၃ ပွဲ စလုံးဟာ အသင်းကြီးတွေနဲ့ ရင်ဆိုင် ရတဲ့ ပွဲတွေပါ ။

ကားရစ် ဟာ အဆိုပါ ၃ ပွဲမှာ ဗီလာရီးရဲလ် ကို ဝ-၂ နဲ့ အနိုင် ၊ ချဲလ်ဆီး အသင်း နဲ့ ၁-၁ သရေ ၊ အာဆင်နယ် အသင်းကို ၃-၂ နဲ့ အနိုင်ရအောင် စွမ်းဆောင် ပေးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှု အပြည့်အဝ နဲ့ နှုတ်ဆက် လမ်းခွဲ နိုင်ခဲ့ပါတယ် ။

SM