ကမ္ဘာ့ဖလား 2 နှစ် တစ်ကြိမ် ကျင်းပရင် ဝင်ငွေ ပေါင် 3.3 ဘီလီယံ ပိုရမယ်လို့ ပြောဆိုပြီး စည်းရုံးရေး ဆင်းလိုက်တဲ့ FIFA

မကြာခင်က ကျင်းပသွားခဲ့တဲ့ FIFA Global Summit ပွဲမှာ ဖီဖာ တာဝန်ရှိသူတွေက ကမ္ဘာ့ဖလားကို 2 နှစ် တစ်ကြိမ် ကျင်းပမယ် ဆိုပါက ဝင်ငွေဟာ ပေါင် 3.3 ဘီလီယံ အထိတောင် တိုးလာနိုင်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ရဲ့ အစီအစဉ်ကို အထမြှောက်နိုင်ဖို့ အတွက် လက်ရှိ ဘောလုံး ပြက္ခဒိန် ကို အပြောင်းအလဲ လုပ်ချင်နေတာ ဖြစ်ပါတယ်။

အခု ကျင်းပခဲ့တဲ့ FIFA Global Summit မှာ အဖွဲ့ဝင်ပေါင်း 211 နိုင်ငံက ကိုယ်စားလှယ်တွေ ကို ဖိတ်ခေါ်ခဲ့ပြီး ၊ အာဆင်ဝင်းဂါး တင်ပြတဲ့ 2 နှစ် တစ်ကြိမ် ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ အစီအစဉ် အပေါ် ငြင်းခုန် ဆွေးနွေး စေခဲ့ပါတယ်။

ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ၊ တောင်အမေရိကား ဘောလုံး အဖွဲ့ချုပ် CONMEBOL တို့ကတော့ အစီအစဉ်ကို ဆန့်ကျင်ခဲ့ ပါတယ်။ သို့သော် အာဖရိ က ဘောလုံး အဖွဲ့ချုပ် CAF က ထောက်ခံချက် ပေးခဲ့ပါတယ်။

ဖီဖာ ဟာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို 2 နှစ် တစ်ကြိမ် နှုန်း နဲ့ ကမ္ဘာ့ဖလား ကျင်းပမယ် ဆိုပါက ကွင်းဝင်ကြေးတွေ ၊ ရုပ်သံ ထုတ်လွှင့်ခနဲ့ စပွန်ဆာကြေးတွေ အများကြီး တိုးလာမှာ ဖြစ်တာကြောင့် 4 နှစ် တစ်ကြိမ် ကျင်းပမယ့် အနေအထားကနေ ရရှိလာမယ့် ဝင်ငွေ ပေါင် 5.3 သန်း ကို ကျော်လွန်ကာ ပေါင် 8.6 သန်း အထိ ရရှိနိုင်တယ်လို့ ရှင်းလင်း တင်ပြခဲ့ ပါတယ်။ ဒါ့အပြင် အဲဒီ ဝင်ငွေတွေကို အချိုးကျ ပြန်လည် ခွဲဝေပေးချိန်မှာ နိုင်ငံ တစ်ခုချင်းစီဟာ ခွဲတမ်း အဖြစ် ပေါင် 12.1 သန်း အထိ ရရှိနိင်တယ်လို့ ခန့်မှန်း တွက်ချက်ပြသွားခဲ့ ပါတယ်။

ဒီပမာဏ ဟာ ဆင်းရဲတဲ့ နိုင်ငံငယ်လေးတွေ အတွက် မက်လောက်စရာ ပမာဏမျိုးဖြစ်သလို ၊ အာဖရိ က လို ဘောလုံး ကစားနည်း ဖွံ့ဖြိုး တိုးတက်ဖို့ အခြေခံ အဆောက်အအုံ ရှိထားတဲ့ နေရာတွေက သဘောကျလျှက် ရှိနေပါတယ်။

အာဆင် ဝင်းဂါး ကိုယ်တိုင်ကလဲ ဖီဖာ အဖွဲ့ဝင် နိုင်ငံတွေ အကြား ဆင်းရဲ ချမ်းသာ ကွာဟချက်ကို လျှော့ချနိုင်ဖို့ နဲ့ နိုင်ငံငယ်လေးတွေက ကစားသမားတွေ အထောက်အပံ့ ပစ္စည်း စုံစုံလင်လင် နဲ့ လေ့ကျင့်နိုင်ဖို့ အတွက် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဥရောပ ဘောလုံး အဖွဲ့ချုပ် ကတော့ အဲဒီလိုသာ ပြောင်းလဲ လိုက်မယ် ဆိုရင် သူတို့ရဲ့ ဝင်ငွေဟာ ယူရို 2.5 က 3 ဘီလီယံ အကြားထိ လျှော့ကျသွားလိမ့်မယ်လို့ သောကြာနေ့က ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

ဖီဖာ ဥက္ကဌကြီး အန်ဖန်တီနို က ဥရောပ နဲ့ တောင်အမေရိက နိုင်ငံတွေ က ကန့်ကွက်နေတဲ့ အကြားက ဒီအစီအစဉ်ကို အကောင်ထည်ဖော်နိုင်အောင် လုပ်ဆောင်ပြနိုင်လိမ့်မယ်လို့ ယုံကြည်လျှက် ရှိနေပါတယ်။

“ ဒီကိစ္စ ကို မဲခွဲပြီး ဆုံးဖြတ်ချက်ကြမယ် ဆိုရင် ကျနော်တို့ အစီအစဉ်ကို ထောက်ခံမယ့်သူက များနေမှာ ဖြစ်လို့ ကျနော်တို့ပဲ အနိုင်ရမှာပါ။ ကျနော်တို့ က ဘောလုံး လောက တစ်ခုလုံးကို ကြည့်ပြီးမှ ဘယ်လို ကောင်းအောင် ပိုပြီး လုပ်ဆောင်သင့်သလဲ ဆိုတာ စဉ်းစားတာ ဖြစ်ပါတယ်။

အနာဂတ်မှာ ပိုမို ကောင်းမွန်တဲ့ ဘောလုံး အသိုင်းအဝိုင်း တစ်ခု ပေါ်ပေါက်လာဖို့ ရည်ရွယ်ထားတာပါ။ ဒါကြောင့် ရှေ့ဆက်ပြီး ဆွေးနွေးညှိနှိုင်းတာတွေ ၊ လေ့လာ သုံသပ်တာတွေကို ဆက်လက် လုပ်ဆောင်သွားပါ့မယ်။ တိုးတက်မှုတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SM