ကစားသမား ၈ ယောက်ထိ အမည်ပေါက်နေပြီဖြစ်တဲ့ နဗီးလ်-ကာရေဂါ တို့ရဲ့ တနှစ်တာအကောင်းဆုံး အသင်း

နယူးကာဆယ် နဲ့ မန်ယူနိုက်တက်တို့ တစ်ဖက် တစ်ဂိုးစီ သရေ ကျသွားခဲ့တဲ့ ပွဲအပြီးမှာ ဂယ်ရီနဗီးလ် နဲ့ ကာရေဂါ တို့ဟာ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး အသင်းကို ရွေးချယ် ပေးသွားခဲ့တဲ့ အပြင် အကောင်းဆုံး ကစားသမား ၊ အကောင်းဆုံး လူငယ် ၊ အကောင်းဆုံး နည်းပြ ၊ အကောင်းဆုံး ကစားသမား ခေါ်ယူမှုတွေကိုလည်း ရွေးချယ် ပေးသွားခဲ့ပါတယ် ။

တနှစ်တာ အကောင်းဆုံး အသင်းကို ရွေးချယ်ရာမှာ နဗီးလ် နဲ့ ကာရေဂါ တို့ဟာ ကစားသမား ရှစ်ဦး အထိ တူညီ ခဲ့ကြသလို အကောင်းဆုံး ကစားသမား ၊ အကောင်းဆုံး လူငယ် ၊ အကောင်းဆုံး နည်းပြ ရွေးချယ်ရာမှာလည်း တူညီ ခဲ့ကြပါတယ် ။

နဗီးလ် နဲ့ ကာရေဂါ တို့ရဲ့ တနှစ်တာ အကောင်းဆုံး အသင်း နှစ်သင်းစလုံးမှာ ပါဝင် ခဲ့ကြသူတွေကတော့ အာနိုး ၊ ဗန်ဒိုက် ၊ ဆာလာ ၊ ဂျိုတာ ( လီဗာပူး ) ၊ ရူဒီဂါ (ချဲလ်ဆီး) ၊ ကန်ဆယ်လို(မန်စီးတီး) ၊ ဒီကလန်ရိုက်စ်(ဝက်စ်ဟမ်း) ၊ ဖိုဒန်(မန်စီးတီး) တို့ ဖြစ်ကြပါတယ် ။

ဒါပေမယ့် နဗီးလ် နဲ့ ကာရေဂါ တို့ဟာ တစ်နှစ်တာ အကောင်းဆုံး အသင်းကို ကစားကွက် ပုံဖော်ပုံချင်းတော့ မတူညီခဲ့ပါဘူး ။ နဗီးလ် ဟာ သူ့အသင်းကို ၃-၄-၃ ကစားကွက် နဲ့ ပုံဖော်ခဲ့ပြီး မန်စီးတီး နောက်ခံလူ ရူဘင် ဒီယက်ဇ် ကို ဗန်ဒိုက် ၊ ရူဒီဂါ တို့နဲ့ တွဲဖက် ပေးခဲ့ပါတယ် ။

ကွင်းလယ်မှာ နဗီးလ် ဟာ ရိုက်စ် ရဲ့ တွဲဖ​က် အဖြစ် ရိုဒရီ ကို ရွေးချယ် ပေးခဲ့ပြီး ဂိုးသမား နေရာမှာတော့ လီဗာပူး ဂိုးသမား အယ်လီဆွန် ပါဝင် ခဲ့ပါတယ် ။ကာရေဂါ ကတော့ ဂိုးသမား နေရာမှာ အာဆင်နယ် ဂိုးသမား အာရွန် ရမ်စ်ဒဲလ် ကို ရွေးချယ်ခဲ့ပြီး နောက်တန်း လေးယောက် နဲ့ ကစားကွက် ပုံဖော် ပေးခဲ့ပါတယ် ။

ကာရေဂါ ဟာ သူ့ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်း ကွင်းလယ်မှာတော့ ဘာနန်ဒို ဆေးလ်ဗား နဲ့ ကော်နာ ဂယ်လာဂါ တို့ကို ရွေးချယ် ခဲ့ပါတယ် ။ နဗီးလ် က သူ့ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်း ရွေးချယ်ပုံကိုလည်း ခုလို ရှင်းပြ သွားခဲ့ပါတယ် ။

” ဒီယက်ဇ် ၊ ဗန်ဒိုက် ၊ ရူဒီဂါ တို့ ၃ ဦးစလုံးက သက်ဆိုင်ရာ အသင်းတွေမှာ တကယ့်ကို ကောင်းမွန် ထူးချွန်စွာ ကစား ထားနိုင်ပါတယ် ။ ကွင်းလယ်မှာတော့ ရိုဒရီ ၊ ရိုက်စ် တို့ နှစ်ဦးကို ထားချင်ပါတယ် ၊ ရိုဒရီ က ဒီရာသီမှာ အံ့ဖွယ် ကစားပြနေပေမယ့် underated ဖြစ်နေပြီး ချီးကျူးမှုလည်း သိပ်မရရှိပါဘူး ၊ သူက အပတ်တိုင်း ခြေစွမ်းပြနေသူ ဖြစ်ပြီး အများကြီး တိုးတက်မှု ရှိလာသူပါ ။ ”

” နောက်ခံ အစွန်လူ နေရာမှာ ပါခွင့် မရတဲ့ လီဗာပူး က ရောဘတ်ဆန် ကံမကောင်းဘူးပဲ ဆိုရမှာပါ ၊ ဒီနှစ်မှာ အာနိုး နဲ့ ကန်ဆယ်လို က အတော် ကောင်းနေကြပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆက်လက်ပြီး ကာရေဂါ နဲ့ နဗီးလ် ဟာ တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် ဆာလာ ၊ အကောင်းဆုံး လူငယ် အဖြစ် ဖိုဒန် ၊ အကောင်းဆုံး နည်းပြ အဖြစ် ဂွာဒီယိုလာ ကို တူညီစွာ ရွေးချယ် ခဲ့ကြပြီး အကောင်းဆုံး ကစားသမား ခေါ်ယူမှုမှာတော့ ကွဲလွဲ ခဲ့ကြပါတယ် ။

ကာရေဂါ က ရမ်စ်ဒဲလ် ကို ရွေးချယ် ပေးခဲ့ပြီး နဗီးလ် ကတော့ Jose Sa ကို ရွေးချယ် ပေးခဲ့တာ ဖြစ်ပါတယ် ။

SM