ကစားသမား တစ်ဦးကြောင့် အာဆင်နယ် နည်းပြ ရာထူးကို ငြင်းဆန် ခဲ့တဲ့ ယူနိုက်တက် ယာယီ နည်းပြ ရန်းဂနစ်

လက်ရှိ မန်ချက်စတာ ယူနိုက်တက် နည်းပြ ရန်းဂနစ် ဟာ ပြီးခဲ့တဲ့ သုံးနှစ်တုန်းက အာဆင်နယ် နည်းပြကြီး အာဆင်ဝင်းဂါး နေရာ ဆက်ခံဖို့ နီးစပ် ခဲ့ပါတယ် ။ ဒါပေမယ့် ရန်းဂနစ် ဟာ သူ့ကို မတိုင်ပင်ဘဲ လုပ်ဆောင်ခဲ့တဲ့ အာဆင်နယ် အသင်းရဲ့လုပ်ရပ် တစ်ခုကြောင့် နည်းပြ ရာထူးကို လက်ခံဖို့ ငြင်းဆန် သွားခဲ့ပါတယ် ။

၂၀၁၈ ခုနှစ်မှာ အာဆင်ဝင်းဂါး အာဆင်နယ် အသင်းကနေ ထွက်ခွာ သွားခဲ့ပြီးနောက် ဂန်းနားတို့ဟာ လစ်လပ် နေတဲ့ နည်းပြ နေရာအတွက် ဂျာမန်သားကြီးကို လျာထား ခဲ့ပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်းဟာ အိုဇေးလ် ကို စာချုပ် သက်တမ်းတိုးလိုက်တဲ့ အတွက် ရန်းဂနစ် ဟာ အာဆင်နယ် နည်းပြ ဆန်ကာတင် စာရင်းကနေ နှုတ်ထွက် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဂျာမန် ကွင်းလယ်လူ မီဆွတ် အိုဇေးလ် ကို မက်လောက်ဖွယ် လစာ အများအပြား နဲ့ သုံးနှစ်ခွဲ စာချုပ် သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီ အာဆင်နယ် အသင်းရဲ့ ဆုံးဖြတ်ချက် ဟာ ရန်းဂနစ် ကို အကြီးအကျယ်စိတ်ပျက် စေခဲ့တာ ဖြစ်တယ်လို့ Kicker က ရေးသား ဖော်ပြလိုက်ပါတယ် ။

Kicker ရဲ့ဖော်ပြချက် အရ အာဆင်နယ် အသင်းဟာ အသင်းရဲ့ အဓိက ဆုံးဖြတ်ချက်တွေကို နည်းပြသစ် ဖြစ်လာနိုင်ချေ ရှိတဲ့ ရန်းဂနစ် ကို ဆွေးနွေး အသိပေးခဲ့ခြင်း မရှိတာကြောင့် ဂျာမန်သားဟာ ရက်ဘူးလ် လိုက်ပ်ဇစ် မှာ ဆက်နေဖို့ပဲ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။

မီဆွတ် အိုဇေးလ် ဟာ နည်းပြ အာတီတာ လက်ထက် အာဆင်နယ် အသင်းမှာ ပွဲထွက် ကစားခွင့် မရတာကြောင့် စာချုပ် သက်တမ်းကုန်တဲ့ အထိ မကစားဘဲ ဒီနှစ် အစောပိုင်းမှာ ကလပ် အသင်း နဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းကာ ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ် ။

အသက် ၆၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရန်းဂနစ် ဟာ သူ အလုပ်လုပ် ခဲ့တဲ့ အသင်း တိုင်းမှာ နည်းပြ ရာထူး အပြင် တစ်ခြားရာထူး တစ်ခုကိုပါ လက်ခံ ရယူလေ့ ရှိသူ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ရန်းဂနစ် နဲ့ အဆင်မပြေတာကြောင့် ပီအက်စ်ဂျီ နဲ့ ဆီဗီလား နည်းပြဟောင်း အူနိုင်း အမ်မရီ ကို နည်းပြ အဖြစ် ခန့် အပ်ခဲ့ပါတယ် ။

အမ်မရီဟာ အာဆင်နယ် အသင်းကို ၁၈ လတာ ကိုင်တွယ် ခဲ့ပြီးနောက် ထုတ်ပယ် ခံခဲ့ရပါတယ် ။ လက်ရှိ အချိန်မှာတော့ ဂန်းနား ကွင်းလယ်လူဟောင်း အာတီတာ ဟာ အာဆင်နယ် နည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက် နေပါတယ် ။

ရန်းဂနစ် ဟာ ၂၀၂၁ ခုနှစ် အစောပိုင်းကာလမှာ ချဲလ်ဆီး နည်းပြ ရာထူးကိုလည်း ငြင်းဆန် ခဲ့သူ ဖြစ်ပါတယ် ။ချဲလ်ဆီး အသင်းဟာ လမ်းပတ် နေရာ အစားထိုးဖို့ ရန်းဂနစ် ကို ချဉ်းကပ် ခဲ့တာ ဖြစ်ပြီး နည်းပြ ရာထူး တစ်ခုပဲ ကမ်းလှမ်း ခဲ့တာကြောင့် မအောင်မြင်ခဲ့တာပါ ။

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ရန်းဂနစ် ကို ယာယီ နည်းပြ အဖြစ် ၆ လ ကိုင်တွယ် ပေးဖို့ အပြင် အကြံပေး အဖြစ် ၂ နှစ် လုပ်ပေးဖို့ ကမ်းလှမ်း ခဲ့တာ ကြောင့် အဆင်ပြေ သွားခဲ့တာ ဖြစ်ပါတယ် ။

SM