VAR အပေါ် ပရိသတ်တွေရဲ့ ပေါက်ကွဲမှုကြောင့် စပါယ်ရှယ် Ban နဲ့ ရင်ဆိုင်ရတော့မယ့် ဘရာဇီး ကလပ်

 

ဘရာဇီး စီးရီးအေ ( အဆင့်မြင့်တန်း ) ကလပ် အသင်း ဖြစ်တဲ့ ဂရီမီယို ဟာ ဒီနှစ် ဘောလုံး ရာသီမှာ အခြေမလှ ဖြစ်နေခဲ့ ပါတယ် ။

ဘရာဇီး ရဲ့ အအောင်မြင်ဆုံး ကလပ် တသင်းဖြစ်တဲ့ ဂရီမီယို ဟာ ဒီနှစ် မှာ အခြေအနေ ဆိုးနေပြီးရာသီကုန်ဖို့ ၁၁ ပွဲ အလိုမှာ တန်းဆင်းဇုန် ထဲကို အံ့အားသင့်ဖွယ် ရောက်ရှိလို့ နေခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မှာ ကစားခဲ့တဲ့ ပွဲမှာတော့ ဂရီမီယို အတွက် တပူပေါ် နှစ်ပူဆင့် စေမယ့် ဖြစ်ရပ်တခု ပေါ်ပေါက် လာခဲ့ပါတယ် ။

ဂရီမီယို ဟာ ပါမေးလ်ရပ်စ် အသင်း နဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး ၂-၁ နဲ့ ရှုံးနိမ့် နေချိန်မှာ ချေပဂိုး ပြန်လည် ရရှိခဲ့ ပါတယ် ။

ဒါပေမယ့် VAR က ဒီဂိုးကို လူကျွံဘော အဖြစ် သတ်မှတ်ပြီး ပယ်ဖျက်ခဲ့ ပါတယ် ။

ပွဲပြီးချိန် မှာတော့ ဂရီမီယို ဟာ ၃-၁ နဲ့ ရှုံးနိမ့် သွားခဲ့ရ ပါတယ် ။

ဒေါသအမျက်ချောင်းချောင်း ထွက်နေတဲ့ ဂရီမီယို ပရိသတ်တွေဟာ ပွဲသိမ်း ခရာမှုတ်လိုက်ချိန် မှာတော့ ကွင်းထဲ ကို ပြေးဆင်း လာခဲ့ကြပြီး ကွင်းဘေးက VAR စက်ပစ္စည်းတွေကို ဖျက်ဆီး ပစ်ခဲ့ကြပါတော့တယ် ။

ဒီဖြစ်ရပ် ဟာ ၂ သင်းစလုံးက ကစားသမားတွေကို ထိတ်လန့် စေခဲ့ပြီး ဘရာဇီး ဘောလုံးအဖွဲ့ချုပ် အတွက်လည်း အံ့အားသင့်စရာ ဖြစ်စေခဲ့ ပါတယ် ။

 

တနင်္လာနေ့ မှာတော့ ဘောလုံးအဖွဲ့ချုပ်ဟာ ဒီကိစ္စ အတွက် ဂရီမီယို အသင်းကို ပြင်းပြင်း ထန်ထန် အရေးယူ သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ ပါတယ် ။

“ကွင်းထဲကို ပရိသတ်တွေ ဝင်ရောက်မှု ၊ ပြိုင်ပွဲ မှာ အသုံးပြုတဲ့ စက်ကိရိယာ နဲ့ ဆိုင်းဘုတ်တွေကို ထိခိုက် ပျက်စီးစေမှု အတွက် ဘရာဇီး ရီရယ် သန်း ၁၀၀ ( ပေါင် ၁၃ သန်း ) ဒဏ်ငွေ ပေးဆောင်ရနိုင်ပြီး ၁၀ ပွဲ အထိ ကွင်းပိတ် ကစားရမယ့် ပြစ်ဒဏ် လည်း ကျခံရနိုင်တယ်” လို့ ဘရာဇီး ဘောလုံးအဖွဲ့ချုပ် က လူတဦးက သတင်းဌာနာတွေကို ဖြေကြား သွားခဲ့ ပါတယ် ။

ဂရီမီယို ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အဆင့် ၆ နဲ့ ရာသီ ပိတ်သိမ်း ခဲ့ပြီး အပေါင်း လက္ခဏာဆောင်မှု များစွာ ရှိခဲ့ ပါတယ် ။

ဘရာဇီး နဲ့ ချဲလ်ဆီး နည်းပြဟောင်း ဖိလစ်ပီ စကိုလာရီ ဟာ မနှစ်က ဂရီမီယို ကို ကိုင်တွယ် ခဲ့ပြီး ဘိုင်ယန် က အငှား ခေါ်ယူထားတဲ့ ရာဖင်ဟာ ၊ ယူဗင်တပ် ကနေ အငှားခေါ်ထားတဲ့ ဒေါက်ကလပ် ကော်စတာ တို့ နဲ့ အတူ ရလဒ်ကောင်း အချို့ ရယူပိုင်ဆိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ဒီရာသီ မှာ ရလဒ်တွေ ဆိုးရွားလာခဲ့မှုကြောင့် အောက်တိုဘာ အစောပိုင်းမှာတော့ စကိုလာရီ နှုတ်ထွက် သွားခဲ့ပြီး နည်းပြသစ် ဗက်ဂ်နာ မန်စီနီ ကတော့ ဂရီမီယို ကို ကယ်တင်ဖို့ ကြိုးစားနေချိန် မှာဘဲ အခုလို ဆိုးရွားတဲ့ စည်းကမ်းပိုင်း ဆိုင်ရာ ပြစ်ဒဏ် ချမှတ်မှု နဲ့ ရင်ဆိုင် ဖြေရှင်း ရတော့မှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR