Title Race ရမှတ် ကွာဟချက်ကို ကျဉ်းမြောင်းစေခဲ့တဲ့ ချဲလ်ဆီး ၁ – ၁ မန်ယူနိုက်တက် ပွဲမှ ပြောစရာဖြစ်ခဲ့တဲ့ အချက် ၅ချက်

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ရဲ့ နောက်ဆုံးပွဲ ဖြစ်တဲ့ ချဲလ်ဆီး – မန်ချက်စတာ ယူနိုက်တက် ပွဲဟာ ဒုတိယပိုင်းမှာ ရခဲ့တဲ့ သွင်းဂိုး ၂ဂိုးနဲ့ အတူ တဖက် တဂိုးစီ သရေ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ် ။ ဒီရလဒ်ကြောင့် ထိပ်ဆုံး ၃သင်း အကြား ရမှတ် ကွာဟမှု က တမှတ်စီသာ ကျန်ပါတော့တယ် ။ ထိုပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက် ကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

၁ ။ အရန်ခုံ ထပ်ထိုင်ခဲ့ရတဲ့ ရော်နယ်ဒို

အမှတ်မလိုတော့တဲ့ ပွဲမှာ ရော်နယ်ဒိုလို စူပါစတား ကစားသမား တဦး အနေနဲ့ အရန်ခုံ ထိုင်ရတာ ကိစ္စ မရှိပေမယ့် ၊ မနေ့ညကလို အသင်းကြီး အချင်းချင်း ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ Big Match မျိုးမှာ ၎င်း ပွဲထွက်စာရင်းမှာ ပါမလာခဲ့တာ က ပရိသတ် အများစု ကို အံ့အားသင့်စေခဲ့ပါတယ် ။

ယခင် နည်းပြဟောင်း အိုလေဂန်နာ ဆိုးလ်ရှား ဟာ အဲဗာတန် နဲ့ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ထိုဆုံးဖြတ်ချက်မျိုး ချခဲ့ဖူးပြီး ၊ ၎င်းထွက်ခွာသွားပြီးနောက် အသင်းကို ယာယီ တာဝန် ယူထားတဲ့ လက်ထောက် နည်းပြ မိုက်ကယ် ကာရစ် ဟာလည်း မနေ့ညက ပွဲမှာ ရော်နယ်ဒို ကို အရန်ခုံ ပို့ဖို့ ရဲရဲတင်းတင်း ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။

ဒီ ဆုံးဖြတ်ချက် က မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ၊ ပွဲချိန် အများစု မှာ ယူနိုက်တက် ဟာ ခံစစ် အသားပေး ကစားပုံနဲ့ ချဉ်းကပ်ခဲ့ပေမယ့် ၊ တချက် တချက် တန်ပြန်တိုက်စစ် ချောင်းကစားတဲ့ အခိုက်အတန့်တွေမှာတော့ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချို တို့က အသုံးဝင်ခဲ့ပါတယ် ။ အထူးသဖြင့် ရခဲ့တဲ့ အဖွင့်ဂိုးမှာ ကာရစ်ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ် ဆိုတာ မြင်တွေ့ခဲ့ရမှာ ဖြစ်ပါတယ် ။

၂ ။ ဒီဂီယာ အပေါ် ယူနိုက်တက်တို့ တင်နေတဲ့ အကြွေးများ

မနေ့ည က ပွဲမတိုင်မီ နောက်ဆုံး ပရီးမီးယားလိဂ် ၇ပွဲမှာ ၁ပွဲသာ နိုင်ခဲ့တဲ့ မန်ယူနိုက်တက် အသင်း မှာ အပတ်တိုင်း စွမ်းဆောင်ရည် မကျတဲ့ ကစားသမား တဦးကို လက်ညှိုးထိုးပြပါ ဆိုရင် ၊ ဂိုးသမား ဖြစ်တဲ့ ဒေးဗစ် ဒီဂီယာ ကိုပဲ ညွှန်းရပါမယ် ။ ရှုံးပွဲ ကြုံတွေ့ခဲ့တဲ့ ပွဲတွေမှာတောင် ၎င်းရဲ့ ကာကွယ်မှုတွေကြောင့် အရှုံးရလဒ် က အရှက်မကွဲခဲ့တာတွေ ရှိခဲ့ပါတယ် ။

်မနေ့ည က ပွဲမှာလည်း ပထမပိုင်း ၅မိနစ် အတွင်း ရခဲ့တဲ့ ဟတ်ဒ်ဆန် အိုဒွိုင်းရဲ့ အနီးကပ် ပိတ်သွင်းမှု တကြိမ် ၊ ရူဒီဂါ ရဲ့ ပင်နယ်တီ ဧရိယာ ပြင်ပက အပြင်းကန်ချက် ၊ ပထမပိုင်း ပြီးခါနီး က ရိစ်ဂျိမ်းစ်ရဲ့ အဝေး ဖြတ်တင်ဘော ဂိုးဝင်လုနီးပါး အနေအထားတွေမှာ ဒီဂီယာ တယောက် အမှားအယွင်း မရှိ လက်စွမ်းပြခဲ့ပါတယ် ။

၃ ။ မန်ယူနိုက်တက် နည်းပြ ခုံတန်း က နားကြပ်နဲ့ ချိတ်ဆက်မှု

ပွဲတိုက်ရိုက် live ပြနေတဲ့ အချိန် အတွင်း ရိုက်ပြတဲ့ ဗီဒီယို အထောက်အထားတွေ အရ ပွဲချိန် အတွင်း မန်ချက်စတာ ယူနိုက်တက် နည်းပြ ခုံတန်းက နည်းပြ အဖွဲ့ဝင် အချို့နဲ့ နည်းစနစ် ဒါရိုက်တာ ဒါရင်း ဖလက်ချာ ဟာ နားကြပ် တပ်ပြီး အပြင် က တစုံတဦးနဲ့ ဆက်သွယ် စကားပြောမှုတွေ လုပ်နေခဲ့တာကို မြင်တွေ့ခဲ့ရမှာ ဖြစ်ပါတယ် ။

အများ ကတော့ ဒါဟာ ယာယီ နည်းပြသစ် ဖြစ်တဲ့ ရပ်လ်ဖ် ရန်းနစ်နဲ့ နည်းစနစ် အကြောင်း ပြောဆို ချိတ်ဆက်မှု ဖြစ်ကြောင်း ယူဆကြပါတယ် ။ ပွဲအပြီးမှာတော့ လက်ထောက် နည်းပြ မိုက်ကယ် ကာရစ် က ရန်းနစ်နဲ့ ဘာမှတောင် မပြောရသေးဘူးလို့ ပြတ်ပြတ်ပဲ တုန့်ပြန်ခဲ့ပါတယ် ။

၄ ။ မန်ယူနိုက်တက် အတွက် ပထမဆုံး ပရီးမီးယားလိဂ်ဂိုး သွင်းနိုင်ခဲ့တဲ့ ဆန်ချို

ကြားရက် က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမှာ ဗီလာရီးရဲလ်ဖက်ကို ဂိုးသွင်းခဲ့ကာ ၊ ယူနိုက်တက် အတွက် ပထမဆုံး ဂိုးသွင်းယူခဲ့ပြီးနောက် ၊ မနေ့ည က ပွဲမှာတော့ caretaker ဖြစ်သူ ကာရစ်ရဲ့ ယုံကြည်မှု ကို အပြည့်အဝ ရခဲ့ပြီး ၊ တိုက်စစ်မြားဦးမှာ ပွဲထွက်ခွင့် ရခဲ့သလို ၊ ပထမဆုံး ပရီးမီးယားလိဂ် ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ် ။

ဒုတိယပိုင်း ပြန်အစ ၁၀ မိနစ် အတွင်းမှာ ယူနိုက်တက် ခံစစ်က အမြောက် ဘောလုံး ရှင်းထုတ်မှုကို ဂျော်ဂျင်ဟို လိုက်ထိန်းဖို့ ကြိုးစားရာကနေ ၊ ပြန်လျှံကျလာတာ ကို ဆန်ချို က အခွင့်ကောင်း ယူကာ ၊ ချဲလ်ဆီး ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီနဲ့ တယောက်ချင်း အနေအထားမှာ အမှားအယွင်း မရှိ အဆုံးသတ်နိုင်ခဲ့ပါတယ် ။

၅ ။ ဗီလိန် ဖြစ်မယ့် အရေးက ပြန်လည် လွတ်မြောက်ခဲ့တဲ့ ဂျော်ဂျင်ဟို

အန်ဂိုလို ကန်တေ မပါတဲ့ အချိန် ဂျော်ဂျင်ဟို ဟာ မနေ့ည က ပွဲမှာ ၂ဆ အလုပ်လုပ်ခဲ့ရသလို ၊ ပွဲချိန် အချို့မှာ သေသေချာချာ အာရုံစိုက်နိုင်ခဲ့ခြင်း မရှိပါဘူး ။ အထူးသဖြင့် ပေးခဲ့ရတဲ့ အဖွင့်ဂိုး မှာ ၎င်းဟာ ကိုယ် ပါးနပ်တယ် ဆိုတာကို ပြသချင်ဇော များခဲ့ပြီး ၊ အမြောက်ဘော ကို ထိန်းရာကနေ ၊ ပြိုင်ဖက်ရဲ့ အခွင့်ကောင်း ယူခြင်းကို ခံခဲ့ရပါတယ် ။

 

သို့ပေမယ့် ကံကောင်းချင်တော့ ဂျော်ဂျင်ဟို ဟာ မိမိ အမှားကို ပြန်လည် ချေပဖို့ အခွင့်အရေး အဖြစ် ၊ သီယာဂို ဆေးလ်ဗားကြောင့် ပင်နယ်တီ ကန်ခွင့် ကို ပိုင်ဆိုင်ခဲ့ပါတယ် ။ အီတလီ လက်ရွေးစင် အသင်းကို ကမ္ဘာ့ဖလား တိုက်ရိုက် ခြေစစ်ပွဲ အောင်စေမယ့် ပင်နယ်တီ ၂လုံး ကို ဖြုန်းတီးခဲ့ဖူးတဲ့ ဂျော်ဂျင်ဟို ဟာ ချဲလ်ဆီးမှာတော့ ထိုအမှားမျိုး မကျူးလွန်ခဲ့ပဲ ၊ မနေ့ည က ပင်နယ်တီ ကို အမှားအယွင်း မရှိ အဆုံးသတ်ခဲ့ပါတယ် ။

SPORTS MYANMAR