Super-sub မိုရာတာကြောင့် ပြတ်ပြတ်သားသား ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ခဲ့တဲ့ စပိန်

မနေ့ည က ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု C ရဲ့ နောက်ဆုံး ခြေစစ်ပွဲ တပွဲ မှာ အဆင့် ၁ နေရာ က စပိန် အသင်း ဟာ ဒုတိယ နေရာ က ဆွီဒင် အသင်းကို ရင်ဆိုင်ခဲ့ရာ ၊ သရေ တမှတ်သာ လိုအပ်ခဲ့ပေမယ့် ၊ လူစားဝင် တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာကြောင့် ခြေစစ်ပွဲ အဆင့် ကို ပြတ်ပြတ်သားသား အောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

၂သင်းလုံး တိုက်ရိုက် ခြေစစ်ပွဲ အောင်ဖို့ ပစ်မှတ်ထားခဲ့တာကြောင့် ၊ ပွဲကို ထိန်းချုပ် ကစားခဲ့ကြတာကို တွေ့ရပါတယ် ။ သို့ပေမယ့်လည်း အိမ်ရှင် စပိန် ကတော့ ထုံးစံအတိုင်း ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ အနိုင် ရလဒ် အတွက် ပြိုင်ဖက်ကို အချိန်ပြည့် ဖိအားပေးသွားခဲ့ပါတယ် ။

ဂိုးပေါက် ခြိမ်းခြောက်မှု အတော်အသင့် ရှိခဲ့ပေမယ့် ၊ တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲပြီးခါနီး ၅မိနစ် အလိုမှာ ၊ ကွင်းလယ်လူ ဒန်နီ အော်လ်မိုရဲ့ အဝေးကန်ချက် ဂိုးဘားထိပြီး လျှံကျလာရာကတဆင့် ယူဗင်တပ် တိုက်စစ်မှူး မိုရာတာ က အမှားအယွင်း မရှိ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ် ။

ဒီ အနိုင်ရလဒ်ကြောင့် စပိန် အသင်း ဟာ အဆင့် ၂ နေရာ က ဆွီဒင် ကို ၄မှတ် အထိ ဖြတ်ကာ ၊ ကာတာ ကမ္ဘာ့ဖလားသို့ သွားရောက်ခွင့် လက်မှတ် တစောင် ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီ ဖြစ်ပါတယ် ။ လက်ရှိ ခြေစွမ်း အရဆို ၂၀၁၀ ကမ္ဘာ့ဖလား ချန်ပီယံတို့ အတွက် တကျော့ပြန် ချန်ပီယံဆုကို ထပ်မှန်းလို့ ရနိုင်မှာ သေချာပါတယ် ။

တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ မိုရာတာ ကတော့ ပွဲပြီး အင်တာဗျူး မှာ ၄င်းတို့ အသင်း ဟာ ၂၀၂၂ ကမ္ဘာ့ဖလားသို့ သွားရောက် ယှဉ်ပြိုင်ဖို့ ထိုက်တန်မှု အပြည့်အဝ ရှိတဲ့ အကြောင်း ဖွင့်ဟရင်း ၊ အနိုင်ဂိုး သွင်းယူခဲ့ပြီးနောက် သူ့ရဲ့ ခံစားချက်နဲ့ အောင်ပွဲခံပုံ အကြောင်းကိုလည်း အခုလိုပဲ ရှင်းလင်းခဲ့ပါတယ် ။

မိုရာတာ က ” ကံတရား က မျှမျှတတပဲ မျက်နှာသာပေးခဲ့တယ်လို့ ထင်ပါတယ် ။ ကျွန်တော် ပွဲတချို့မှာ ရုန်းကန်ခဲ့ရပေမယ့် ၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ခဲ့တာကိုတော့ ဝမ်းသာ ပျော်ရွှင်မိပါတယ် ။ စပိန် ဟာ ကမ္ဘာ့ဖလား ကျင်းပတဲ့ အချိန်တိုင်းမှာ ပါဝင် ဆင်နွှဲရမယ့် အသင်း တသင်း ဖြစ်ပါတယ် ။ ”

” လူးဝစ် အင်းနရစ် ( စပိန် နည်းပြ ) ဟာ ကျွန်တော်တို့ကို အခြား အင်အားကြီး အသင်းတွေနဲ့ ဘာမှ မကွာခြားဘူး ဆိုတဲ့ ခံစားချက်ကို ရိုက်သွင်းပေးနိုင်ခဲ့ပါတယ် ။ ယူရိုမှာ ကျွန်တော်တို့ဟာ ဆိုးရွားတဲ့ အချိန် အတိုင်းအတာ တခု ကျော်ဖြတ်ခဲ့ရပေမယ့် ၊ အခုအခါမှာ ပိုပြီး တောင့်တင်းတဲ့ ပုံစံ တရပ်နဲ့ ပြန်လာနိုင်ခဲ့ပါပြီ ။ ”

” ဂိုးမသွင်းခင် ကျွန်တော် ကိုယ့်ကိုယ်ကို စိတ်လျှော့ဖို့ အရင် ဆုံးဖြတ်လိုက်ပါတယ် ။ အဲဒီ အခိုက်အတန့် က ကျွန်တော့ကို ဘရိတ်အုပ်မိသလို ဖြစ်စေခဲ့ပါတယ် ။ ပြိုင်ဖက် ဂိုးသမား ကလည်း လူကောင်ကြီးပါတယ် ။ ”

” ဒီဂိုး သွင်းပြီးတဲ့နောက် ကျွန်တော် အရမ်း အပျော်လွန်ခဲ့ပြီး ၊ ကွင်းတွင်း ပရိသတ်တွေကလည်း ကြက်သည်းထစရာကောင်းတဲ့ ပတ်ဝန်းကျင် အဖြစ် ဖန်တီးပေးခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ ဒီနေ့ နိုင်ပွဲ အတွက် သူတို့ကို ကျေးဇူးတင်ရမှာပါ ။ ”

” ဂိုးသွင်းအပြီး အောင်ပွဲခံပုံ ကလည်း စပါယ်ရှယ် ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ဒီအကြောင်း ကျွန်တော် အကျယ်ချဲ့ပြီး မပြောတာပဲ ပိုကောင်းပါတယ် ။ ဒါဟာ ကျွန်တော့ အတွေးထဲမှာ အမြဲ ရှိနေမယ့် အရမ်း လှပတဲ့ အခိုက်အတန့် တရပ် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR