Skill ကောင်းတဲ့ အာဆင်နယ် အသင်းရဲ့ကြယ်ပွင့်ကို အငှားခေါ်ယူဖို့ တိုက်တွန်းခံလိုက်ရတဲ့ နယူးကာဆယ် အသင်း

အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပေါ် ခဲ့ပြီးနောက် လာမယ့် အပြောင်းအရွှေ့ကာလမှာ ကစားသမားကောင်းတွေ ခေါ်ယူဖို့ ရှိနေတဲ့ နယူးကာဆယ် အသင်း အနေနဲ့ အာဆင်နယ် အသင်း တောင်ပံ ကစားသမား နီကိုလပ်စ် ပေပေ ကို အငှားနဲ့ ခေါ်ယူ သင့်တယ်လို့ ဝီလန် က တိုက်တွန်း လိုက်ပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက နယူးကာဆယ် အသင်းအပါအဝင် ပရီးမီးယားလိဂ် အသင်း ၃ သင်းဟာ ပေပေ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။ ဝီလန် ကတော့ နယူးကာဆယ် အသင်း အနေနဲ့ နီကိုလပ်စ် ပေပေ ကို အပြီးသတ် ဝယ်ယူဖို့ထက် risk နည်းတဲ့ အငှား စာချုပ်နဲ့ ခေါ်ယူဖို့ တိုက်တွန်း သွားခဲ့ပါတယ် ။

နီကိုလပ်စ် ပေပေ ဟာ ၂၀၁၉ ခုနှစ်မှာ လိုင်လီ အသင်း ကနေ အာဆင်နယ် အသင်းကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း နဲ့ ရောက်ရှိ လာသူ ဖြစ်ပါတယ် ။ ပေပေ ဟာ အမ်းမရိတ်ကို ရောက်ကတည်းက ပရိသတ်တွေ မျှော်လင့်ထားတဲ့ ခြေစွမ်းမျိုး ပြသထား နိုင်ခြင်း မရှိသေးပါဘူး။

အိုင်ဗရီကိုစ့် လက်ရွေးစင် နီကိုလပ်စ် ပေပေ ဟာ အာဆင်နယ် အသင်း အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၆၇ ပွဲ ကစားရာမှာ သွင်းဂိုး ၁၅ ဂိုး နဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်သာ ပြုလုပ် ထားနိုင်ပါသေးတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ဟာ ဒီရာသီမှာ ပေပေ ထက် စာရင် စမစ်ရို နဲ့ ဆာကာ ကို ပိုမို ပွဲထွက် အသုံးပြု နေတာ ဖြစ်ပြီး လိုင်လီ ကစားသမားဟောင်းဟာ နောက်ဆုံး ၄ ပွဲမှာ စုစုပေါင်း ၅ မိနစ်သာ ပါဝင် ကစားခွင့် ရရှိထားပါတယ် ။

ဝီလန် က Football Insider မှာ ” နီကိုလပ်စ် ပေပေ က အရည်အသွေးကောင်းတွေ ရှိတဲ့ ​တောင်ပံ ကစားသမား တစ်ဦးဆိုတာ ကျွန်တော်တို့ သိကြပါတယ် ။ နယူးကာဆယ် အတွက် အငှား စာချုပ် နဲ့ ခေါ်တာက စိတ်အချရဆုံးပါပဲ ၊ အဲ့ဒါမှလည်း သူ အသင်းမှာ အထိုင်ကျမှု ရှိမရှိ စွမ်းဆောင်ရည်ကောင်းမကောင်း အပေါ် မူတည်ပြီး အပြီးသတ် ဝယ်သင့် မဝယ်သင့် ဆုံးဖြတ်နိုင်မှာပါ ။ ”

” ကိုယ့်အသင်း နဲ့ အဆင်ပြေရင်တော့ ပေါင် ၂၅ သန်း သုံးပြီး ခေါ်ပေါ့ဗျာ ၊ အခုအချိန်မှာ အာဆင်နယ် အသင်းကလည်း သူ့ကို ပထုတ်ချင်နေပါတယ် ၊ ပေပေ က ခုထိ သူတို့ ထင်ထားသလို မလုပ်ပြ နိုင်သေးပါဘူး ။ ”

” ဒါကြောင့်လည်း ငွေကြေး အများကြီးနဲ့ ခေါ်ခံရတဲ့ ကစားသမားတွေက အချိန်တို အတွင်းမှာ အငှားချ ရောင်းထုတ် ခံရတာတွေ ရှိလာတာပါ ၊ သူတို့ သုံးလိုက်တဲ့ ငွေကြေး နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည် မပြသနိုင်တဲ့ အခါမှာ ဒီလိုမျိုး ဖြစ်လေ့ ရှိပါတယ် ။ ”

” နယူးကာဆယ် ၊ အဲဗာတန် အသင်း တွေအနေနဲ့ ပေပေ ကို အခွင့်အရေး ပေးချင်တယ်ဆိုရင်တော့ အငှားနဲ့ ကနေဦး ခေါ်တာက စိတ်အချရဆုံး ဖြစ်မှာပါ ။ပိုက်ဆံ ဖြုန်းရာကျမှာလည်း မဟုတ်ပါဘူး ၊ ကစားသမားရဲ့ လစာကိုပဲ ရာခိုင်နှုန်းနဲ့ ပေးရမှာပါ ၊ ရာသီကုန်ကျရင်လည်း အပြီးသတ် ခေါ်သင့် မခေါ်သင့် ချင့်ချိန် ဆုံးဖြတ်လို့ ရပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM