Rotation လုပ်သွားဖို့ ရှိနေတဲ့ ပေါ်တိုနဲ့ ပွဲစဉ်မတိုင်မီ ဟန်ဒါဆန်နဲ့ ရောဘတ်ဆန် တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို ပြောပြလိုက်တဲ့ ယာဂန်ကလော့

လီဗာပူး နည်းပြ ယာဂန်ကလော့ဟာ လာမည့် ဗုဒ္ဓဟူးနေ့ ပေါ်တိုနဲ့ အန်ဖီးမှာ ကစားသွားရမယ့် ချန်ပီယံလိဂ် ပွဲစဉ် မတိုင်မီ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် နဲ့ နောက်ခံလူ အန်ဒီရောဘတ်ဆန် တို့ရဲ့ နောက်ဆုံးရ ကြံ့ခိုင်မှု အခြေအနေကို ပြောပြသွားခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ စနေနေ့က အာဆင်နယ်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လူစား၀င် ကစားသမား အဖြစ် ပါ၀င်ခဲ့သူ ဖြစ်ပါတယ်။

ရောဘတ်ဆန် ကတော့ စကော့တလန် အတွက် ကစားပေးရင်းနဲ့ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး အာဆင်နယ်နဲ့ ပွဲကို လွဲချော်ခဲ့ပါတယ်။

ပေါ်တိုနဲ့ ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ကလော့ က “ကျွန်တော်တို့ဟာ အမြဲတမ်း ပြိုင်ပွဲ အပေါ် လေးစားမှု ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်အတွက်လည်း ကိုယ်ပြန်တွေးသွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပွဲစဉ်ဇယား နဲ့ ကစားသမားတွေရဲ့ အခြေအနေတွေက ဦးစားပေး ဖြစ်ပါတယ်။ ဟန်ဒို နဲ့ ပက်သက်ပြီး ကျွန်တော်တို့ ကြည့်သွားရအုံးမှာပါ။ မနေ့ထိ သူဟာ ၁၀၀% ကြံ့ခိုင်မှု မရှိသေးဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။

သူဟာ ကစားနိုင်သလို အရာအားလုံး နီးပါးကိုလည်း လုပ်နိုင်ပါတယ်။ ဒါပေမယ့် ၁၀၀% ကြံ့ခိုင်မှု အပြည့်နဲ့ လုပ်နိုင်တာတော့ မဟုတ်ပါဘူး။ အာဆင်နယ်နဲ့ ပွဲစဉ်မှာ သူ့ကို လူစား၀င် ကစားစေခဲ့တာဟာ ပွဲကို ဖြတ်ဖို့နဲ့ အနည်းငယ် ထိန်းချုပ် ကစားဖို့ ဖြစ်ပါတယ်။ ပြန်လည်နလန်ထမှု point ကနေ ကြည့်မယ်ဆိုရင် သူဟာ ဒါမျိုးကို လုပ်သွားရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ အာဆင်နယ်နဲ့ ပွဲစဉ်မှာ မိနစ် အနည်းငယ်ကို ဒီအတွက် အသုံးချခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တိုနဲ့ ပွဲစဉ် အတွက် ကျွန်တော်တို့ စောင့်ကြည့် သွားရမှာပါ။ ကျွန်တော် ၁၀၀% အတိအကျ မသိသေးပါဘူး။

ရော်ဘို ကလည်း ဒီလိုမျိုး ပါပဲ။ နှစ်ယောက်စလုံးရဲ့ အခြေအနေဟာ အိုကေပါတယ်။ ကစားသမား ၂ ဦး စလုံးဟာ ပွဲကစားဖို့ အတွက် အသင့် ဖြစ်နေပါတယ်။ လာမည့် ပွဲစဉ်တွေကို စတင်သွားဖို့ အသင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့ ဘက်က ဆုံးဖြတ်ချက် ချသွားရမှာပါ။ ရိုးရိုးသားသား ပြောရရင် ပေါ်တိုနဲ့ ပွဲစဉ်မှာ သူတို့ကို ကစားစေမလား ဆိုတာ မဆုံးဖြတ် ရသေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အားလုံး သိထားကြတဲ့ အတိုင်းပဲ ရာသီတစ်ခုရဲ့ ဒီလို ကာလမှာ ဆေးအဖွဲ့ရဲ့ မှတ်ချက်ဟာ ကျွန်တော်တို့ line-up အပေါ် အများကြီး သက်ရောက်နေလို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ။ ဒါပေမယ့် မနက်ဖြန်ညမှာ ဘယ်လို line-up ပဲ ထွက်လာသည် ဖြစ်စေ အားလုံးဟာ နိုင်ပွဲရဖို့ အတွက်ပဲ ဖြစ်နေမှာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက် ပါပဲ။” လို့ ဆိုခဲ့ပါတယ်။

ကလော့ဟာ ပေါ်တိုနဲ့ ပွဲစဉ် မတိုင်မီ ဒီယေဂိုဂျိုတာ အိုရီဂီ နီကိုဝီလီယံ ဂျိမ်းမီနာ နဲ့ နာဘီကီတာ တို့ရဲ့ အခြေအနေကို ပြောပြသွားလိုခြင်း မရှိခဲ့ပါဘူး။ ကာတစ်ဂျုံး ၊ ဖာမီနို နဲ့ ဂျိုးဂိုးမက်ဇ် တို့ကတော့ ဒီပွဲကို သေချာပေါက် လွဲချော်ကြမှာ ဖြစ်ပြီး ဟာဗေးအယ်လီယော့ ကတော့ ကာလရှည် နားရအုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီပွဲစဉ်မှာ တိုင်လာမော်တန် ပွဲထွက်ပါ၀င်ခွင့် ရသွားဖို့ ရှိနေပြီး ကော်နာဘရက်ဒလေ နဲ့ အို၀င်ဘက် တို့ကတော့ အသင်းရဲ့ လူစာရင်းမှာ ပါ၀င်နိုင်ကြမှာပါ။

SM