PSG ကို အနိုင်ရခဲ့တဲ့ပွဲမှာ ပေါ်တူဂီသားရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ကြတဲ့ ဂွာဒီယိုလာ နဲ့ ဂျီးဆပ်

မန်ချက်စတာ စီးတီး အသင်း ရဲ့ ပေါ်တူဂီ လက်ရွေးစင် ဘာနန်ဒို ဆေးလ်ဗား ဟာ ပီအက်စ်ဂျီ အသင်းကို ၂-၁ နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို လှလှပပ ဖန်တီး ပေးခဲ့ပါတယ် ။

 

ပွဲအပြီးမှာတော့ မန်စီးတီး နည်းပြ ဂွာဒီယိုလာ နဲ့ အနိုင်ဂိုးရှင် ဂါဘရီယဲလ် ဂျီးဆပ် တို့ဟာ ဘာနန်ဒို ဆေးလ်ဗား ကို ချီးကျူး စကားဆို သွားခဲ့ပါတယ်။ ယနေ့နံနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်(၅) မှာ မန်စီးတီး အသင်းဟာ ပီအက်စ်ဂျီ အသင်းကို ၂-၁ နဲ့ အနိုင်ကစားပြီး ရှုံးထွက်အဆင့်ကို တက်လှမ်း သွားခဲ့ပါတယ် ။

ပီအက်စ်ဂျီ အသင်းက အမ်ဘာပေး ရဲ့ ဦးဆောင်ဂိုးကြောင့် မန်စီးတီး အသင်းဟာ နောက်က လိုက်ကစား ခဲ့ရပေမယ့် စတာလင် ၊ ဂျီးဆပ် တို့ရဲ့ သွင်းဂိုးတွေနဲ့ comeback နိုင်ပွဲ ရယူ နိုင်ခဲ့တာပါ ။ ဂျီးဆပ် ရဲ့ အနိုင်ဂိုးမှာ ဘာနန်ဒို ဆေးလ်ဗား ရဲ့ ဖန်တီးပေးမှုဟာ လှပသေသပ်လွန်းခဲ့ပြီး ချီးကျူးမှုတွေ ရရှိ ခဲ့ပါတယ် ။

မန်စီးတီး ရဲ့ အနိုင်ဂိုးရှင် ဂျီးဆပ် က ပွဲအပြီး BT Sport နဲ့ အင်တာဗျူးမှာ ” ဒါက ဘာနန်ဒို ပဲလေ ၊ သူ့ရဲ့အရည်အသွေး နဲ့ လုပ်ပြနိုင်စွမ်းကို သိတာကြောင့် ဂိုးရှေ့မှာ အသင့် စောင့်ဆိုင်းပြီး ကောင်းကောင်းမွန်မွန် အဆုံးသတ် နိုင်ခဲ့ပါတယ် ။ ”

 

” ကျွန်တော် ကွင်းထဲ ဝင်ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ အသင်း အတွက် ဂိုးသွင်းနိုင်ဖို့ နဲ့ အသင်းကို အကူအညီ ပေးဖို့ အမြဲတမ်း ဆန္ဒ ရှိနေခဲ့တာပါ ။ အသင်းကို ကူညီချင်စိတ် ရှိသလို ကူညီပေးနိုင်ဖို့လည်း ကြိုးစားပါတယ် ၊ ဘာနန်ဒို ရဲ့ထိပ်တန်း ပေးပို့မှုကြောင့် ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တာပါ ။ ”

 

မန်စီးတီး နည်းပြ ဂွာဒီယိုလာ ကလည်း ” ဘာနန်ဒို ရဲ့ အရည်အသွေးကြောင့် ပြိုင်ဘက်ရဲ့နေရာလွတ်တွေကို ကောင်းကောင်း တိုက်စစ်ဆင် နိုင်ခဲ့ပါတယ် ။ နည်းစနစ်ပိုင်း မှန်ကန်တယ်ဆိုတာ ဒါကို ပြောတာပါ ။ သူက အခိုက်အတန့်ကောင်းမှာ အချိန်ကိုက် အသင်းဖော်အတွက် အကောင်းဆုံး ဂိုးဖန်တီးမှု ပြုလုပ် ပေးနိုင်ခဲ့ပါတယ် ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

ဘာနန်ဒိုဆေးလ်ဗား ဟာ ပီအက်စ်ဂျီ နဲ့ ပွဲမှာ ဘောလုံး ပေးပို့မှု ၄၇ ကြိမ် ပြုလုပ် ခဲ့ရာမှာ ရာနှုန်းပြည့် ပေးပို့မှု အောင်မြင်ခဲ့ပြီး အခွင့်အရေး ဖန်တီးမှု ၂ ကြိမ် ၊ ဂိုးဖန်တီးမှု ၁ ကြိမ် နဲ့ Man of the Match ဖြစ်ခဲ့ပါတယ် ။

မန်စီးတီး အသင်းဟာ ပီအက်စ်ဂျီ အသင်းကို အနိုင်ရတာကြောင့် လက်ကျန်တစ်ပွဲ အလိုမှာပဲ အုပ်စုဗိုလ် အဖြစ်နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ် ။ မန်စီးတီး အသင်းဟာ ပီအက်စ်ဂျီ ကို ၂-၀ နဲ့ရှုံးနိမ့် ခဲ့ရတဲ့ ပထမအကျော့ ရှုံးကြွေးကို ပြန်ဆပ် နိုင်ခဲ့တာပါ ။

မန်စီးတီး အသင်းဟာ ချန်ပီယံလိဂ်မှာ ၅ ရာသီဆက်တိုက် အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တစ်ဆင့်ကို တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် မန်စီးတီး အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲ ဆက်တိုက် အနိုင်ရအောင် ကစားထားနိုင်ပါတယ် ။

SM