Messi, Neymar, Mbappe တို့ကို ကိုင်တွယ်ရတဲ့ ဘဝကို ဖွင့်ဟပြောဆိုလာတဲ့ ပိုချက်တီနို

လီယွန်နယ် မက်ဆီ ၊ ခီလီယံ အမ်ဘာပေ နဲ့ နေမာ တို့ကို တသင်းတည်းမှာ အတူတကွ ပိုင်ဆိုင် ထားရတာဟာ ကောင်းတာတွေ ရှိသလို အခြား တဘက်မှာလည်း ဖိအားတွေ က ရှိနေပါတယ် ။

ပိုချက်တီနို ဟာ ဒီ စပါယ်ရှယ် ကစားသမားတွေ အပြင် ရာမိုစ့် ၊ ဒွန်နာရမ်မာ ၊ ဒီမာရီယာ ၊ မာကွင်ဟိုစ့် ၊ ဟာခီမီ စတဲ့ ဘောလုံးစတားတွေကို ပေါင်းစု ထားတဲ့ အသင်းတသင်းရဲ့ နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ် နေရသူပါ ။

ဒီအလုပ်ဟာ သူ့ရဲ့ အသင်းဟောင်း စပါး က အလုပ်ထက် ပိုပြီး ဖိအားများတယ် ဆိုတာကို ပိုချက်တီနို တယောက် ကောင်းကောင်း သဘောပေါက် ထားပါတယ် ။

“ကွင်းထဲမှာ ဘာတွေ လုပ်ရမယ် ဆိုတာ သူတို့ကို သင်ပြဖို့ မလိုပါဘူး ။

သူတို့ တယောက်ချင်းစီဟာ မယုံကြည်နိုင်စရာ အရည်အသွေးတွေ ရှိပါတယ် ။ အတွဲ မမိတာတွေ ရှိနေသေး ပေမယ့် အချိန် တခုလောက် ပေးလိုက်ရင် အားလုံး အဆင်ပြေ သွားမှာပါ ။

သူတို့ အကြားမှာ ချိတ်ဆက် နိုင်မယ့် link တခုကို သူတို့ ရှာဖွေ နေပါတယ် ။ ဒါကို တွေ့လိုက်ပြီ ဆိုတာနဲ့ အိုကေ သွားမှာပါ ။ ဒါပေမယ့် သူတို့ကို ဘာလုပ်ပါ ဆိုပြီး သင်ပေးလို့တော့ မရပါဘူး” လို့ ပိုချက်တီနို က ဖွင့်ဟ ပြောဆို လာခဲ့ ပါတယ် ။

ဆက်လက်ပြီး အာဂျင်တီးနားသားကြီးက “သူတို့ ဟာ ဘာလုပ်ဖို့ လိုအပ်သလဲ ဆိုတာကို သိနိုင်အောင် တော်ကြ တတ်ကြတဲ့ သူတွေလို့ ကျွန်တော် ထင်ပါတယ် ။ တာဝန်ယူမှု ၊ တာဝန်ခံမှု အပိုင်းတွေ ကိုလည်း နာလည် ခံစား မိကြမယ်လို့လည်း ထင်ပါတယ် ။

ဘာလို့လည်း ဆိုတော့

“သူတို့ ၃ ယောက် အနေနဲ့ စည်းချက် ညီညီ အတူ ကစားနိုင်မယ့် အချိန်တခု ကို လိုအပ်တယ်လို့ ထင်ပါတယ် ။ တကယ့် ထိပ်တန်း ကစားသမားတွေ ဟာ သင်ပြ ပေးစရာ အများကြီး မလိုပါဘူး ။ အချိန် တခုပြီးသွားရင် အားလုံး အသားကျ အဆင်ပြေသွားအောင် လုပ်နိုင် ကြပါတယ် ။

မက်ဆီ ၊ နေမာ ၊ ဘာပေ တို့ဟာ စာမျက်နှာ တခုတည်းမှာ ရှိနေသူတွေ ပါ ၊ သူတို့ မကြာခင်မှာပဲ ပျော်ပျော် ရွှင်ရွှင် နဲ့ ကစားနိုင် ကြပါလိမ့်မယ်” လို့ ဆက်လက် ပြောဆို သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ ဒီနှစ်မှာမှ PSG ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ပဲရစ် မှာ အသားကျဖို့ ရုန်းကန် နေရ ပါတယ် ။ PSG ကတော့ ပြည်တွင်း မှာရော ဥရောပ မှာပါ အခြေအနေ ကောင်းနေ ပေမယ့် ပရိသတ်တွေ မျှော်လင့် ထားတဲ့ မက်ဆီ + နေမာ + ဘာပေ တိုက်စစ် အတွဲ ကိုတော့ ခုချိန်ထိ မမြင်တွေ့ရ သေးပါဘူး ။

လက်ရှိ မှာတော့ သူတို့ ၃ ယောက်စလုံးဟာ သက်ဆိုင်ရာ နိုင်ငံ အသင်းတွေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ပါဝင် ကစားပေး နေကြပါတယ် ။ မက်ဆီ ရဲ့ အာဂျင်တီးနား နဲ့ နေမာ ရဲ့ ဘရာဇီး တို့ကတော့ လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့ ( မြန်မာ စံတော်ချိန် နံနက် ၆း၀၀ နာရီ ) မှာ ရင်ဆိုင် ဆုံတွေ့ ကြမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR