Late game hero ဖြစ်ခဲ့ပြန်တဲ့နောက် ကြွေးကြော်မှု တစ်ခု ၊ ဝန်ခံမှု တစ်ခု ပြုလုပ်သွားတဲ့ ရော်နယ်ဒို

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အီတလီမြေမှ ဂီဝစ်စ် ကွင်းထဲ ချန်ပီယံလိဂ် အုပ်စု ပွဲစဥ် 4 အဖြစ် အတ္တလန္တာ အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 2 – 2 ဆိုတဲ့ သရေရလဒ်ကို ရယူသွားနိုင်ခဲ့ ပါတယ် ။ ဒီရလဒ်ကြောင့် ယူနိုက်တက်တို့ အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ကြပါတယ် ။

 

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ 3-4-1-2 ကစားကွက်ကိုပဲ ဆက်လက် ခင်းကျင်းခဲ့ပြီး စပါးနဲ့ ပွဲစဥ်မှာ အသုံးပြုခဲ့တဲ့ လင်ဒီလော့ဖ် ၊ ဖရက်ဒ် ၊ ကာဗာနီ တို့ရဲ့ နေရာတွေမှာ ဘိုင်လီ ၊ ပေါ့ဂ်ဘာ နဲ့ ရပ်ရှ်ဖို့ တိုကို ပွဲထွက် ကစားစေခဲ့ပါတယ် ။

ဒါပေမဲ့ ဒီပွဲရဲ့ ပွဲကစားချိန် 12 မိနစ်မှာပဲ ယူနိုက်တက် ခံစစ််ကစားသမားတွေရဲ့ အမှားက တစ်ဆင့် အတ္တလန္တာတို့ရဲ့ တိုက်စစ်မှူး အီလီစစ် က အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 38 မိနစ်မှာ နောက်ခံလူ ရာဖေးလ် ဗာရန်း ဒဏ်ရာ ရရှိသွားခဲ့ခြင်းက ယူနိုက်တက် ပရိသတ််တွေ အတွက် စိုးရိမ်စရာ ဖြစ်သွားခဲ့ရပါတယ် ။

သူ့ရဲ့နေရာမှာတော့ ဆိုးလ်ရှား ဂရင်းဝုဒ်ကို ထည့်သွင်းခဲ့ပြီး ယခင် သုံးနေကျ 4-2-3-1 ကစားကွက်ကို ခင်းကျင်းခဲ့လိုက်ပါတယ် ။ အဲ့ဒီနောက် ပထမမိုင်း အချိန်ပို မိနစ်မှာပဲ ဘရူနို ဖာနန်ဒက်စ် ရဲ့ ဖနောင့်နဲ့ ဘောလုံးနောက်ပြန်ချပေးမှုကို ရော်နယ်ဒို က ပိတ်သွင်းရင်း ခြေပဂိုး ရယူသွားနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 56 မိနစ်မှာ အတ္တလန္တာ တိုက်စစ်မှူး ဇာပါတာဟာ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး အိမ်ရှင်် အသင်းအတွက် ဦးဆောင်ဂိုး ဆက်လက်သွင်းယူခဲ့လိုက််ပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင်း အချိန်ပို မိနစ်မှာတော့ စီ ရော်နယ်ဒို ကပဲ ဂရင်းဝုဒ် ရဲ့ ပေးပို့မှုကို မြေမကျ ကန်ရင်း သရေ ရလဒ် ရယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ ဗီလာရီးယဲ အသင်းနဲ့ အမှတ််တူသွားခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်မှုမှ နိုင်ပွဲ​ကြောင့် အမှတ််ပေး ဇယားကို ဦးဆောင်ရင်း နောက်တစ်ဆင့် တက်ဖို့ အလားအလာ ကောင်းမွန်သွားခဲ့ကြပါပြီ ။ ဒါပေမဲ့ ရော်နယ်ဒို ကတော့ တိုးတက်ဖို့ လိုသေးကြောင်း ပွဲစဥ်အပြီးမှာ ဝန်ခံစကား ပြောကြား သွားခဲ့လိုက်ပါတယ် ။

” ဒါက ခက်ခဲတဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ခဲ့ပါတယ် ။ အတ္တလန္တာ နဲ့ ဘာဂါမိုမှာ ရင်ဆိုင်တိုင်း ကစားရတာ အမြဲ ခက်ခဲခဲ့ရပါတယ် ။ ကျွန်တော်တို့ နောက်ဆုံးအချိန်ထိ ယုံကြည်မှု ရှိခဲ့ကြပြီး ကျွန်တော်လည်း အသင်းကို တစ်မှတ် ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်ခဲ့ရပါတယ် ”

” ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးပါဘူး ။ အဆုံးထိ တိုက်ပွဲဝင်သွားကြမှာပါ ။ ကျွန်တော့် အထင်တော့ ဒါဟာ အရမ်းကို ကောင်းတဲ့ ရလဒ် တစ်ခုပါပဲ ။ ပွဲစဥ်စတင် ကတည်းက ကစားရ ခက်ခဲခဲ့ပါတယ် ။ အတ္တလန္တာ အသင််းဟာ ကျွန်တော်တို့ကို ဖိအားတွေ အများကြီး ပေးကြလိမ့်မယ်လို့ ကျွန်တော်တို့ ကြိုတွက်ခဲ့ကြတယ်လေ ”

” သူတို့ဆီမှာ အံ့ဖွယ် နည်းပြတစ်ဦး ရှိပါတယ် ။ ကွင်းထဲမှာ သူတို့ တစ်ချိန်လုံး ဘာတွေလုပ်ရမလဲဆိုတာ သိကြပါတယ်။ သူတို့ကို ရင်ဆိုင်ရတာက ကျွန်တော့်အတွက်တော့ အမြဲကို ခက်ခဲခဲ့တယ်လေ။ ကျွန်တော်တို့ ကိုယ့်အလုပ်ကို လုပ်ဆောင်ရင်းနဲ့ သူတို့ကို ကောင်းကောင်း ခုခံ ကစားနိုင်ခဲ့ကြပါတယ် ”

” ဒါပေမဲ့ ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ်နေသေးဆဲပါပဲ ။ ကျွန်တော်တို့မှာ ခြားနားတဲ့ ကစားသမား ၊ ခြားနားတဲ့ ကစားကွက်တွေ ရှိခဲ့ပါတယ် ။ ကျွန်တော်တို့ အဲ့ဒီထဲ အံဝင််နိုင်ဖို့ လိုအပ်ပါသေးတယ် ။ အဲ့တာကို လုပ်ဆောင်နိုင်ဖို့ အချိန် တစ်ခုတော့ ပေးဆောင်သွားရမှာပါပဲ ”

” ကျွန်တော့်ရဲ့ အမြင်မှာတော့ ကျွန်တော်တို့တွေဟာ တိုးတက််ဖို့ ၊ ပိုပြီးကောင်းမွန်နိုင်ဖို့ အချိန်တွေ ရှိသေးတယ်လို့ ထင်မြင်မိပါတယ် ” လို့ ရော်နယ်ဒိုက ​ဝန်ခံသွားခဲ့လိုက်ပါတယ် ။ ရော်နယ်ဒိုဟာ အိုးလ်ထရပ်ဖို့ဒ် မှာလည်း အတ္တလန္တာဖက် နောက်ကျဂိုး သွင်းယူရင်း ဟီးရိုး ဖြစ်ခဲ့သူပဲ ဖြစ်ပါတယ် ။

#Sports_Myanmar