Good Evening – အူနိုင်း အမ်မရီ ကို နည်းပြသစ် ခန့်အပ်ဖို့ တရားဝင် ဆွေးနွေးနေပြီ ဖြစ်တဲ့ နယူးကာဆယ်

စတိဗရု ကို နည်းပြရာထူး ကနေ ထုတ်ပယ်ပြီး ကတည်းက နယူးကာဆယ် ဟာ နည်းပြသစ် ရှာပုံတော် ဖွင့်နေတာ ကြာခဲ့ပါပြီ။ နည်းပြ တော်တော်များများကိုလဲ ချိတ်ဆက်ကြည့်ခဲ့သလို ၊ တချို့ ဆိုရင် ခေါ်ယူဆွေးနွေးတဲ့ အဆင့်မျိုးတွေ ရှိခဲ့ပေမယ့် အဆင်မပြေ ခဲ့ပါဘူး။

ရှက်တာဒိုးနက် နဲ့ ရိုးမား နည်းပြဟောင်း ဖွန်စီကာ ဆိုရင် နယူးကာဆယ် နည်းပြသစ် ရာထူးကို ရယူဖို့ အသံတွေ အကျယ်လောင်ဆုံး ထွက်ခဲ့သည့်တိုင်အောင် အထမမြောက်ပဲ ပျက်ပြယ်သွားခဲ့ ပါတယ်။

ဒီရာထူးကို ရယူမယ့် နည်းပြတွေဟာ စိန်ခေါ်မှုတွေ ကြီးမားလွန်းနေတာကို ကြိုမြင်ထားတဲ့ အတွက် လက်ရှောင်သွားတယ်လို့ ပြောဆိုမှုတွေလဲ ကြားရပါတယ်။ အထူးသဖြင့် အင်္ဂလန် ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဂျရတ် ၊ လမ်းပတ် တို့ ဆိုရင် ကနဦးမှာ ရေပန်း စားသည့်တိုင်အောင် သတင်းတွေ က ပီပီပြင်ပြင် ထွက်ပေါ်လာခြင်း မရှိခဲ့တာပါ။

ဒီညနေပိုင်းမှာတော့ အာဆင်နယ် နည်းပြဟောင်း ဖြစ်သူ အူနိုင်း အမ်မရီ ဟာ နယူးကာဆယ် နည်းပြရာထူးကို ရယူဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သတင်းဌာနတွေ အားလုံးက အတည်ပြုလိုက် ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဗီလာ ရီးရဲ နဲ့ အတူ ယူရိုပါလိဂ် ဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့သူူ ဖြစ်တာကြောင့် ၊ နယူးကာဆယ် အသင်းပိုင်ရှင်တွေ ရဲ့ မျက်စိကျခြင်းကို ခံထားရပါတယ်။ လက်ရှိ စာချုပ်သက်တမ်းက 2023 ခုနှစ် အထိ ကျန်နေသေးတာပါ။

ဒါကြောင့် နယူးကာဆယ် ဟာ အမ်မရီ ကို အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်ခဲ့မယ် ဆိုပါက ဗီလာ ရီးရဲ အသင်းထံကို လျော်ကြေး ယူရို 6 သန်း ပေးချေဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ နယူးကာဆယ် နဲ့ အမ်မရီ ရဲ့ ကိုယ်စားလှယ်တွေ အကြား စာချုပ်ဆိုင်ရာ အချက်အလက်တွေကို ဆွေးနွေးနေသလို ၊ အပြောင်းအရွှေ့ အသုံးစာရိတ် ဘတ်ဂျက် နဲ့ ဒီရာသီ ရပ်တည်မှု အမြင့်ဆုံး ပစ်မှတ် ကို ဘယ်လို သတ်မှတ်ကြမလဲ ၊ လာမယ့် နှစ်အနည်းငယ် အတွင်းမှာ အသင်းကို ဘယ်လို တည်ဆောက် ပုံဖော်ကြမလဲ ဆိုတာတွေအပါ ဆွေးနွေးနေကြတယ်လို့ နားလည်ရပါတယ်။

အပြီးသတ် သဘောတူညီမှုတော့ မရသေးပါဘူး။

အကယ်၍ နောက်ဆုံး သဘောတူညီမှု ရယူနိုင်တဲ့ အထိ ဆွေးနွေးညှိနှိုင်း နိုင်ခြင်း မရှိခဲ့ဘူး ဆိုရင် နယူးကာဆယ် ဟာ အရံ ပစ်မှတ် အဖြစ် ဘုန်းမောက် နည်းပြဟောင်း အက်ဒီ ဟောင်း ကို လျာထား ပြီးသား ဖြစ်ပါတယ်။

အက်ဒီ ဟောင်း ကလဲ ပရီးမီးယားလိဂ် အတွေ့အကြုံ များပြီးသား ဖြစ်သည့်တိုင်အောင် ၊ ငွေကြေး ဘတ်ဂျက် သုံးစွဲမှုတွေ နဲ့ အသင်းကို တည်ဆောက်ရယူတဲ့ အပိုင်းမှာ အတွေ့အကြုံနည်းနေတဲ့ အတွက် လျာထားစာရင်းမှာပဲ ရှိနေပါတယ်။

လက်ရှိမှာတော့ ယာယီ နည်းပြ ဂရေမီ ဂျုံးက တာဝန်ယူထားပြီး ပဲလေ့ ကို သရေ ၊ ချဲဆီး ကို ရှုံးနိမ့်ခဲ့သည့်တိုင်အောင် ၊ အသင်းပိုင်ရှင်တွေ က နည်းပြသစ် အမြန်ဆုံး ခန့်အပ်နိုင်ဖို့ ကြိုးစားနေကြတာပါ။

အကယ်၍ နည်းပြသစ်သာ ခန့်အပ်နိုင်ခြင်း မရှိဘူး ဆိုရင် အသင်းဟာ တန်းဆင်းဇုံ တိုက်ပွဲမှာ တော်တော်လေး ရုန်းကန်သွားရနိုင်တာကို သတိထားမိနေတာကြောင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ခန့်အပ်နိုင်ဖို့ လုပ်ဆောင်လျှက် ရှိနေပါတယ်။

မကြာခင်မှာများ “Good Evening” နှုတ်ဆက်သံလေးများ ပြန်ကြားရမလား စောင့်ကြည့်လိုက်ကြရအောင်ဗျာ။

SM