Format အပြောင်းအလဲတွေကြောင့် အရင်တုန်းကနဲ့ မတူတော့တဲ့ ကမ္ဘာ့ဖလား Play-off ပွဲစဉ်များ

ကာတာ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး အတွက် ခြေစစ်ပွဲတွေ ကတော့ ပြီးဆုံးလုနီးနေ ပါပြီ ။ ဥရောပ ဇုန် ကတော့ ဒီတပတ်မှာပဲ အုပ်စု နောက်ဆုံး ပွဲစဉ်တွေကို ကစားကြ တော့မှာပါ ။

ဘယ်သူတွေ တိုက်ရိုက်အောင်မယ် ၊ ဘယ်သူတွေ Play-off ကစားရမှာ ဆိုတာကတော့ မကြာခင်မှာပဲ အဖြေ ပေါ်သွား တော့မှာပါ ။

ကျန်တဲ့ ဇုန်တွေ ကတော့ ၃-၄-၅ ပွဲလောက် ကစားဖို့ ကျန်ပါသေးတယ် ။

တိုက်ကြီးအလိုက် ကမ္ဘာ့ဖလား ဝင်ခွင့် ခွဲတမ်းမှာတော့ ဥရောပ ဒေသဟာ နေရာ အများဆုံး ရရှိ ခဲ့ပြီး စုစုပေါင်း ၁၃ နေရာ ( ၁၃ သင်း ) အထိ ပါဝင် ခွင့် ရရှိခဲ့ ပါတယ် ။ ဒုတိယ အများဆုံး ကတော့ အာဖရိက ဒေသ ဖြစ်ပြီး ခြေစစ်ပွဲ ကနေ အသင်း ၅ သင်းအထိ ကမ္ဘာ့ဖလား ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ် ။

တောင်အမေရိကဇုန် မှာတော့ အဆင့် ၁ ကနေ ၄ သင်း တိုက်ရိုက် ခြေစစ်ပွဲအောင်မှာ ဖြစ်ပြီး အဆင့် ၅ အသင်းကတော့ Play-off ကစားရဦးမှာပါ ။

အာရှ ကလည်း ၄ သင်း တိုက်ရိုက် ခြေစစ်ပွဲ အောင်ပြီး ၁ သင်း Play-off ကစားရမှာ ဖြစ်ပါတယ် ။ အိမ်ရှင်ကာတာ ကိုပါ ထည့်ပေါင်းမယ် ဆိုရင်တော့ ၅ သင်းလို့ ပြောလို့ ရနိုင်ပါတယ် ။

မြောက် အမေရိက ဇုန် ကတော့ ၃ သင်း တိုက်ရိုက် ခြေစစ်ပွဲအောင်ကာ ၁ သင်းကတော့ Play-off အဆင့်ကို ဝင်ရောက် ရမှာပဲ ဖြစ်ပါတယ် ။

ခြေစစ်ပွဲဇုန်တွေ ထဲမှာ အာဖရိကဇုန် ဟာ Play-off မကစားရတဲ့ တခုတည်းသော ဇုန် ဖြစ်ပါတယ် ။ ခြေစစ်ပွဲ တတိယ အဆင့်မှာ အသင်း ၁၀ သင်း ကို မဲနှိုက်ယှဉ်ပြိုင် စေပြီး အနိုင်ရတဲ့ အသင်း ၅ သင်းဟာ ကာတာ ကမ္ဘာ့ဖလား ကို တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင် သွားမှာပါ ။

ကျန်တဲ့ ဇုန်ကြီးတွေ မှာတော့ Play-off တွေ ရှိနေပါတယ် ။ ဒီနှစ် မှာတော့ အရင်အကြိမ်တွေ ကနဲ့ မတူတဲ့ ပုံစံ ကို စတင် အသုံးပြုမှာ ဖြစ်တာကြောင့် Play-off အသင်းတွေဟာ အရင်ကထက် ပွဲတွေ ပိုကစား ကြရတော့မှာပါ ။

Play-off မှာတော့ ဥရောပ နဲ့ အင်တာ ကွန်ဖက်ဒရေးရှင်း ဆိုပြီး ၂ ခု ခွဲခြားထားပါတယ် ။ တခုချင်းကို အောက်မှာ သေချာ ရှင်းပြပေး ထားပါတယ် ။

အင်တာ ကွန်ဖက်ဒရေးရှင်း Play-off ဆိုတာ ကတော့ အာရှ ၊ မြောက် နဲ့ တောင် အမေရိက ၊ သမုဒ္ဓရာပိုင်းဇုန် ဆိုတဲ့ ဇုန်ကြီး ၄ ခုက Play-off ဝင်ရမယ့် အသင်း ၄ သင်း ကို မဲနှိုက်က ယှဉ်ပြိုင် စေတာပဲ ဖြစ်ပါတယ် ။

ဒီ အဆင့် အတွက် အာရှဇုန် က စတုတ္ထအဆင့် Play-off အောင်မြင်လာတဲ့ အသင်း

မြောက်အမေရိကဇုန် ခြေစစ်ပွဲက အဆင့် ၄ ရ အသင်း

တောင်အမေရိကဇုန်က အဆင့် ၅ ရ အသင်း

သမုဒ္ဓရာပိုင်းဇုန် က အုပ်စုဗိုလ် အသင်း ( တိုက်ရိုက်ခြေစစ်ပွဲအောင် ခွင့်မရှိသောကြောင့် ) စတဲ့ အသင်း ၄ သင်းဟာ ဝင်ခွင့် ၂ နေရာ အတွက် ၂ တွဲစီ မဲနှိုက်ပြီး အိမ်ကွင်း အဝေးကွင်း စနစ် နဲ့ ယှဉ်ပြိုင် ကစား ကြရမှာပဲ ဖြစ်ပါတယ် ။

ဒီလို ကစားကြရမှာ ၂ ကျော့ပေါင်း ဂိုးရလဒ် နဲ့ ဆုံးဖြတ် မှာ ဖြစ်ပြီး ဂိုးရလဒ် တူညီနေပါက အဝေးဂိုး ပိုသွင်း နိုင်သူကို အနိုင်ပေးမှာ ဖြစ်ပါတယ် ။ အဝေးဂိုးပါ တူညီနေရင်တော့ အချိန်ပို ဆက်ကစားစေမှာ ဖြစ်ပြီး အဲ့ဒိအထိ တူညီ နေသေးရင်တော့ ပင်နယ်တီ အဆုံးအဖြတ် ခံယူ ကြရမှာပါ ။

ဒီ အင်တာ ကွန်ဖက်ဒရေးရှင်း Play-off ကနေ အသင်း ၂ သင်း ခြေစစ်ပွဲ အောင်မြင် လာမှာပဲ ဖြစ်ပါတယ် ။

ဥရောပဇုန် ရဲ့ Play-off က ပိုပြီး ရှုပ်ထွေးပါတယ် ။ အုပ်စု ဆယ်စု နဲ့ ကစားနေပြီး အုပ်စုဗိုလ် ၁၀ သင်းက တိုက်ရိုက် ခြေစစ်ပွဲ အောင်ကြမှာပါ ။ လက်ရှိ အချိန်ထိတော့ ဂျာမနီ ၊ ဒိန်းမတ် ၊ ပြင်သစ် နဲ့ ဘယ်လ်ဂျီယံ ၄ သင်းသာ ကမ္ဘာ့ဖလား လက်မှတ်တွေ ရထားသေးပြီး ကျန် ၆ နေရာကတော့ အုပ်စု နောက်ဆုံး ပွဲစဉ် အထိ အဆုံးအဖြတ် ခံယူ ကြရဦးမှာပါ ။

အုပ်စုတွေကနေ ဒုတိယ ၁၀ သင်း ထွက်ပေါ်လာမှာ ဖြစ်ပါတယ် ။ ဒီ ၁၀ သင်း ဟာ 2021 National League overall ranking အရ အမြင့်ဆုံး ရရှိတဲ့ ၂ သင်း ( ခြေစစ်ပွဲ အောင်ထဲလည်း မပါ ၊ အုပ်စု ဒုတိယလည်း မရတဲ့ အသင်း ဖြစ်ဖို့ လိုပါတယ် ) နဲ့ အတူ အသင်း ၁၂ သင်းပါတဲ့ Play-off အဆင့်ကို ဆက်လက် ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ်ပါတယ် ။

၂၀၂၁ ဥရောပ နေးရှင်းလိဂ် အပြီးမှာ ထွက်ပေါ်လာတဲ့ အသင်းတွေရဲ့ အဆင့်တွေကတော့ –

၁ ။ ပြင်သစ် ( ချန်ပီယံ ) ၊ (၂) စပိန် ( ၃ ) အီတလီ ( ၄ ) ဘယ်လ်ဂျီယံ ( ၅ ) ပေါ်တူဂီ ( ၆ ) နယ်သာလန် ( ၇ ) ဒိန်းမတ် ( ၈ ) ဂျာမနီ ( ၉ ) အင်္ဂလန် ( ၁၀ ) ပိုလန် ( ၁၁ ) ဆွစ်ဇာလန် ( ၁၂ ) ခရိုအေးရှား ( ၁၃ ) ယူကရိန်း ( ၁၄ ) ဆွီဒင် ( ၁၅ ) ဘော့စနီးယား ( ၁၆ ) အိုက်စလန် ( ၁၇ ) ဝေးလ် ( ၁၈ ) သြစတြီးယား ( ၁၉ ) ချက် ( ၂၀ ) ဟန်ဂေရီ ( ၂၁ ) ဖင်လန် ( ၂၂ ) နော်ေ၀ ( ၂၃ ) စကော့တလန် ( ၂၄ ) ရုရှ ( ၂၅ ) အစ္စရေး ( ၂၆ ) ရိုမေးနီးယား ( ၂၇ ) ဆားဘီးယား ( ၂၈ ) အိုင်ယာလန် ( ၂၉ ) တူရကီ ( ၃၀ ) စလိုဗက်ကီးယား ( ၃၁ ) ဘူဂေးရီးယား ( ၃၂ ) မြောက်အိုင်ယာန် တို့ ဖြစ်ကြပါတယ် ။

အပြည့်အစုံ ကိုတော့ UEFA မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ် ။

ဒီအထဲကမှ ခြေစစ်ပွဲလည်း တိုက်ရိုက်မအောင် ၊ အုပ်စု ဒုတိယလည်း မရတဲ့ အသင်း ၂ သင်း ( အုပ်စု အဆင့် ဘယ်လောက်ပဲ ဖြစ်ဖြစ် ) ဟာ ဥရောပ ဇုန်ရဲ့ Play-off မှာ ပါဝင်ခွင့် ရရှိမှာဖြစ်ပါတယ် ။

ဒီ ၁၂ သင်း ( အုပ်စု ဒုတိယ ၁၀ သင်း + နေးရှင်းလိဂ် ကလာတဲ့ ၂ သင်း ) ကိုမှ ၄ သင်းစီပါမယ့် အစု ၃ စု အဖြစ် ပြန်လည် မဲနှိုက် ရွေးချယ် သွားမှာပါ ။

အစု တွေမှာပါတဲ့ ၄ သင်းဟာ တကျော့ပဲ ကစားမယ့် ( အိမ်ကွင်း-အဝေးကွင်းမပါ ) ရှုံးထွက် ပွဲစဉ်တွေကို ဆီမီးဖိုင်နယ် – ဖိုင်နယ် ပုံစံနဲ့ ကစားသွားရမှာ ဖြစ်ပြီး နောက်ဆုံး အနိုင်ရတဲ့ အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကို အောင်မြင်မှာပဲ ဖြစ်ပါတယ် ။

အစု ၃ ခု ကနေ ခြေစစ်ပွဲအောင် ၃ သင်း ထပ်မံ ထွက်ပေါ် လာမှာပါ ။ ဘယ်အသင်းတွေက အိမ်ရှင် အဖြစ် ကစားရမယ်ဆိုတာ ကိုတော့ မဲနှိုက်ရွေးချယ် မှာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် အနှစ်ချုပ် ရမယ် ဆိုရင်တော့ ဥရောပ ဇုန် ရဲ့ Play-off ကနေ အသင်း ၃ သင်း ၊ အင်တာ ကွန်ဖက်ဒရေးရှင်း Play-off ကနေ အသင်း ၂ သင်း ၊ စုစုပေါင်း ၅ သင်းဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကို ပါဝင် ယှဉ်ပြိုင် နိုင်ကြမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR