Deadline Day မှာ စပါးကို ငြင်းပယ်ပြီး အာဆင်နယ် ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလိုက်တဲ့ တိုမီယာစု

ဂျပန် လက်ရွေးစင် နောက်ခံလူ တိုမီယာစု က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့နောက်ဆုံး နေ့ရက်မှာ စပါး အသင်း ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး အာဆင်နယ် အသင်းက ကမ်းလှမ်းလာချိန်မှာတော့ ချက်ချင်း လက်ခံ ခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

တိုမီယာစု ဟာ ဒီနွေရာသီမှ အာဆင်နယ် အသင်းကို ရောက်လာတာ ဖြစ်ပေမယ့် အချိန်တိုလေး အတွင်းအသင်းမှာ အလျင်အမြန် အထိုင်ကျပြီး ပရိသတ် စိတ်ကြိုက် ကစားသမား တစ်ဦး ဖြစ်လာ ခဲ့ပါတယ် ။

ဂျပန် လက်ရွေးစင် တိုမီယာစု ပါဝင် ကစားတဲ့ပွဲတွေမှာ အာဆင်နယ် အသင်းဟာ ရှုံးပွဲ လုံးဝ မရှိထားဘဲ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အသင်းရဲ့စက်တင်ဘာလ တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိ ခဲ့ပါတယ် ။

တိုမီယာစု ဟာ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးပေမယ့် ဂျပန် ၊ ဘယ်ဂျီယံ ၊ အီတလီ နိုင်ငံ က ကလပ်တွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ် ။ Sint-Trudens အသင်းဟာ ၂၀၁၈ ခုနှစ်မှာ တိုမီယာစု ကို Avispa Fukuoka ကနေ ခေါ်ယူ ခဲ့တဲ့ အသင်း ဖြစ်ပါတယ် ။

၂၀၁၈-၁၉ ဘောလုံးရာသီမှာ တိုမီယာစု ဟာ Sint-Trudens အသင်းအတွက် ပွဲ ၄၀ ကစားပြီး အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ပါတယ် ။ ရာသီကုန်မှာတော့ ဘိုလောဂ့်ညာ အသင်းဟာ တိုမီယာစု ကို ပေါင် ၈ သန်း နဲ့ အရ ခေါ်ယူ ခဲ့ပါတယ် ။ ဒီနွေရာသီမှာတော့ အာဆင်နယ် အသင်းဟာ တိုမီယာစု ကို ပေါင် ၁၇ သန်း နဲ့ ခေါ်ယူလိုက်တာပါ ။

တိုမီယာစု က DAZN Japan နဲ့ အင်တာဗျူးမှာ ” ကျွန်တော် အာဆင်နယ် အသင်းကို ပြောင်းရလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး ။ စပါး ကို သွားရလိမ့်မယ်ပဲ ထင်နေခဲ့တာပါ ၊ deadline day မှာတော့ ကျွန်တော် စပါးကို ပြောင်းရွှေ့ဖို့ ငြင်းလိုက်ပါတယ် ။ ”

” အာဆင်နယ် အသင်းက သူတို့ဆီ လာမလား လို့ ကမ်းလှမ်းလာချိန်မှာတော့ ကျွန်တော် ချက်ချင်း မဆိုင်းမတွ လက်ခံ လိုက်တော့တာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အရင်တုန်းကလည်း တိုမီယာစု ဟာ အင်တာဗျူး တစ်ခုမှာ အာဆင်နယ် အသင်းက သူ့ကို ခေါ်ချင်ကြောင်း ပထမဆုံး သိရစဉ်က ခံစားချက်ကို ခုလို ပြောကြား ခဲ့ဖူးပါတယ် ။ ” ကျွန်တော့်အတွက် ကတော့ အာဆင်နယ် က ကမ္ဘာမှာ အကြီးကျယ် အခမ်းနားဆုံး အသင်းတွေထဲက တစ်သင်းပါပဲ ၊ ဒါကြောင့် အာဆင်နယ် ကို No လို့ ပြောဖို့ အကြောင်းအရင်း လုံးဝ မရှိခဲ့ပါဘူး ။ တကယ်ရိုးရိုးရှင်းရှင်းပါပဲ ၊ အာဆင်နယ် က ကမ်းလှမ်းလာတော့ အာဆင်နယ် အသင်း ကစားသမား ဖြစ်ချင်တာကြောင့် ချက်ချင်း လက်ခံလိုက်တာပါပဲ ။ ”

 

” ကျွန်တော် က ကစားသမားဘဝ တစ်ဆင့်မြင့်စေမယ့် အသင်းမှာ ကစားချင်နေချိန် အာဆင်နယ် က ကမ်းလှမ်းလာတဲ့ အတွက် သိပ်ကျေးဇူးတင်ပါတယ် ၊ အာဆင်နယ် က ကျနော့်ကို ခေါ်ချင်နေတယ်ဆိုတဲ့သတင်း ကြားကြားချင်တုန်းကတော့ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ် ၊ သိသိချင်းမှာပဲ အရမ်းတွေ စိတ်လှုပ်ရှား နေခဲ့တာပါ ၊ ကျွန်တော့်အတွက် အာဆင်နယ် ကို ပြောင်းဖို့ရာ ဘယ်သူနဲ့မှ တိုင်ပင် ဆွေးနွေးစရာ မလိုခဲ့သလို ဘယ်သူ့ဆီကမှလည်း အကြံဉာဏ် မယူခဲ့ပါဘူး ၊ အာဆင်နယ် အသင်း ဖြစ်နေတာနဲ့တင် လုံလောက်ပြီး ရွေးချယ်ရ လွယ်ကူ စေခဲ့ပါတယ် ။ ”

SM