Ballon D’Or ဆုနဲ့ ထိုက်တန်မှု အရှိဆုံး ကစားသမား တဦးကို ရွေးချယ်ရင်း ၊ ဆန်ခါတင်စာရင်းမှာ ဂျော်ဂျင်ဟို ပါဝင်ခဲ့ခြင်း အပေါ် မေးခွန်းထုတ်ခဲ့တဲ့ ရီယို ဖာဒီနန်

 

၂၀၂၁ ခုနှစ် အတွက် ရွှေဘောလုံး ( Ballon D’Or ) ဆုပေးပွဲ အခမ်းအနားကြီး ကျင်းပဖို့ တလတောင် မလိုတော့တဲ့ အချိန် ၊ ဘောလုံး ပရိသတ်တွေဟာလည်း ဆန်ခါတင် အယောက် ၃၀ အထဲက ၄င်းတို့ စိတ်ကြိုက် ကစားသမားတွေ အတွက် ကြိုတင် ရင်ခုန်နေကြပါပြီ ။

လက်ရှိမှာ ထိုဆု အတွက် ရေပန်းအစားဆုံး ကစားသမား ၃ဦး ကတော့ ပီအက်စ်ဂျီနဲ့ အာဂျင်တီနား စူပါစတား လီယွန်နယ် မက်ဆီ ၊ ဘိုင်ယန်မြူးနစ် ဂိုးသွင်းစက် ရောဘတ် လီဝမ်ဒေါစကီးနဲ့ ပြီးခဲ့တဲ့ ရာသီ က ကလပ်နဲ့ နိုင်ငံ အသင်းတွေမှာ အမြင့်မားဆုံး အောင်မြင်မှုတွေ ရခဲ့တဲ့ ချဲလ်ဆီးနဲ့ အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့ ဖြစ်ပါတယ် ။

သို့ပေမယ့် ဂျော်ဂျင်ဟို ဟာ မက်ဆီ ၊ လီဝမ်ဒေါစကီ တို့လို့ တဦးချင်း စွမ်းဆောင်ရည် အချက်အလက် မှတ်တမ်းတွေမှာ ဘာတခုမှ ယှဉ်နိုင်စွမ်း မရှိပေမယ့် ၊ အသင်းလိုက် အောင်မြင်မှုတွေမှာ ထို ၂ဦးထက် ပြတ်ပြတ်သားသား သာလွန်နေတဲ့ အတွက် ရေပန်းအစားဆုံး ကစားသမား ၃ဦး စာရင်းမှာ ပါဝင်နေခြင်း ဖြစ်ပါတယ် ။

၄င်းထက်စာရင် တဦးချင်း စွမ်းဆောင်ရည်မှာ ချဲလ်ဆီး အသင်းဖော် ဖြစ်တဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အန်ဂိုလို ကန်တေကပင် ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ် ၊ ဆီမီးဖိုင်နယ် နဲ့ ဗိုလ်လုပွဲတွေမှာ Man of the Match ဆုကို ၄ကြိမ် အထိ စွမ်းဆောင်နိုင်ခဲ့ပါသေးတယ် ။

ဒီအတွက်ကြောင့် ဂျော်ဂျင်ဟို ဟာ Ballon D’Or ဆု ဆွတ်ခူးခဲ့မယ် ဆိုရင်တောင် ထိုက်တန်မှု မရှိဘူးလို့ ယူဆနေကြသူတွေကလည်း ဒုနဲ့ဒေးနဲ့ ရှိနေပါတယ် ။ တဖက်မှာတော့ ယင်း အသက် ၂၉ နှစ် အရွယ် အီတလီ ကွင်းလယ်လူ ဟာ ယူအီးအက်ဖ်အေမှ ချီးမြှင့်တဲ့ ဥရောပ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိထားပါတယ် ။

ဒီဆုမှာ ဂျော်ဂျင်ဟို ဟာ အသင်းဖော် အန်ဂိုလို ကန်တေနဲ့ မန်စီးတီးနဲ့ ဘယ်လ်ဂျီယမ် ကွင်းလယ် ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးခဲ့ပါတယ် ။ Ballon D’Or မှာလည်း မက်ဆီ ၊ လီဝမ်ဒေါစကီးတို့ကို ကျော်ဖြတ်ပြီး ၊ ဂျော်ဂျင်ဟို တယောက် ထပ်မံ လုပ်ပြနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ရီယို ဖာဒီနန် ကတော့ Ballon D’Or ရဲ့ နောက်ဆုံး ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းမှာ ဂျော်ဂျင်ဟို ပါဝင်ခဲ့ခြင်း ဟာ ၄င်းကို ဇဝေဇဝါ ဖြစ်စေခဲ့ကြောင်းနဲ့ ဂျော်ဂျင်ဟို ဟာ ကလပ်နဲ့ နိုင်ငံ အသင်း အောင်မြင်မှုမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့တယ်လို့ သူ မယုံကြည်ကြောင်း ဝေဖန်ခဲ့ပါတယ် ။

BT Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ဖာဒီနန် က ” ဂျော်ဂျင်ဟိုကို ဒီစာရင်းမှာ ပါဝင်ခဲ့တာက ကျွန်တော့ကို ဇဝေဇဝါ ဖြစ်စေပါတယ် ။ သူဟာ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမား မဟုတ်သလို ၊ အီတလီ လက်ရွေးစင် အသင်းမှာ ပထမဆုံး နာမည် အခေါ်ခံရလောက်အောင် အထိ အရေးကြီးတဲ့ ကစားသမားလည်း မဟုတ်ပြန်ပါဘူး ။ ”

” နားထောင် ၊ သူဟာ အရမ်း အရမ်း ကောင်းတဲ့ ကစားသမား တယောက် ဆိုတာ မှန်ပါတယ် ။ ကျွန်တော်ကလည်း သူ့ကို မလေးမစား လုပ်တဲ့ သဘောနဲ့ ဝေဖန်နေတာ မဟုတ်ပါဘူး ။ ဒါပေမယ့် အရည်အချင်း အဆင့်အတန်း မတူတဲ့ တဦးချင်း ဆုပေးပွဲမှာ သူ ပါဝင် အရွေးခံရဖို့ ကျွန်တော် ဘယ်လိုမှ မမြင်ခဲ့တာပါ ။ ”

” ပြီးခဲ့တဲ့ ရာသီ ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ် ပြေးလမ်းကြောင်းကို ကြည့်ရင် ၊ ဂျော်ဂျင်ဟိုထက် အန်ဂိုလို ကန်တေကတောင် နောက်ဆုံး အဆင့် ၆ပွဲမှာ ၅ပွဲ အထိ Man of the Match ဆုကို ရခဲ့ပါသေးတယ် ။ ဒီတော့ Ballon D’Or ဆန်ခါတင် စာရင်းမှာ ဂျော်ဂျင်ဟို ပါဝင်ခဲ့တာက ကျွန်တော့ကို ဇဝေဇဝါ ဖြစ်စေပါတယ် ။ ”

” သူဟာ ဆုဖလားကြီး ၂ခု ဆွတ်ခူးနိုင်ခဲ့တာကို ကျွန်တော် နားလည်ပါတယ် ။ ဒါပေမယ့် တဦးချင်း အရ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ တခြား ကစားသမား ၄ဦးနဲ့ စင်ပြိုင် အရွေးခံခဲ့ရတာတော့ ကျွန်တော့ အတွက် အဓိပ္ပာယ် မရှိဘူးလို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဒါ့အပြင် ဖာဒီနန် က ဒီနှစ် Ballon D’Or ဆု အတွက် လီဝမ်ဒေါစကီးသာ အထိုက်တန်ဆုံး ဖြစ်ကြောင်းကို ” ဒီနှစ်တော့ လီဝမ်ဒေါစကီး ရသင့်တယ်လို့ ထင်ပါတယ် ။ ၃၈ပွဲ ကစား ၊ ၅၆ ဂိုး သွင်းထားတဲ့ မှတ်တမ်း က ရူးလောက်စရာပါ ။ ဒါဟာ အထွတ်အထိပ် စွမ်းဆောင်ရည် ရထားတဲ့ ခရစ်တီယာနို ရော်နယ်ဒို ၊ လီယွန်နယ် မက်ဆီ အဆင့်အတန်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR