Ballon D’Or ဆန်ခါတင် စာရင်းမှာ မပါဝင်ခဲ့လို့ ဒေါသမထွက်ခဲ့သလို ၊ သဘောထား ကြီးကြောင်း ပြသခဲ့တဲ့ အက်ဒိုဝါ့ဒ် မန်ဒီ

၂၀၂၁ ခုနှစ် အတွက် Ballon D’Or ဆု အတွက် ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းမှာ ချန်ပီယံလိဂ် ချန်ပီယံ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းတို့က ကစားသမား ၅ဦးစီနဲ့ အရေအတွက် အများဆုံး အဖြစ် ပါဝင် ရွေးချယ်ခံခဲ့ရပါတယ် ။

ထို ဆန်ခါတင် စာရင်းမှာ ပရီးမီးယားလိဂ် ကြယ်ပွင့် အများစု လွှမ်းမိုးခဲ့ပြီး ၊ နာမည်ကျော် စူပါစတားတွေလည်း စုံစုံလင်လင် ပါဝင်ခဲ့ကြပါတယ် ။ သို့ပေမယ့် အချို့သော ဆန်ခါတင် ကစားသမား ရွေးချယ်မှုတွေက အငြင်းပွားဖွယ်ရာ ရှိနေပြီး ၊ ဆန်ခါတင် ဖြစ်လာဖို့ မထိုက်တန်ဘူးလို့ ယူဆနေတာတွေလည်း ရှိနေပါတယ် ။

၂၀၂၁ ခုနှစ် အတွင်းမှာ အသင်းလိုက် အောင်မြင်မှုမှာရော ၊ တဦးချင်း စွမ်းဆောင်ရည်မှာပါ မြင့်မားပေမယ့် ၊ Ballon D’Or ဆန်ခါတင် စာရင်းကို လွဲချော်ခဲ့တဲ့ အထဲမှာ ချဲလ်ဆီး အသင်းရဲ့ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

မန်ဒီ ဟာ ၂၀၂၁ ခုနှစ် အတွင်းမှာ ချဲလ်ဆီး အသင်းနဲ့ အတူ Clean Sheet များစွာ စွမ်းဆောင်ပေးခဲ့ပြီး ၊ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် Clean Sheet အများဆုံး ဂိုးသမား ဖြစ်ခဲသလို ၊ အာဖရိက သမိုင်းမှာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့တဲ့ ပထမဆုံး ဂိုးသမား အဖြစ်လည်း မှတ်တမ်း ဝင်ထားပါတယ် ။

သို့ပေမယ့် ယင်း Ballon D’Or ဆန်ခါတင် အယောက် ၃၀ စာရင်း မှာတော့ ဂိုးသမား ဆိုလို အီတလီ လက်ရွေးစင် အသင်းနဲ့ အတူ ယူရို ၂၀၂၀ မှာ အထူး လက်စွမ်းပြခဲ့တဲ့ ပီအက်စ်ဂျီ ဂိုးသမား ဂျီယန်လူဂျီ ဒွန်နာရမ်မာ တဦးတည်းသာ ပါဝင်နေပါတယ် ။

ဒီရာသီ ပရီးမီးယားလိဂ်မှာ Clean Sheet ၆ကြိမ်နဲ့ အရေအတွက် အများဆုံး ရထားတဲ့ မန်ဒီ ကတော့ ၂၀၂၁ ခုနှစ် အတွက် Ballon D’Or ဆန်ခါတင် စာရင်းမှာ သူ မပါဝင်ခဲ့လို့ စိတ်မပျက်မိကြောင်းနဲ့ ဒါဟာ ၄င်းကို ဒီထက် ပိုပြီး ကြိုးစားအောင် လှုံ့ဆော်သလို ဖြစ်စေကြောင်း အခုလိုပဲ ဖွင့်ဟ ပြောဆိုခဲ့ပါတယ် ။

Canal Plus နဲ့ တွေ့ဆုံခဲ့ရာမှာ မန်ဒီ က ” ခင်ဗျားတို့ အားလုံး က ကျွန်တော် Ballon D’Or ဆန်ခါတင် စာရင်းမှာ မပါတဲ့အတွက် အံ့သြနေကြမှာ ဖြစ်ပေမယ့် ၊ ကျွန်တော် ကတော့ ဒါကို ပိုလို့တောင် ကျေနပ်ပါသေးတယ် ။ ဒါဟာ ကျွန်တော့ကို ဒီထက် ပိုကြိုးစားအောင် လှုံ့ဆောင်နေပြီး ၊ တွန်းအားပေးသလို ဖြစ်စေပါတယ် ။ ”

” အရိုးသားဆုံး ပြောရရင် ကျွန်တော် ဟာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို မေးခဲ့ဖူးတာလေး ရှိပါတယ် ။ အကယ်၍ ကျွန်တော်သာ ပြင်သစ် အသင်းနဲ့ အတူ ယူရိုမှာ ကစားခဲ့ရတယ် ဆိုရင် ဒီလို အသံတွေ ထွက်လာစရာ အကြောင်း ရှိပါ့မလား ဆိုတာပေါ့ ။ ”

” ဒီတော့ ကျွန်တော် ဒါကို တရားမမျှတဘူး လို့ ယူဆသလား ။ ဒီလို စကားလုံးမျိုး ကျွန်တော် မသုံးချင်ပါဘူး ။ နောက်ဆုံး တခေါက် international break အပြီးတုန်းက ကျွန်တော် ပြောခဲ့သလို ၊ ဒါဟာ ဂျာနယ်လစ်တွေရဲ့ လွတ်လပ်တဲ့ အမြင်နဲ့ မဲပေးထားတာ ဖြစ်ပြီး ၊ ဒါကို သူတို့ သိက္ခာရှိရှိ ပေးပြီးမှ ရွေးချယ်ထားတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Ballon D’Or ဆန်ခါတင် အယောက် ၃၀ စာရင်းမှာ မပါဝင်ခဲ့ပေမယ့် ၊ မန်ဒီ ဟာ ဥရောပရဲ့ တနှစ်တာ အကောင်းဆုံး ဂိုးသမားဆု ကို ဆွတ်ခူးထားသလို ၊ France Football မှ ချီးမြှင့်မယ့် ဂိုးသမားတွေ အတွက် ရည်ရွယ်တဲ့ Yachine’s Trophy အတွက် ဆန်ခါတင် စာရင်းမှာလည်း ပါဝင်နေပါတယ် ။

SPORTS MYANMAR