Ballon D’Or ဆန်ခါတင် ကြယ်ပွင့် တဦးဟာ ကစားသမား ဘဝ သူ ရင်ဆိုင်ခဲ့ဖူးသမျှ အခက်ခဲဆုံး ပြိုင်ဖက် ဖြစ်ကြောင်း ထုတ်ဖော်လိုက်တဲ့ ကန်တေ

ချဲလ်ဆီး အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ ပြီးခဲ့တဲ့ ရာသီ ၄င်းရဲ့ ကစားသမား ဘဝ ပထမဆုံး ချန်ပီယံလိဂ် ဖလား ကို ဆွတ်ခူးခဲ့ပြီး ၊ ထိုပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှ ဗိုလ်လုပွဲ တလျှောက် Man of the Match ဆု ကို ၄ကြိမ် အထိ ရရှိခဲ့သည် အထိ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ် ။

ဒီအတွက်ကြောင့် ကန်တေ ဟာ ၂၀၂၁ ခုနှစ်ရဲ့ ဥရောပ အကောင်းဆုံး ကွင်းလယ်လူဆု ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့သလို ၊ ၂၀၂၁ ခုနှစ် အတွက် Ballon D’Or ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းမှာလည်း ပါဝင် ရွေးချယ်ခံထားရပါတယ် ။

ကစားသမား ဘဝမှာ ကလပ်နဲ့ရော ၊ နိုင်ငံ အသင်းနဲ့ပါ အမြင့်မားဆုံး အောင်မြင်မှု ရထားသလို ၊ ထိပ်တန်း ပြိုင်ပွဲစုံမှာ ပါဝင် ယှဉ်ပြိုင်ထားတာကြောင့် ၊ ကန်တေ ဟာ ဥရောပနဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား အချို့နဲ့လည်း အကြိမ်ရေ တော်တော်များများ ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးပါတယ် ။

ချဲလ်ဆီး ပရိသတ်တွေနဲ့ အမေးအဖြေ အစီအစဉ်မှာ ကစားသမား ဘဝ ရင်ဆိုင်ခဲ့ဖူးသမျှ အခက်ခဲဆုံး ပြိုင်ဖက် ကစားသမား က ဘယ်သူလဲ ဆိုပြီး အမေးခံခဲ့ရာ ၊ ကန်တေ က Ballon D’Or ၆ ကြိမ် ဆွတ်ခူးထားတဲ့ ၊ ၂၀၂၁ ခုနှစ် အတွက်လည်း Ballon D’Or ဆန်ခါတင် စာရင်းမှာ ပါဝင်နေတဲ့ အာဂျင်တီးနား စူပါစတား လီယွန်နယ် မက်ဆီ ဟာ သူ ရင်ဆိုင်ဖူးသမျှ အခက်ခဲဆုံး ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

 

ကန်တေ က ” လီယွန်နယ် မက်ဆီပါ ။ ကျွန်တော်တို့ဟာ နူးကမ့်မှာတုန်းက သူ့ကို ရင်ဆိုင်ခဲ့ရပြီး ၊ အဲဒီတုန်းက သူ အတော်လေး ခြေစွမ်းပြခဲ့ပါတယ် ။ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာလည်း သူ ၃ဂိုး သွင်းယူခဲ့ပါတယ် ။ ”

” သူနဲ့ ရင်ဆိုင်ရတာ ကျွန်တော့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တခု ဖြစ်ခဲ့ပါတယ် ။ တကယ်လည်း သူ့ကို တားဆီးဖို့ ခက်ခဲခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ကန်တေ ဟာ ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ခဲ့တဲ့ ပွဲတွေမှာ မက်ဆီကို ရင်ဆိုင်ခဲ့ရုံမက ၊ ၂၀၁၈ ကမ္ဘာ့ဖလား ၁၆ သင်း အဆင့်မှာလည်း ရင်ဆိုင်ခဲ့ရဖူးပါတယ် ။

၂၀၁၆ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ ကန်တေ ဟာ လက်စတာ အသင်းကနေ ချဲလ်ဆီး အသင်းသို့ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီးနောက် ၊ ၅နှစ်တာ ကာလ အတွင်း ကွင်းလယ် ခံစစ် ကစားသမား အနေနဲ့ ဂိုးအနည်းငယ်သာ သွင်းယူခဲ့ဖူးပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၄ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှ ချဲလ်ဆီး အတွက် ပထမဆုံး သွင်းဂိုး ဟာ သူ့ရဲ့ အနှစ်သက်ဆုံး သွင်းဂိုး ဖြစ်ကြောင်းကို ကန်တေ က အခုလိုပဲ ဆက်လက် ဖွင့်ဟခဲ့ပါတယ် ။

ကန်တေ က ” မန်ယူနိုက်တက်ဖက်ကို သွင်းခဲ့တဲ့ ကျွန်တော့ရဲ့ ပထမဆုံး သွင်းဂိုး ဟာ အနှစ်သက်ဆုံးဂိုး ဖြစ်တယ်လို့ ပြောရဦးမှာပါပဲ ။ အဲဒီပွဲမှာ ကျွန်တော်တို့ ၄ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ၊ ဂိုးလည်း လှပခဲ့ပါတယ် ။ နောက်ပြီး ဒီဂိုး က အသင်း အတွက် အရေးပါခဲ့တဲ့ ဂိုးတဂိုး ဖြစ်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ကန်တေ က လက်ရှိ ချဲလ်ဆီး အသင်းမှာ အစအနောက် အသန်ဆုံး ကစားသမား ဟာ ဂျော်ဂျင်ဟို ဖြစ်ကြောင်းကို ” ဂျော်ဂျီ ဟာ အချိန်တိုင်း ရယ်ရယ်မောမော နေတတ်ပြီး ၊ ဒါဟာ အဝတ်လဲခန်း ကို ကောင်းမွန်တဲ့ အငွေ့အသက်တွေ ယူဆောင်ပေးပါတယ် ။ ”

” ကွင်းတွင်းမှာ သူနဲ့ တွဲကစားရတာလည်း ကျွန်တော် ကြိုက်ပါတယ် ။ ဒီလို ပျော်ပျော်နေတတ်တဲ့ အသင်းသား တဦး ရှိနေတာ ကျန်တဲ့ သူတွေ အတွက်လည်း အလုပ်လုပ် ၊ ချိတ်ဆက်ရ အဆင်ပြေပါတယ် ။ ဒါကလည်း ကွင်းလယ် အတွဲညီမှုကို တဖက်တလမ်း က ကူညီပေးတယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR